မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ် ဈေးကွက်သို့ ကြက်သွန်ဖြူ ဝင်ရောက်မှု ပုံမှန် မရှိသောကြောင့် ကြက်သွန်ဖြူ ဈေးနှုန်းများ ပြန်လည် မြင့်တက်လျက်ရှိကြောင်း မော်လမြိုင်မြို့၊ ကျွန်းဒီပါပွဲရုံပိုင်ရှင် ဦးတင်ခိုင်က ပြောကြားသည်။

ကြက်သွန်ဖြူများကို မန္တလေး၊ စစ်ကိုင်းတိုင်းတို့မှ ဝင်ရောက် လျက်ရှိသော်လည်း ယခုအခါ ကုန်တင်ယာဉ်များ ရပ်နားထားမှုကြောင့် ပို့ကုန် နည်းပါးနေကြောင်း ၎င်းက ပြောဆိုသည်။

“တစ်ချို့ကုန်တင်ပို့နေတဲ့ကားတွေက နားကုန်တော့ ဦးတို့ဆီမှာ ပစ္စည်းက ပုံမှန်မရှိနေတော့ဘူး၊ နည်းသွားလိုက်၊ ပြန်ရောက်လာလိုက်၊ ပျက်သွားလိုက်နဲ့ပဲ ဈေးတွေကလည်း တက်လိုက်ကျလိုက်ဖြစ်နေတယ်၊ ကုန်စည်ပုံမှန်ပြန်ဝင်ရင်တော့ အဆင်ပြေပါတယ်”ဟု ၎င်းက ပြောသည်။

စက်တင်ဘာလတွင် ကြက်သွန်ဖြူူတစ်ပိဿာ ၁ဝဝဝ ကျပ် မှ ၁၁ဝဝ ကျပ်ဖြင့် ရောင်းချခဲ့ရာမှ အောက်တိုဘာ ၁၂ရက်တွင် ကြက်သွန်ဖြူ တစ်ပိဿာ ၁၄ဝဝ ကျပ် မှ ၁၅၅ဝ ကျပ်ထိ ဈေးရှိကြောင်း ဆက်လက်ပြောသည်။

ရောင်းဈေးများသည် လက်လီလက္ကားပေါ်မူတည်၍ အပြောင်းအလဲရှိနေသည်။
ပွဲရုံသို့ ပုံမှန် ကြက်သွန်ဖြူ တင်ပို့သောကားများ သုံးစီးထက်မနည်းဝင်ရောက်လာသောလည်း လက်ရှိတွင် ကားတစ်စီးသာ ဝင်ရောက်လေ့ရှိကြောင်း ရွှေနဒီပွဲရုံပိုင်ရှင် ဦးဉာဏ်စိုးက ပြောကြားသည်။

“ပုံမှန်ဆိုရင် ကားသုံးစီးထပ်မနည်းဘူး ဝင်နေတာ အခုဆို တစ်စီးလောက်ပဲ ပုံမှန်လာတယ်၊ ဒါတောင် သတ်မှတ်ထားတဲ့ရက်ထက် နောက်ကျပြီးမှ ရောက်တာကရှိသေးတယ်၊ အလုပ်လုပ်ရတာ အဆင်မပြေဘူးပေါ့”ဟု ၎င်းက ပြောသည်။

လက်လီ လက္ကားမှာယူထားသော အဝယ်သမားများကို ပြန်လည်ရောင်းချရာတွင် ပစ္စည်းနောက်ကျမှုကြောင့် လုပ်ကိုင်ရာ၌ အခက်အခဲရှိကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

Leave a Reply