နှစ်သစ်မှာ အစိုးရထံက မျှော်လင့်ထားတဲ့အရာ

(Vox Pop)

+++++++++

၂၀၁၈ နှစ်ဟောင်း ကုန်ဆုံးပြီ၊ မွန်ပြည်နယ်အစိုးရသည် ၂၀၁၈ အတွင်း လမ်းတံတား စသည့် စီမံကိန်း အချို့ကို ပြည်သူနှစ်ခြိုက်စေရန် လုပ်ဆောင်နိုင်ခဲ့သည်။ လာမည့် ၂၀၁၉ တွင် အများပြည်သူများက အစိုးရထံမှ ဘာများ မျှော်လင့်ထားကြပါသလဲ။

ဦးကြည်ဇော်လွင်
နိုင်ငံရေး လေ့လာသူ

ကိုကြည်ဇော်လွင်

သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်ကာကွယ်တဲ့ဟာတွေ အစိုးရက ပိုပြီးလုပ်ပေးနိုင်မယ်လို့ထင်တယ်။ မွန်ပြည်နယ်ပေါ့။ သဘာဝ ဘေးအန္တရာယ်တုံ့ပြန်မှုမှာ ပိုပြီးတော့ စနစ်ကျလာမယ်။ ရန်ပုံငွေသုံးစွဲမှုလည်း ပိုမိုမြင့်မားလာမယ်။ ကြိုတင်ကာကွယ်မှုအပိုင်းကိုလည်း သေချာပြင်ဆင်လာနိုင်မယ်လို့ထင်တယ်။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်ပြီးတော့ စီမံချက်ကောင်းကောင်းတော့ အစိုးရမှာရှိတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖော်တဲ့အခါမှာ ဘယ်လိုပုံစံမျိုးနှင့် အကောင်အထည်ဖော်နေလဲ လူထုက သိရတာ အားနည်းတယ်။ အဲဒီအတွက် ရန်ပုံငွေ ဘယ်လိုသုံးစွဲနေလဲ။ ရန်ပုံငွေ ဘယ်လိုရလဲ ဘယ်လိုပြင်ဆင်လဲ။ ဒီလိုမျိုး ပြဿနာတွေကို ကာကွယ်ဖို့အတွက် အစိုးရက ဘယ်လို စီမံချက်ချထားလဲ ကျွန်တော်တို့ သေချာမသိဘူး။

လုပ်သင့်တယ်ဆိုတဲ့အပိုင်းက စည်ပင်ရွေးကောက်ပွဲ လုပ်ပေးသင့်တယ်။ မဟုတ်ရင် စည်ပင်ဥပဒေနှင့် လွဲမှားတဲ့ အုပ်ချုပ်ပုံဖြစ်နေမယ်၊ ဒီရွေးကောက်ပွဲမလုပ်ဘူးဆိုရင်။ အဲဒါလေးကတော့ လုပ်သင့်တယ်ဆိုတဲ့ အကြောင်းအရာပေါ့။

