အဆိုတော်ရွှေထူး၏ ပွဲဦးထွက်ဇာတ်ကားဖြစ်သည့် ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားသည် ပရီသတ်အားပေးမှုများကြောင့် ရုံတင်ရက် သုံးပတ်ကြာပြသခွင့်ရရှိခဲ့ကြောင်း ထိုဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာသားညီကပြောသည်။

” အခုဆိုရင် ပက်ပက်စက်စက်ညှို့ ကားက သုံးပတ်ဆက်တိုက်ပြသခွင့်ရတယ်ပေါ့နော်။ ဇာတ်လမ်းကလည်း အရမ်းကို ရိုးစင်းပါတယ်။ လူငယ်အချစ်ဇာတ်လမ်းလေးပါပဲ။ ကျွန်တော်ကြိုးစားအားထုတ်ခဲ့ရတဲ့ကားလေးလည်းဖြစ်လို့ ကျေနပ်ပါတယ်။ ပျော်ပါတယ်။ အဲဒီကားနဲ့ပဲရွှေထူးလည်းမင်းသားဖြစ်သွားပြီ။ နေတိုး ကလည်း အတတ်နိုင်ဆုံး အကောင်းဆုံး ကူညီပေးတယ်။ ကျွန်တော်တို့မရိုက်ခင်ကကလည်း သေချာလေး အချိန်ယူ ပြင်ဆင်ပြီးလုပ်ခဲ့ကြပါတယ်။ အခုလို ပရိသတ်အားပေးတော့ ပျော်ပါတယ်။ “ဟု သားညီကပြောသည်။

ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားကို 7 Sence ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးသောဇာတ်ကားဖြစ်ပြီး လူငယ်သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်ပြီး သရုပ်ဆောင်နေတိုး၊ ရွှေထူး ၊မိုးစက်ဝိုင်နှင့်အခြားသော အနုပညာရှင်တွေလည်း ပါဝင်ထားကြကြောင်းသိရသည်။

” သူငယ်ချင်းတွေကတော့ မင်းသားဖြစ်တော့မှာဆိုတော့ ရင်ခုန်နေလားဆိုပြီး စကြတယ်။ ကျွန်တော်က ရင်ခုန်တာ မဟုတ်ဘူး။ စိုးရိမ်နေတာပါ။ ဖေ့စ်ဘွတ်ခ်မှာလည်း တစ်လောတုန်းက ရုပ်ရှင်ချစ် ပရိသတ်တွေ အကုန်လုံးကို ကျွန်တော် တောင်းပန်စာလေး တင်ထားပါတယ်။ ရုပ်ရှင်ရိုက်တာက ကျွန်တော့်ဘဝမှာ ပထမဆုံး အတွေ့အကြုံဆိုတော့ အရမ်းလည်း ခက်ခဲခဲ့ပါတယ်။ ပြည်သူကလည်း ချစ်တဲ့၊ ကျွန်တော်တို့ တစ်အိမ်သားလုံးကလည်း ချစ်တဲ့ကိုနေတိုးနဲ့ တွဲရိုက်ရတာ ဆိုတော့ ဖိအားတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒါရိုက်တာ ကိုသားညီ၊ ကိုနေတိုးနဲ့ ရိုက်ကူးရေး အဖွဲ့သားတွေ အားလုံးက ကျွန်တော့်ကို သင်ပြပေးပါတယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြပါတယ်။ ပက်ပက်စက်စက် ညှို့ ဇာတ်ကားမှာ အတိုင်းအတာ တစ်ခုအထိတော့ လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အများကြီး မမျှော်မှန်းထားပါဘူး။ ဒီကားမှာ ရွှေထူး မဆိုးပါဘူးဆိုတဲ့ စကားလောက် ကြားရရင်ပဲ ကျေနပ်ပါတယ်။” ဟု ရွှေထူးကပြောသည်။

Written by Hinthar Media

Leave a Reply