Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ် ဈေးကွက်၌ ရောင်းချနေသော နှမ်းဆီနှင့် မြေပဲဆီတို့သည် ဇူလိူင် ပထမအပတ်မှစ၍ ထက်ဝက်နီးပါး ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း မော်လမြိုင် ဈေးကြိုကုန်စည်ဒိုင်မှ သိရသည်။

အဆိုပါ ဆီများကို အထက်အညာ ဒေသဖြစ်သော မြင်းခြံ၊ မိတ္ထီလာ၊ မြင်းမူ၊ မုံရွာတို့မှ ဝယ်ယူ ရောင်းချနေရသဖြင့် ဇွန်လကုန်ပိုင်း၌ ၎င်းတို့ ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ခင်များ ပျက်ဆီး၍ ဈေးနှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု မြေပဲဆီ၊ နှမ်းဆီ ရောင်းဝယ်ရေးမှ ပွဲရုံပိုင်ရှင် ကိုဌေးဝင်းက ပြောကြားသည်။

“သူတို့ဆီမှာ စိုက်ခင်းတွေ အကုန်လုံးနီးပါး ရေမြှုပ်ပျက်စီးသွးတယ်လို့ ကြားတယ်၊ ကျွန်တော်တို့ဆီမှာ ရှိတဲ့ လက်ကျန်တွေကိုပဲ ရောင်းနေကြတာ၊ သူတို့ဘက်ကနေ ဈေးကစတက်လာတာဆိုတော့ သယ်ယူစရိတ်နဲ့ ဆိုတော့ ဈေးတွေက တက်ကုန်တာပေါ့”ဟု ၎င်းက ပြောသည်။

ယခင် မြေပဲဆီ တစ်ပိဿာ ၄,၅ဝဝ ကျပ်၊ နှမ်းဆီ ၅,၇ဝဝ ကျပ်မှ လက်ရှိတွင် မြေပဲဆီတစ်ပိဿာ ၆,၅ဝဝ ကျပ် နှင့် နှမ်းဆီ တစ်ပိဿာ ၇,၂ဝဝ ကျပ်ထိ ဈေးနှုန်းမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

စိုက်ခင်းပျက်စီးမှုများကြောင့် ပစ္စည်းမှာယူများကို ခဏရပ်နားထားရသောကြောင့် သိုလှောင်ထားသော မြေပဲဆီများကိုသာ ရောင်းချနေခဲ့ရပြီး ဇူလိုင်လ ၁ဝရက်၌ ပစ္စည်း ပြန်လည်တင်ပို့လာခဲ့ကြောင်း မြို့ရှောင်လမ်းမှ ကြယ်စင်လှိုင်း မြေပဲဆီသန့် ရောင်းဝယ်ရေးဆိုင် ပိုင်ရှင်မတင်မာလှိုင်က ပြောကြားသည်။

“အမတို့ဆီမှာဆို ပစ္စည်းမှာယူတာပါရပ်ထားလိုက်ရတယ်၊ ဆိုင်မှာ ရှိတာလေးတွေကိုပဲ ရောင်းနေရတယ်၊ ဟိုတစ်ပတ်ကမှ အမမှာထားတဲ့ ပစ္စည်းတွေကို ပြန်ပို့ပေးတာ ဈေးကတော့ သူူတို့ဆီမှာကိုက တက်နေတာ”ဟု ၎င်းက ပြောသည်။

မိုးတွင်းကာလဖြစ်သည့်အပြင် ပစ္စည်းပျက်လပ်မှုများ ရှိနေပါက ဆီဈေးနှုန်းများသည့် ဆက်လက် မြင့်တက်လာနိုင်ကြောင်း သုံးသပ်ပြောကြားသည်။

မြေပဲဆီနှင့် နှမ်းဆီ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသော်လည်း စာအုန်းဆီဈေးနှုန်းမှာ ပုံမှန်သာရှိနေပြီး တစ်ပိဿာလျှင် ၁,၈ဝဝ ကျပ်သာရှိကြောင်း သိရသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply