အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီးသည် အိန္ဒိယအရှေ့ပိုင်း ကမ်းခြေသို့ အင်ပြည့်အားပြည့် ဝင်ရောက်လာကာ မိုးရော လေရော ပြင်းထန်ပြီး လေတိုက်နူန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ နူန်းအထိ ရှိသည်။
ဆိုင်ကလုန်းဖာနီသည် အပြင်းထန်ဆုံးသော မုန်တိုင်းများအနက် တစ်ခုဖြစ်ကာ ဒေသစံတော်ချိန် မနက် ရှစ်နာရီကတည်းက ကုန်းတွင်းပိုင်းကို စဝင်လာခြင်း ဖြစ်သည်။
သြဒစ်ရှပြည်နယ် အရှေ့ပိုင်းကို အင်ပြည့်အားပြည့်လာနေသော မုန်တိုင်းဒဏ်မှ လွတ်ကင်းစေရန် လူတစ်သန်းကို အရေးပေါ် ရှောင်တိမ်းခိုင်းထားပြီး မုန်တိုင်းလမ်းကြောင်းတွင် လူသန်း ၁၀၀ ခန့် နေထိုင်လျက်ရှိသည်။
လက်ရှိသတင်းရေးသားနေချိန်အထိ သေဆုံးသူ ၂ ဦးအထိ ရှိနေပြီး ဆက်သွယ်ရေးများ ပြတ်တောက်မှု၊ လမ်းပန်းဆက်သွယ်ရေး ရပ်ဆိုင်းထားမှုများ ရှိနေသည်။
နေရာအတော်များများတွင် ရေကြီးရေလျှံသည့် သတင်းများ တက်နေပြီး မုန်တိုင်းဒီရေ ၅ပေအထိ တက်လာသဖြင့် မြေနိမ့်ဒေသများအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်နေသည်။
စနေနေ့တွင် အားပျော့သွားဖွယ်ရှိသော ယင်းမုန်တိုင်းသည် အိန္ဒိယ၏ အဆင်းရဲဆုံးသော ပြည်နယ်တစ်ခု ဖြစ်သည့် သြဒစ်ရှ မှ ခရိုင် ၁၅ ခုကို ဖြတ်တိုက်သွားမည် ဖြစ်သည်။
အဆိုပါ မုန်တိုင်းကြောင့် အိန္ဒိယစစ်တပ်ကို အမြင့်ဆုံး တပ်လှန့်ထားကာ စစ်သင်္ဘောများ၊ ရဟတ်ယာဉ်များကို ကယ်ဆယ်ရေး ပစ္စည်းများနဲ့အတူ အဆင်သင့် နေရာယူခိုင်းထားသည်။
အိန္ဒိယနိုင်ငံက လူတစ်သန်းခန့် ခိုလှုံနိုင်မည့် မုန်တိုင်းရှောင်အကာအရံများ တည်ဆောက်ထားကာ သဘာဝဘေးဒဏ်ကယ်ဆယ်ရေးတပ်ဖွဲ့များကိုလည်း အဆင်သင့် ပြင်ဆင်ထားသည်ဟု အာဏာပိုင်များက ဆိုသည်။
မုန်တိုင်းသည် ရိုဟင်ဂျာဒုက္ခသည်များ ရှိနေသော ဘင်္ဂလားဒေ့ရှ် စစ်တကောင်း ကောက်ဘဇားဘက်သို့လည်း ဦးတည်လျက်ရှိသည်။ ယင်းဒေသသို့ မုန်တိုင်းဝင်ချိန်တွင် မုန်တိုင်းက အားပျော့သွားပြီ ဖြစ်သော်လည်း ရေဘေးသင့်မည်ကိုတော့ စိုးရိမ်ရမှုများ ရှိနေသည်။
ရွေးကောက်ပွဲ ပြန်ဝင်ရန်ရှိသည့် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဆိုင်ကလုန်းကျရောက်လာပါက တိုင်းပြည်၏ ပြင်ဆင်ထားမှုအစီအစဉ်များကို စစ်ဆေးနေပါကြောင်း မုန်တိုင်းမဝင်ခင်က ပြောကြားခဲ့သည်။
“ဗဟိုအစိုးရအနေနဲ့ လိုအပ်လာမယ့် အကူအညီတွေကို အဆင်သင့် ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ ဖူလုံရေးအတွက် ဆုတောင်းပေးနေပါတယ်” ဟု မိုဒီက Twitter တွင် ရေးသားခဲ့သည်။
Myanmar Now
Ref: BBC, CNn