ကိုအောင်နိုင်ဝင်း
ရေးမြို့ ဒေသခံ။

ဦးအောင်နိုင်ဝင်း

၂ဝ၁၉ မှာ ဘာတွေမျှော်လင့်လဲဆိုတာ မပြောခင် လက်ရှိအစိုးရကာလ ၂ နှစ်ခွဲကျော် ၃ နှစ်အတွင်းမှာ ရခဲ့တာလေးကို သုံးသပ်ချင်တာက ပွင့်ပွင့်လင်းလင်းပြောရရင် အပြောင်းအလဲကို မျှော်လင့်ပြီးတော့မှ NLD အစိုးရကို မဲပေးခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်သလောက်မရခဲ့ဘူး။ အထူးသဖြင့် ပြည်ထောင်စု အစိုးရဆီက ထားဦးတော့။ မွန်ပြည်နယ်အစိုးရဆိုလို့ရှိရင် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကာလမှာလည်း မြေစမ်းခရမ်းပျိုးပြီးတော့ ဘာတစ်ခုမှ စနစ်တကျ ဆောင်ရွက်သွားတာ မရှိသလို လက်ရှိဝန်ကြီးချုပ် ဒေါက်တာအေးဇံလက်ထက်မှာလည်း ဦးမင်းမင်းဦးထက် ပိုပြီးမျှော်လင့်ခဲ့တယ်။ သူ့လက်ထက်မှာလည်း ပွင့်ပွင့်လင်းလင်းပြောရရင် ပိုပြီးဆိုးသွားတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ ဘာလို့ဒီလိုသုံးသပ်လဲဆိုတော့ သူလုပ်သွားတဲ့ Infrastructure (လူထုအတွက် အခြေခံလိုအပ်ချက်) အပိုင်းတွေ၊ စီမံကိန်းအပိုင်းတွေ သူနှုတ်ကနေ ကတိပေးပြီးတက်လာတဲ့ဟာတွေက တစ်ခုမှ အကောင်အထည်ဖော်ပေးတာ မတွေ့ရဘူး။ အထူးသဖြင့် ကျွန်တော်တို့ ရေးမြို့နယ်မှာပေါ့နော်။ ၂ဝ၁၉ မှာ ဘာတွေ မျှော်လင့်လဲဆိုရင် ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ ယခုထက်ပိုပြီးကောင်းမွန်ဖို့ ဖြစ်စေချင်တယ်။ အုပ်ချုပ်ရေးယန္တရားတွေ ပိုမိုကောင်းမွန်ဖို့။ ပြည်သူ့အသံကို နားထောင်ပြီးတော့မှ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့အပိုင်းမှာ တကယ်လိုအပ်တဲ့နေရာတွေကို စနစ်တကျ ဖြည့်ဆည်းပေးဖို့။ ခုဖြစ်နေတာက တချို့နေရာတွေမှာ လက်သာရာကိုပဲ ဆောင်ရွက်သွားတယ်လို့ သုံးသပ်ချင်တယ်။ အခြေခံ အဆောက်အအုံပိုင်း၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးယန္တရား၊ တရားဥပဒေစိုးမိုးရေး ဒီအပိုင်းတွေအားလုံးကို အမှန်တကယ် လိုအပ်တဲ့နေရာမှာ အမှန်တကယ်လိုအပ်ချက်နှင့် ကိုက်ညီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။ ဒါကို ဖြစ်စေချင်တာပေါ့နော်။ ရေးမြို့နယ်လိုမျိုး လျှပ်စစ်မီးမရတဲ့အပိုင်းတွေကို အတတ်နိုင်ဆုံး အမြန်ဆုံးရအောင် ဖြည့်ဆည်းပေးဖို့ မျှော်လင့်တယ်။ မပေးနိုင်သေးလို့ရှိရင်လည်း မီးလင်းရေးကော်မတီနှင့် ဆောင်ရွက်တဲ့နေရာမှာ အသက်သာဆုံးဈေးနှုန်းနှင့်ဖြစ်အောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်။ နောက်တစ်ခုက လမ်းပိုင်း။ ပြည်နယ်အစိုးရရုံးစိုက်ရာ မော်လမြိုင်နှင့် ချိတ်ဆက်တဲ့ မြို့တိုင်းဟာ အားလုံးနီးပါး နိုင်လွန်ကတ္တရာဖြစ်သွားပြီ။ ကျွန်တော်တို့ ရေးမြို့နယ်ဆိုရင် နိုင်လွန်ကတ္တရာ မဖြစ်သေးဘူး။ ကျန်တဲ့အပိုင်းတွေကို လာမယ့် ၂ဝ၁၉ မှာ ပြီးစီးအောင် ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်တယ်။ ယခင်က ကာကွယ်ရေးဦးစီးချုပ်လက်အောက်မှာရှိလို့ ကွပ်ကဲလို့ မရဘူးလို့ပြောတယ်။ ခုအရပ်သားဝန်ကြီးဌာနအောက်ကို ရောက်ပြီဖြစ်တဲ့အတွက် စီမံခွင့်ရတဲ့အပေါ်မှာ အမှန်တကယ်ပြည်သူတွေ လိုအပ်တဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးတဲ့ ပြည်သူ့ဝန်ထမ်းတွေဖြစ်အောင် လုပ်ဆောင်ပေးစေချင်တဲ့ ဆန္ဒရှိတယ်။ ဖြစ်အောင်လည်း တိုက်တွန်းချင်ပါတယ်။

