အရှေ့ကတောင်အာရှတွင် လွှမ်းမိုးလာသော တရုတ်၏ ပါဝါကို ချိန်ညှိရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများမှခေါင်းဆောင်များသည် အိန္ဒိယနှင့် ပင်လယ်ပြင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောတူခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက Act East ပေါ်လစီကို အကောင်အထည်ဖော်သည့်အနေဖြင့် အရှေ့တောင်အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို ဒေလီတွင် ကျင်းပနေသည်။

နိုင်ငံခေါင်းဆောင်များသည် ပင်လယ်ပြင်ရေးရာကိစ္စများအတွက် ပူးပေါင်းဆောင်ရွက်ရန် စနစ်တစ်ခု တည်ထောင်ဖို့ သဘောတူခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ပရီတိ ဆရန်က သတင်းထောက်များကို ပြောသည်။

‘ကျွန်တော်တို့ အားလုံး အရင်ကတည်းက ကြုံနေရတဲ့ အခုမှ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် ပင်လယ်ပြင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြပါတယ်’ ဟု ၎င်းက ဆိုသည်။ သို့သော် အသေးစိတ် ရှင်းလင်းခဲ့ခြင်းမပြုပေ။

ဝန်ကြီးချုပ် မိုဒီသည် အာဆီယံဆယ်နိုင်ငံကို ခေါ်ခဲ့ကာ အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို၊ ဖိလစ်ပိုင် သမ္မတ ဒူတာတေးတို့ တက်ရောက်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ရန်အတွက် အရှေ့တောင်အရှ နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန် ကြိုးပမ်းနေသည်။ အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အရှ နိုင်ငံများ၏ ကုန်သွယ်မှုမှာ ၂၀၁၆-၁၇ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၇၀ သာရှိခဲ့ရာ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ ကုန်သွယ်မှုက ထိုပမာဏ ခြောက်ဆကျော်များပြားသည်။

တရုတ်နိုင်ငံသည် အိန္ဒိယနှင့် ထိစပ်နေသော နိုင်ငံများတွင် ဆိပ်ကမ်းများ ဆောက်ခြင်း၊ ဓာတ်အားပေးစက်ရုံ ဆောက်ခြင်းများ ပြုလုပ်နေရာ အိန္ဒိယအနေဖြင့် မဟာမိတ်အသစ်ရှာဖွေရတော့မည်ဖြစ်သည်။

ဝန်ကြီးချုပ် မိုဒီကတော့ အိန္ဒိယအနေဖြင့် အာဆီယံနိုင်ငံများနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုမှာလည်း၂၅နှစ်အတွင်း ၂၅ ဆတက်လာခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘ရင်းနှီးမြှုပ်နှံမှုတွေကလည်း များပြားလာနေပါတယ်။ ကုန်သွယ်မှုကိုလည်း ပိုမိုမြှင့်တင်သွားမှာဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စီးပွားရေး အသိုက်အဝန်းအတွက်လည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်’ ဟု မိုဒီက ပြောဆိုခဲ့သည်။

Source: News18

Leave a Reply