Advertisements

၁၈၈၅ ခုနှစ်တွင် ဗြိတိသျှ စစ်သားများက မြန်မာပြည်ကို သိမ်းပိုက်သောအခါက မြန်မာပြည်၏ နောက်ဆုံးဘုရင်ကို မိမိပိုင်ပစ္စည်းများထုပ်ပိုး သိမ်းဆည်းရန်အတွက် နာရီအနည်းငယ်အချိန်ပေးခဲ့သည်။ မင်းအဆက်ဆက်ပိုင်ဆိုင်ခဲ့သော နန်းစဉ်ရတနာများကို သိမ်းပိုက်ခဲ့ကြပြီး အင်္ဂလန်သို့ ပြန်ပို့ခဲ့ကြသည်။ သို့သော် တန်ဖိုးအကြီးဆုံးသော ပတ္တမြားကြီးကား လက်စလက်န ပျောက်သွားခဲ့သည်။ ထိုပတ္တမြားကို မည်သူယူသွားသနည်း။ ယခု ဘယ်ဆီဘယ်ဝယ်ရောက်နေသနည်း။

ပတ္တမြားကြီးကို ရှာဖွေခြင်း

အကယ်၍ သမိုင်းထဲကအတိုင်း မဖြစ်ခဲ့ဘူးဆိုလျှင် လန်ဒန်ဆောင်းဦး၏ အအေးဓာတ်ကြောင့် ခိုက်ခိုက်တုန်နေရှာသော ကျွန်တော့်ဘေးမှ စကားနည်းလှသော အမျိုးသားကြီးကား ယခုအခါတွင် မြန်မာနိုင်ငံ၏ ထီးနန်းကို ဆက်ခံလျက် ဘုရင်တစ်ပါးဖြစ်နေပေလိမ့်မည်။

ဦးစိုးဝင်း၏ မျက်နှာပေါ်မှ သပ်သပ်ရပ်ရပ် နှုတ်ခမ်းမွှေးတို့သည်သာလျှင် သူသည် နန်းမူနန်းရာနန်းလျာတစ်ဦးဖြစ်ကြောင်း အထောက်အထားလေးဖြစ်နေသည်။ ကျွန်တော်သည် မြန်မာနိုင်ငံတွင် နှစ်အတန်ကြာ နေခဲ့ဖူးပါသည်။ ကျွန်တော်တွေ့ဖူးသော လူများအနက် အနည်းငယ်မျှတွင်သာလျှင် ထိုနှုတ်ခမ်းမွေးမျိုးပေါက်ပါသည်။ သို့သော် ဦးစိုးဝင်း၏ဘိုးဘေးမျိုးနွှယ်တို့၏ ပုံပန်းသဏ္ဍာန်အရ ထိုမုတ်ဆိတ်မွေးသည် ဘုရင့်အနွှယ်တော်၏ အမှတ်အသားပင်ဖြစ်သည်။

အသက်ခုနစ်ဆယ်အရွယ် ကျွန်တော့်မိတ်ဆွေကြီးမှာ သူ့ဘဝတစ်လျှောက်လုံး သာမန်လူပုံစံမျိုးဖြင့် ရောနှောနေထိုင်ခဲ့ပေသည်။

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ကြသော ဗိုလ်ချုပ်ကြီးများသည် ထီးဆက်နန်းဆက် ပြိုင်ဘက်များကို မလိုလားခဲ့ကြပေ။ ထို့ကြောင့် ဦးစိုးဝင်းသည် သံတမန်တစ်ဦးအဖြစ် ရိုးရိုးကုပ်ကုပ်လုပ်ကိုင်လျက် နိုင်ငံတကာသို့ လှည့်လည်သွားလာကာ အမှုထမ်းခဲ့သည်။

ကျွန်တော်တို့နှစ်ဦးသည် လမ်းတွင် ရပ်လျက် ဗစ်တိုးရီးယားနှင့်အဲလ်ဘာ့ ပြတိုက်ထိန်းသိမ်းရေးမှူး ဂျွန်ကလာ့ကို စောင့်နေစဉ် အပြာနုရောင် ကတ္တိပါဖိနပ် စီးထားသော ဦးစိုးဝင်းသည် သူ့ပုဆိုးစကို အောက်ကရေခဲရေတွေနှင့် မထိအောင် သတိထားကာ ဘယ်ခြေကို အားပြုလျက်ရပ်လိုက်၊ ညာခြေကို အားပြုလျက်ရပ်လိုက် ရပ်နေပါသည်။

