မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆေးလိပ်ဗူးများအနက် ပညာပေးရုပ်ပုံများ မပါရှိသော စီးကရက်ဗူး ရောင်းချသူများကို ယခု ဖေဖော်ဝါရီလကုန်မှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

အရေးယူရာတွင် စီးကရက်ဗူးများသာမက ပြည်တွင်း၌ ထုတ်လုပ် ဖြန့်ချီသော ဆေးပေါလိပ် အစည်းများပါ ပါဝင်မည်ဖြစ်ကြောင်း မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာန (နေပြည်တော်) မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ နန်းနိုင်နိုင်ရှိန်က ပြောကြားသည်။

အဆိုပါ ပညာပေးရုပ်ပုံများ မပါရှိခြင်းကို အရေးယူခြင်း အစီအစဉ်သာမက ကျောင်းနယ်နိမိတ်၊ ရုံးနယ်နိမိတ်များနှင့် အခြားသော နေရာများတွင် ဆေးလိပ် မသောက်သုံးရန် စနစ်တကျ လုပ်ဆောင်ပေးသင့်ကြောင်း မော်လမြိုင်မြို့နေ အသက် ၃၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“အစီအစဉ်ကတော့ ကောင်းပါတယ်၊ ဆေးလိပ်ဗူးကပုံကို ကြည့်ပြီးသောက်တာ မဟုတ်ဘူးလေ”ဟု ၎င်းက ပြောဆိုသည်။
ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ ဖမ်းဆီးရမိသော စီးကရက်ဗူးများနှင့် ဆေးပေါလိပ် အစည်းများသည် ဈေးကွက်အတွင်း မှောင်ခို ဝင်ရောက်ခြင်းများ ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ပညာပေးရုပ်ပုံများ မပါရှိပါက အရေးယူခြင်းများကို ဆေးလိပ်၊ ဆေးရွက်ကြီး ဥပဒေများ အတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ဒေါက်တာ နန်းနိုင်နိုင်ရှိန်က ပြောသည်။

စီးကရက်ဗူးများနှင့် ဆေးပေါလိပ်များကို ဈေးကွက်အတွင်း ရောင်းချရာတွင် ပညာပေး ရုပ်ပုံများပါရှိရန် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ အသိပေးကြေညာထားကာ ပညာပေးရုပ်ပုံများ မပါရှိသော ဆေးလိပ်ဗူးများနှင့် ဆေးပေါလိပ်များ သိမ်းဆည်းနိုင်ရန် ခြောက်လ အချိန်ပေးထားသဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်မှစ၍ အရေးယူရန် စတင်လုပ်ဆောင်ခြင်း ဖြစ်သည်။

Written by – ရင်ငြိမ်းချမ်း

Leave a Reply