မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃ ။ ။ မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီ လ ၁၀ ရက်နှင့် ၁၁ ရက်နေ့ အတွင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၈ ပြားကို ဖမ်းဆီး ရမိခဲ့သည်ဟု မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်ထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်၊ ထန်းပင်ကုန်းရပ်ရှိ ဦးထွန်း (ခ) ထိပ်တင်ထွန်း နေအိမ်ကို မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်က ဝင်ရောက်ရှာဖွေရာ နေအိမ် အနောက်ဘက်ရှိ အမျိုးသမီးများ ဝတ်ဆင်သည့် လုံချည်လှန်းသည့် တန်းပေါ်မှ ပလတ်စတစ်အိတ်အတွင်း ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၉၅ ပြား ဖမ်းဆီးရမိခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်တွင် မူးယစ်ဆေးဝါး သတင်းအရ ဒေါ်တင်သူဇာဝင်း နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်း အိပ်သည့် အိပ်ရာခေါင်းရင်းဘေး ပလပ်စတစ်ဗူးအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဒေါ်တင်သူဇာဝင်းထံမှ သိ်မ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများသည် ဖေဖော်ဝါရီ ၁၀ ရက်က မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်မှ ဦးပြည့်ဝေယံဖြိုး (ခ) စန်းယုက ရောင်းချခဲ့ခြင်း ဖြစ်ပြီး ကိုယ်တိုင် လာရောက် ပို့ဆောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ သည်ဟု မူးယစ်တပ်ဖွဲ့စု (၃၈) ၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ ဖြစ်စဉ်အရ မော်လမြိုင်၊ လှိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ် ဦးပြည့်ဝေယံဖြိုး နေအိမ်တွင် သွားရောက် ရှာဖွေရာ ၎င်းနှင့် အတူ ဦးကျော်စိုးမင်း(ခ) ဂိုက် ကို တွေ့ရှိခဲ့ပြီး အဆိုပါ နေအိမ် အတွင်း ရှိ ဂျင်းဘောင်းဘီရှည် အတွင်းမှ WY စာတန်းပါပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ဒေါ်တင်သူဇာဝင်း နှင့် မူးယစ်ဆေးဝါးရောင်းချပေးသူ ဦးပြည့်ဝေယံဖြိုးနှင့် ဦးကျော်စိုးမင်း(ခ) ဂိုက် တို့အား မယ(ပ) ၂ / ၂၀၁၆၊ မူး/ စိတ် ပုဒ်မ – ၁၅ /၁၆ (ဂ) / ၂၁ အရလည်းကောင်း၊ ဦးထွန်း (ခ) ထိပ်တင်ထွန်းအား မယ(ပ) ၂ / ၂၀၁၆၊ မူး/ စိတ် ပုဒ်မ – ၁၅ / ၁၉ (က) အရ အရေးယူထားကြောင်း မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်ထံမှ သိရသည်။

Written by –

Leave a Reply