ပင်လယ်ပြင်တွင် ဒီဇယ်ဂါလန် သောင်းချီတင်ဆောင်လာသော တရားမဝင် ဆီသယ်လှေ ၁စင်း ဖမ်းမိ

ထားဝယ် ၊ ဒီဇင်ဘာ

တနင်္သာရီကမ်းလွန်၊ ကပ္ပလီပင်လယ်ပြင်တွင် နိုဝင်ဘာ၂၆ရက်၊ မွန်းလွဲပိုင်းက စက်ပျက်၍ မျောနေသော ဒီဇယ်ဆီဂါလန် ၁၀၀၀၀ခန့် တင်ဆောင်ထားသည့် တရားမဝင်ဆီသယ်လှေ၁ စင်းကို အမျိုးသား၇ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဟိန္နဲဘုတ်ကျွန်းအနောက်ဘက်၁၁၄မိုင်ခန့်အကွာ၊ ဇောတိကရေနံစင်၏ အနောက်မြောက်ဘက် ၈မိုင်အကွာ ပင်လယ်ပြင်တွင် စက်ချို့ယွင်းရာမှ မျောနေသော ပြည့်ဖြိုးလှိုင်(၅) ရေယာဉ်ကို တပ်မတော် စစ်ရေယာဉ်(ဘုရင့်နောင်)က ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန်သွားရောက်ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းလှေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှ နိုဝင်ဘာ ၂၂ရက် ညနေပိုင်းတွင် စတင်ထွက်ခွာခဲ့ပြီး ပင်လယ်ပြင်တွင် အမည်မသိဆီတင်လှေထံမှ ဒီဇယ်ဆီ၁၀၀၀၀ဂါလန်ခန့်ကို ဝယ်ယူတင်ဆောင်ခဲ့ကြောင်း ၊ဘိုကလေးမြစ်ဝအနီးရှိ ငါးဖမ်းလှေငယ်များထံသို့ ဆီပြန်လည်ရောင်းချရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း လှေပေါ်ပါသူများအား စစ်ဆေးမေးမြန်းချက်အရ သိရသည်ဟုရဲမှုခင်းမှတ်တမ်း၌ ရေးသားထားသည်။

လှေပိုင်ရှင်မှာရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နေဦးမောင်မြင့်ဖြစ်ပြီး ဆီပိုင်ရှင်မှာ ယင်းမြို့နေ ဦးရဲထွန်းဦးဖြစ်သည်ဟု စစ်ဆေးမေးမြန်းချက်အရ သိရကြောင်း ရဲမှတ်တမ်း၌ ဖော်ပြသည်။

လှေပေါ်တွင် ဦးရဲထွန်းဦးနှင့်အတူ ဒလမြို့နယ်၊ခနောင်းမီးခြစ်စက်ကျေးရွာမှ ဦးဝင်းဦး(ပဲ့နင်း)၊ တွံတေးမြို့နယ်၊ကန်လှရွာမှဦးစိုးနိုင်(စက်ဆရာ)၊ ဒလနှင့် ဘိုကလေးမြို့နယ်တို့တွင်နေထိုင်သူ လှေသား ၄ ဦး ပါရှိသည်ဟု သိရသည်။

လှေပေါ်ပါသူ ၇ ဦးနှင့် သက်သေခံပစ္စည်းများကို အမှတ်(၂) စစ်ဗျူဟာရေယာဉ်စုမှ တပ်မတော်အရာရှိက ကံပေါက်နယ်မြေရဲစခန်းသို့ နိုဝင်ဘာ ၂၈ရက် ညနေပိုင်းက လွှဲပြောင်းအပ်နှံခဲ့ပြီး နယ်မြေရဲစခန်းက (ပ)၆၃/၂၀၁၇၊ပို့/သွင်းဥပဒေပုဒ်မ-၈အရ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

Written by Thit Lwin

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်