မော်လမြိုင်မြို့တွင် ဆောက်လုပ်ထားသော နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိပြီးဖြစ်သည့် ရတနာဘုံမြင့် ကျောင်းတော်ကြီးကို ပြန်လည် ထိန်းသိမ်းရန် ပြည်နယ်အစိုးရ အဖွဲ့မှ စီစဉ်နေကြောင်း မွန်ပြည်နယ် ရှေးဟောင်း သုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ပြောကြားသည်။

“ရတနာဘုံမြင့် ကျောင်းကို ဒီနှစ်အတွင်းမှာ ပြင်သွားဖို့ ရှိတယ်၊ အဲကျောင်းကို ပြင်ဖို့ ကျွန်တော်တို့ ဌာနက နည်းပညာ အကူအညီပေးပြီး ပြင်သွားဖို့ ရှိတယ်”ဟု ၎င်းက ဆိုသည်။

ကျောင်းတော်ကြီးအား ပြန်လည် ပြုပြင် ထိန်းသိမ်းရန်အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ အပါအဝင် ပြည်နယ်အစိုးရအဖွဲ့က သွားရောက် ကြည့်ရှု့ထားပြီး၊ ပြင်ဆင်မည့် အပိုင်းများကို ဆွေးနွေးလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ကျောင်းတော်ကြီးကို ခေတ်အဆက်ဆက် ကျောင်းထိုင်ဘုန်းကြီးများက ပြန်လည် ပြုပြင် ထိန်းသိမ်းခဲ့သော်လည်း မူလလက်ရာများသည် ကျောင်း၏ အတွင်းပိုင်းများတွင်သာ ကျန်ရှိတော့ကြောင်း ၎င်းက ပြောသည်။

သာသနိက အဆောက်အဦးများကို ပြန်လည် ထိန်းသိမ်းရာတွင် အလှူရှင်က နိုင်ငံတော်ကို အဆောက်အဦ လှူဒါန်းမှသာ ပြုပြင်ခွင့် ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ဒီကျောင်းကြီးကို ပြုပြင်သင့်တာ ကြာပြီး၊ ကျောင်းကြီးရဲ့ မူလ လက်ရာတွေက အခုဆိုရင် တော်တော်လေး ပျက်ဆီးနေပြီး”ဟု မော်လမြိုင်မြို့မှ ဦးကြည်အောင်က ဆိုသည်။

ရတနာဘုံမြင့် ကျောင်းတော်ကြီးအား ဝန်ကြီးချုပ် ဦးမင်းမင်းဦး လက်ထက်က ပြန်လည် ပြုပြင် ထိန်းသိမ်းရန် အစီစဉ် ရှိ မရှိ ကို မွန်ပြည်နယ် လွှတ်တော်တွင် သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မေးခွန်းမေးမြန်းခဲ့သော်လည်း အစီအစဉ် မရှိသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြန်လည် ဖြေကြားခဲ့သည်။

Leave a Reply