ဦးမောင်မောင်ဇော်ထွန်း
ရပ်မိရပ်ဖ၊ မော်လမြိုင်။


လက်ရှိ NLD အစိုးရက ရွေးကောက်ပွဲ ကြေညာစာတမ်းမှာပါတဲ့ဟာတွေကို ပီပီပြင်ပြင်လုပ်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အဓိက သုံးခုက ငြိမ်းချမ်းရေးရယ်၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးရယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးရယ်ပေါ့။ အဲဒါတွေက ခုလက်ရှိ သုံးနှစ်တာကာလမှာလုပ်တာ သိပ်စိတ်ကျေနပ်ဖွယ်မရှိဘူးလို့ထင်တယ်။ ၂ဝ၁၉ မှာ ခုလက်ရှိအခြေအနေထက် ပိုပြီးတော့ ပီပီပြင်ပြင်ဖြစ်အောင် လုပ်ပေးနိုင်ရင် အဲဒါလေးတွေ မျှော်လင့်တာပေါ့။ ဥပမာပြရမယ်ဆိုရင် သူတို့က အဝေးပြေးကားဂိတ်က ကားတွေလိုပဲ။ ခဏနေထွက်တော့မယ် ဆိုတဲ့ဟာမျိုးပဲ။ လူတွေက တစ်ခါတည်း အောက်ကနေ ကားပေါ်တက်လိုက်။ ပြီးတဲ့အခါ ဒရိုင်ဘာက ဟိုလူကျန်သေးလို့ဆိုပြီး တစ်ခါရပ်သွားလိုက် အဲလိုဖြစ်နေတယ်။ တကယ်တမ်းကျ ထွက်မယ်ထွက်မယ်ဆိုတဲ့ကားက မထွက်နိုင်သေးဘူး လုပ်တဲ့အခါမှာ အန်ကယ်တို့ရဲ့ စိတ်ခံစားမှုက အဲလိုပဲ ဖြစ်နေတယ်။ ထွက်မယ်ဆိုလည်း ထွက်ပါတော့လား။ မထွက်ဘူးဆိုလည်း မထွက်ဘူးပြောပေါ့။ ပြောချင်တာကတော့ ပြည်သူတွေကို အလေးအနက်ထားဖို့လိုပါတယ်။ သူတို့တွေဟာ ခုချိန်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးဖို့ ကိုယ့်ရဲ့အတ္တအကျိုးစီးပွားကို ရှေ့တန်းမတင်ဖို့ အရေးကြီးပါတယ်။

ဦးခင်မောင်ဦး
တက္ကစီမောင်းသူ၊ မော်လမြိုင်။

ကျွန်တော်တို့ကတော့ မျှော်လင့်ချက်မရှိဘူး။ တစ်နေ့ဘယ်လောက်ရလဲ ရတဲ့ငွေကို ချိန်ပြီးသုံးရမယ် အဲလောက်ပဲ။ အားလည်းမကိုးဘူးလေ ဘယ်သူ့ကိုမှ။ ကြာပြီဟာ ဘယ်အစိုးရလက်ထက်ကတည်းက ဒီလိုပဲလုပ်နေတာ။ ကျွန်တော်တို့အတွက် အဆင်ပြေဖို့က စားဝတ်နေရေးပဲ။ ကုန်ဈေးနှုန်းတွေ ကျသွားရင် ရတဲ့ပိုက်ဆံလေးကို လုံလုံလောက်လောက်သုံးလို့ရတယ်။ ခုက ကုန်ဈေးနှုန်းတွေကြီးတော့ ရတဲ့ပိုက်ဆံနှင့် မကာမိတော့ ကြိုးစားပြီးရှာနေတာပဲ။ မနက်လေးနာရီထပြီး ညရှစ်နာရီထိ ရှစ်ထောင်ကိုးထောင် ရတဲ့နေ့ ရတယ်။ မရတဲ့နေ့က လေးငါးထောင်ပဲရတယ်။ အဲဒါပဲ။

