မွန်ပြည်နယ်တွင် ပင်စင်ယူမည့် အငြိမ်စား ဝန်ထမ်းများအတွက် ရည်ရွယ် တည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက် ရရှိပါက စတင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၊ ယာယီ ဆောက်လုပ်ရေး ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

“ဒီအိမ်ရာက ပင်စင်ယူတော့မယ့် ဝန်ထမ်းတွေ အတွက် ရည်ရွယ်ပြီး၊ တည်ဆောက်မှာ ဖြစ်တယ်၊ အခုထိ လုပ်ငန်းခွင်ထဲမှာ ရှိတဲ့ သူတွေအတွက် ဖြစ်တယ်၊ ဆောက်လုပ်ဖို့လည်း အသင့် လုပ်ထားပြီးပြီး”ဟု ၎င်းက ဆိုသည်။

အိမ်ရာ တည်ဆောက်ရန်အတွက် မြေနေရာကို ရွေးချယ်ထားပြီး ဖြစ်ရာ မြေဈေးနှုန်းမြှင့်တက် လာနိုင်သောကြောင့် တည်ဆောက်မည့် မြေနေရာကို ထုတ်ဖော်ပြောကြားလိုခြင်း မရှိသေးကြောင်း ပြောဆိုသည်။

အငြိမ်းစား ဝန်ထမ်းအတွက် တန်ဖိုးနည်း အိမ်ရာ ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘက်ဂျက် ငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ၊ အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တန်ဖိုးနည်း အိမ်ရာကို လေးခန်းတွဲ လေးထပ် ပုံစံဖြင့် တိုက် ၆၃ လုံး တိုက်ဆောက်ရန် လျာထားပြီး အိမ်ရာ၏ တန်ဖိုးကို အနိမ့်ဆုံး သိန်း ၁၂၀ မှ အမြင့်ဆုံး သိန်း ၁၈၀ အထိ သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

ပင်စင်ယူမည့် အငြိမ်းစား ဝန်ထမ်းများသည် တန်ဖိုးနည်း တိုက်ခန်း ဝယ်ယူနိုင်ရန်အတွက် မြန်မာစီးပွားရေး ဘဏ်က ချေးငွေး ထုတ်ချေးပေးသွားမည်ဖြစ်ပြီး၊ ချေးငွေကျေပါက ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ပင်စင်ယူသည့် ဝန်ထမ်းပေါင်း ၁၅၀၀၀ ခန်ပရှိနေပြီး၊ မွန်ပြည်နယ်တွင် ပင်စင်ယူမည့် ဝန်ထမ်း ၁၀၀၀ ခန့် ရှိနေသည်။

Written by – ဇော်ထိုက်

Leave a Reply