Advertisements

မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ် သီတင်းကျွတ် ပွဲတော် မတိုင်မီမှစ၍ ငါးခြောက် အဝင်နည်း၍ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း မော်လမြိုင်၊ အောက်ဈေးရှိ ငါးခြောက် လက်လီ/လက်ကားရောင်းဝယ်သူများထံမှ သိရသည်။

ရေးမြို့နယ်ဘက်မှ ငါးခြောက်များသည် ယခင်ဈေးနှုန်းထက်တစ်ပိဿာလျှင် ၅ဝဝဝ ကျပ်ခန့် ဈေးတက်လာပြီး ပစ္စည်းဝင်ရောက်မှုနည်းသောကြောင့် ဈေးတင်ရောင်းချနေခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့မှ ငါးခြောက်လက်လီ၊ လက်ကားရောင်းဝယ်နေသူ မစိုးစိုးနိုင်က ပြောကြားသည်။

“ပွဲတော်တွေလာပြီးဆိုတော့ ဈေးကတော့တက်တာပေါ့၊ သူတို့ဆီမှာကတည်းက တက်နေတာ၊ နောက်ပြီးတော့ ပစ္စည်းကလည်း အဝင်နည်းနေတော့ ဈေးကိုတင်ပြီးရောင်းကြတာပေါ့၊ အရင်ထက်စာရင် တက်လာတာပေါ့”ဟု ၎င်းက ပြောသည်။

ယခင်လက ငါးကွမ်းရှပ်အကြီး တစ်ပိဿာလျှင် ၁၈,ဝဝဝ ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၄,ဝဝဝ ကျပ်၊ ငါးမဲလုံးမှာ ၅,၄ဝဝ ကျပ်၊ ငါးနှပ်ခြောက်မှာ ၁၁,ဝဝဝ ကျပ် ရှိနေပြီး ယခုလတွင်မူ ငါးကွမ်းရှပ်အကြီး ၂၄,ဝဝဝ ကျပ်၊ အသေး ၁၈,ဝဝဝ ကျပ်၊ ငါးမဲလုံး ၈,ဝဝဝ ကျပ်နှင့် ငါးနှပ်ခြောက် ၁၅,ဝဝဝ ကျပ်ထိ ဈေးတက်လာခဲ့ကြောင်း ဆက်လက်ပြောသည်။

ပွဲတော်ကာလဖြစ်သောကြောင့် ခရီးသွားများသည် ငါးခြောက်များကို လာရောက်ဝယ်ယူမှုများနေသောကြောင့် အရောင်းအဝယ်ကောင်းနေပြီး ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း မော်လမြိုင် အောက်ဈေးရှိ ငါးခြောက်အရောင်းဒိုင် မငြိမ်းမော်က ပြောကြားသည်။

“ဘုရားဖူးတွေက အဝင်များလာတယ်လေ၊ သူတို့က မော်လမြိုင်တို့ ကျိုက္ခမီ စက်စဲတို့ရောက်ရင် အများဆုံး ငါးခြောက်ကိုဝယ်ကြတယ်၊ ဈေးမှာလည်း လာဝယ်ကြတယ်၊ အဝယ်လိုက်တော့ ဈေးကလည်း တက်တာပေါ့”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ် ၁ဝမြို့နယ်တွင် ရေးမြို့နယ်နှင့် ကျိုက္ခမီဒေသတို့၌ ငါးခြောက်လုပ်ငန်းကို အဓိကလုပ်ကိုင်နေကြပြီး ဒေသထွက် ငါးခြောက်များကို ကရင်ပြည်နယ်ဘက်သို့ အများဆုံးတင်ပို့ကာ ရန်ကုန်၊ မြဝတီမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့လည်း တင်ပို့နေကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply