ပက်စီ စီအီးအိုအဟောင်း အမေဇုံကုမ္ပဏီ ဘုတ်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်လာ

နယူးယောက် ဖေဖော်ဝါရီ ၂၆

ပက်စီကိုလာကုမ္ပဏီရဲ့ စီအီးအို အဟောင်းဖြစ်သူ မစ္စအင်ဒရာနိုရီကို အမေဇုံကုမ္ပဏီရဲ့ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု ဘုတ်ဒါရိုက်တာအဖြစ် ခန့်အပ်လိုက်တယ်လို့ အမေဇုံ ကုမ္ပဏီဘက်က ဖေဖော်ဝါရီ ၂၆ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

နိုရီဟာ အမေဇုံ ကုမ္ပဏီရဲ့ ငါးယောက်မြောက် အမျိုးသမီးဘုတ်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်လာတာဖြစ်ပြီး သူမမတိုင်ခင်မှာ Starbucks ရဲ့ အမှုဆောင်ဒါရိုက်တာဟောင်း ကိုရိုစ့်လန့်ကလည်း ပြီးခဲ့တဲ့ လကပဲ ဘုတ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံထားရပါတယ်။

၂၀၁၈ ခုနှစ်ကစပြီး အမေဇုံကုမ္ပဏီဟာ အလုပ်အကိုင်ခေါ်ယူတဲ့နေရာမှာနဲ့ ကုမ္ပဏီအုပ်ချုပ်သူတွေရဲ့ နေရာမှာ အမျိုးသမီးတွေကို ခန့်အပ်မှုနှုန်း မြှင့်တင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် တခြားနာမည်ကြီး ကုမ္ပဏီတွေအမျိုးမျိုးဘက်ကနေ ပြောင်းရွှေ့လာတဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို လစာ နှစ်ဆနီးပါးပေးပြီး အလုပ်ခန့်အပ်ထားတာပဲ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ပေးခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရာရောက်ရုံမျှမက ကုမ္ပဏီတွင်းဝန်ထမ်းတွေကိုလည်း အလုပ်ကြိုးစားချင်စိတ်ရှိအောင် လုပ်ဆောင်ပေးရာလည်း ရောက်ပါတယ်လို့ အမေဇုံကုမ္ပဏီဘက်က ပြောထားပါတယ်။

မစ္စနိုရီဟာ ၂၀၁၆ခုနှစ်ကနေ ၂၀၁၈ အထိ ပက်စီကုမ္ပဏီမှာလုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၁၉ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စီအီးအိုအဖြစ်ကနေ နှုတ်ထွက်ခဲ့တာပဲဖြစ်ပါတယ်။

သူမဟာ အမေဇုံကုမ္ပဏီမှာ စတော့ရှယ်ယာ ၅၄၉ခုကို ကိုင်ထားတာဖြစ်ပြီးတော့ သူမရဲ့ အလုပ်စာချုပ်ကို ၂၀၂၀ခုနှစ် မေလ၂၅ရက်နေ့အထိ ကနဦးချုပ်ဆိုထားတာ ဖြစ်ပါတယ်။

လက်ရှိ အမေဇုံကုမ္ပဏီက ခန့်အပ်ထားတဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေထဲမှာ Apple ကုမ္ပဏီ အမှုဆောင်အရာရှိဟောင်း၊ Reader Digests’ မဂ္ဂဇင်းရဲ့ စီအီးအိုဟောင်းနဲ့ Starbucks ရဲ့ အမှုဆောင်ဒါရိုက်တာဟောင်းတို့လည်း ပါဝင်ပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.