Advertisements

မော်လမြိုင်၊ ဇွန်

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၁၃) လမ်းတွင် နေအိမ်ပေါ်တက်၊ ပစ္စည်းခိုးယူကာ အဒေါ်တော်စပ်သူနှင့် ဝမ်းကွဲ အစ်ကိုတို့ နှစ်ဦးကို ရိုက်သတ်ခဲ့သော မျိုးနိုင် (ခ) ကာစင်ကို ဇွန် ၂၀ ရက်နေ့၌ မွန်ပြည်နယ်လွှတ်တော်တရားရုံး ကသေဒဏ်အမိန့်ချမှတ်ခဲ့သည်။

“ဒီအမှု အမိန့်ချတာနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်ဥပဒေက ပြင်ဆင်ချက် တက်လို့ တရားလွှတ်တော်ကနေပြီး ပြန်စိစစ်တယ်။ ပြန်စိစစ်ပြီးတော့ လွှတ်တေ်ာ တရားသူကြီးက သေဒဏ်ပြင်ဆင်ချမှတ်ခဲ့တာဖြစ်တယ်” ဟု ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ကြည်ကြည် စိမ်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

၂၀၁၆ ခု၊ ဇူလိုင် ၃၀ ရက်၊ ညသန်းခေါင်က ယင်းရပ်ကွက်နေ ဒေါ်ခင်ရွှေ၊ ဦးမျိုးလွင်တို့ နှစ်ဦးကို တုတ်ဖြင့် ရိုက်သတ်ခဲ့ပြီး မဆုစန္ဒီကို ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သူ မျိုးနိုင် (ခ) ကာစင်ကို မော်လမြိုင်ခရိုင် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။ ယင်းကို ပြည်နယ်တရားလွှတ်တော်က သေဒဏ်အမိန့် ပြင်ဆင်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ကြည်ကြည်စိမ်းက ပြောသည်။

“ပထမဦးဆုံး အောက်ရုံး (ခရိုင်တရားရုံး) က အမိန့်ချတာက ၃၀၂ (၁) (ဂ) အရ လူငယ်တရားခံဆိုပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်၊ ၃၂၅ အရ ထောင်ဒဏ် ၅ နှစ်၊ ၄၅၇ အရ ထောင်ဒဏ် ၅ နှစ်ကို တစ်ပေါင်းတည်း ကျခံစေရန် ၂၀၁၇ ခုနှစ် သြဂုတ် ၃၁ ရက်နေ့က အမိန့်ချမှတ်ခဲ့တယ်”၎င်းကဆိုသည်။

သေဆုံးသူ ဦးမျိုးလွင်၏သမီးဖြစ်သူ မဆုစန္ဒီ၏ထွက်ဆိုချက်အရ အခင်းဖြစ်ပွားသည့် ညဉ့် ၂ နာရီခန့်က နေအိမ်၌အိပ်ပျော်နေစဉ် အော်သံကြားသဖြင့် လန့်နိုးပြီး ထကြည့်ခဲ့ကြောင်း၊ အသက် ၃၀ နှစ်ခန့် အရွယ် အမျိုးသားတစ်ဦး (တရားခံ မျိုးနိုင်) က တုတ်ကိုင်လျက် အဘွားဖြစ်သူ ဒေါ်ခင်ရွှေကို ရိုက်နှက်နေသည်ကို တွေ့ခဲ့ရကြောင်း၊ “ကယ်ကြပါဦး”ဟု မဆုစန္ဒီက အော်ဟစ်အကူအညီတောင်းစဉ် ၎င်းအမျိုးသားက ကိုင်ထားသော တုတ်ဖြင့် လေးငါးချက် ဆက်တိုက် ရိုက်သဖြင့် အသံမထွက်ရဲတော့ဘဲ မေ့ချင်ယောင် ဆောင်နေခဲ့ကြောင်း ထွက်ဆိုသည်ဟု ရဲစစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

မျိုးနိုင် (ခ) ကာစင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၂) အရ ထောင်ဒဏ် ၂၀ နှစ်၊ ၃၀၂ (၁) (ဂ) အရ သေဒဏ်၊ ဥပဒေပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၅ နှစ်နှင့် ဥပဒေပုဒ်မ ၄၅၇ အရ ထောင်ဒဏ် ၅ နှစ် ကျခံစေရန် မွန်ပြည်နယ်တရားလွှတ်တော်က ပြင်ဆင်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

Written by ခေတ်မင်း(ပျားအုံ)

Advertisements
<

Leave a Reply