ဦးဇော်မြင့်ဦး
လက်ဖက်ရည်ဆိုင်ရှင်၊ မော်လမြိုင်။

ဘာမှလည်း မမျှော်လင့်ချင်တော့ဘူး။ ဘာမှလည်း မျှော်လင့်လို့မှ မရတာ။ အရင်တုန်းက ဆိုက်ကားနင်းလိုက်၊ တက္ကစီလေးမောင်းလိုက် အခုမှ ဘန်ကောက်သွားပြီး ပြန်လာလို့ အဆင်ပြေတော့ လက်ဖက်ရည်ဆိုင်ဖွင့်တာ။ ကျန်တာတော့ ဘာမှမပြောလိုတော့ပါဘူး။ ပြောချင်တာတော့ အများကြီးပဲ။ ဒါပေမဲ့ ပြောမတတ်ဘူး။ အဓိကက ကုန်ဈေးနှုန်းတွေကျရင် အောက်ခြေလူတန်းစားတွေ လုပ်စားကိုင်စားတာ အဆင်ပြေမှာပေါ့။ ကုန်ဈေးနှုန်းက တအားမြင့်တော့ တစ်နေ့ငါးထောင် ခြောက်ထောင်ရရင်တောင် မိသားစုတစ်ဝမ်း စားလို့မဝဘူး။

ဒေါ်ထားရီ
ကြက်သားလိပ်ကြော်ရောင်းသူ

အဒေါ်တို့က အဆင်မပြေတော့ ပိုက်ဆံတွေ ဘာတွေလိုချင်တာပေါ့။ ဒီမှာလည်း ကောလိပ်ကျောင်းသား တစ်ယောက်ရှိတယ်လေ။ အရင်းအနှီးလေး ဘာလေးပေါ့။ ချေးပေးတယ်ဆိုလည်း အတိုးနည်းနည်းနဲ့ပေါ့။ တစ်လတစ်ခါ အသွင်းလေးတွေ လိုချင်တာပေါ့နော်။ တစ်ခါတည်းကို ဆယ်သိန်းလောက် ထုတ်ပေးလိုက၊် တစ်လတစ်သိန်း အဲလိုပုံစံလေးပေါ့။ အဲလိုဆိုရင် ချေးထားငှားထားတာလေးတွေ အကြွေးလေးဆပ်လိုက်ရင် ကျေသွားမှာပေါ့နော်။ နေ့သွင်းတွေ နေ့ပြန်တိုးတွေ ဖြတ်လိုက်ရင် အဆင်ပြေသွားမလားလို့။ အတိုးများပေမယ့် အဆင်မပြေတဲ့အခါကျတော့လည်း ထုတ်ရတာပေါ့။ ချေးငွေအဖွဲ့အစည်းတွေကနေ ယူထားတာလည်းရှိတယ်။ အဖွဲ့တွေက နှစ်ဖွဲ့သုံးဖွဲ့ ဖြစ်နေတာလေ။ အမှန်တော့ တစ်ဖွဲ့တည်းယူဖို့ကောင်းပါတယ်။ ကျေရင်တော့ နားတော့မယ်။ တကယ်လို့ ဆယ်သိန်းတစ်ခါတည်း ပေးလိုက်ရင် ဒီရှိတဲ့ အကြွေးအမြီလေးတွေကို ဆပ်လိုက်ရင် အဆင်ပြေသွားမှာပေါ့။ စိတ်ကူးတာပေါ့နော်။

ဦးမျိုးဇော်
ဈေးသည်၊ မော်လမြိုင်။

ပြောရရင် လောလောဆယ် ကျွန်တော့်အမြင်ကတော့ ဘာမှကို လုပ်မပေးလောက်ဘူးလို့ ထင်ပါတယ်။ လုပ်မပေးနိုင်လောက်ဘူး ဆိုတာကလည်း ခုလို ထန်းသီးအုန်းသီးရောင်းတဲ့နေရာမှာ သူတို့အကူအညီ ဖြစ်မလာနိုင်လောက်ဘူးလို့ ယူဆပါတယ်။ မျှော်လင့်ထားသလောက် မရောက်လာဘူး။ ပွင့်ပွင့်လင်းလင်း မြင်မြင်ထင်ထင်နေရမယ်လို့ လူတွေက ယူဆချက်ရှိကြတာကိုး။ ဒါပေမဲ့ အဲ့လောက်ထိ မရောက်လာသေးဘူးလေ။ ပြည်သူလူထုကလည်း နည်းနည်းဆန္ဒစောတာလည်း ဖြစ်မှာပေါ့။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.