‘မင်းတို့ ဗြိတိသျှတွေ ဗမာပြည် ဘာလို့ လာလဲ ငါသိပါတယ်’ ဟု သူက ဆိုသည်။ ထို့နောက် ဟက်ခနဲ ရယ်လိုက်သည်။ သူ့ခရီးစဉ်နောက်ပိုင်းတွင် ရှူးဖိနပ်စီးခြင်းက ပိုအဆင်ပြေသည်ကို ကျွန်တော်တို့ နှစ်ယောက်လုံး လက်ခံလိုက်ကြပါသည်။
ကျွန်တော် သူ့ကို သိသည်မှာ သုံးနှစ် ရှိပေပြီ။ ကျွန်တော့်ထက် အသက် လေးဆယ်မျှကြီးသော မျက်လုံးထဲတွင် ဟဒယဉာဏ်များ အရည်လဲ့နေသော ရိုးရိုးကုပ်ကုပ် ဤအမျိုးသားကြီးကို ကျွန်တော် သဘောကျလှပါသည်။

ကလာ့က ကျွန်တော်တို့ကို ပြခန်းတွေတစ်လျှောက် အောက်ထပ်တွေ တစ်လျှောက်ခေါ်သွားပါသည်။ နှစ်ပေါင်းများစွာပင် ဤပြတိုက်သည် မြန်မာပြည်နှင့် ပတ်သက်သည့် အနုပညာများကို အများဆုံး ထိန်းသိမ်းထားရာဖြစ်ကြောင်း သူက ရှင်းပြပါသည်။ ထိန်းသိမ်းထားသည့်နေရာကို မန္တလေး ရီဂါလီယာ (The Mandalay Regalia) ဟု ခေါ်ပါသည်။ ရီဂါလီယာဆိုသည်မှာ မင်းမြှောက်တန်ဆာဟု အဓိပ္ပာယ်ရပါသည်။

ဦးစိုးဝင်း၏အဘေး သီပေါမင်းအား ၁၈၈၅တွင် ဗြိတိသျှတို့က နန်းချလျက် အိန္ဒိယပို့စဉ်တွင် လက်နက်ကိရိယာအစ ဇွန်းအလယ် ခြေနင်းအဆုံး ရွှေငွေကျောက်သံပတ္တမြားစီခြယ်ထားသော သီပေါမင်းပိုင်ပစ္စည်း ၁၆၇ ခုကို သိမ်းဆည်းခဲ့ပါသည်။

သို့သော် ၁၉၆၄ ခုနှစ်တွင် ထိုပစ္စည်းများကို ချစ်ကြည်ရေးလက်ဆောင်အဖြစ် ဦးနေဝင်းအစိုးရထံ ပြန်ပေးခဲ့ပါသည်။
ထိုအထဲမှ ရွှေငွေကျောက်မျက်ရတနာများစီခြယ်ထားပြီး သရော်တော်တော်ဟန်ပေါက်နေသော ဟင်္သာရုပ်ကို ဦးနေဝင်းက ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပြန်ပေးခဲ့၏။ ထိုသို့ပြန်ပေးခြင်းမှာ တစ်ချိန်က မြန်မာပြည်ကို သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသော ကိုလိုနီနယ်ချဲ့ အရှင်သခင်ဟောင်းများကို လှောင်ပြောင်ထိုးနှက်ချက်တစ်ခုပေလောဟု ကျွန်တော် တွေးနေမိပါသည်။

ဦးစိုးဝင်းက မေးခွန်းတစ်ခု မေးလိုက်ပါသည်။ ထိုမေးခွန်းကား သူ့အဘေး၏ ပတ္တမြားငမောက် ဘာဖြစ်သွားသလဲဆိုသည်ပင်။ ထိုပတ္တမြားငမောက်မှာ ကွမ်းသီးလုံးခန့်ရှိပြီး ပြည်တန်သော ပတ္တမြားဟု ဆိုရလောက်အောင်ပင် အဖိုးထိုက်တန်သော ပတ္တမြားပင်ဖြစ်ပေသည်။ တွေ့မြင်ဖူးသူများ၏ အဆိုအရ ထိုပတ္တမြားမှာ အနီရောင်တောက်နေပြီး အနာရောဂါများကို ကုသပေးနိုင်စွမ်းရှိကာ ပိုင်ဆိုင်သူထံသို့ ကံကောင်းခြင်းများ ယူလာပေးသည်ဟုဆိုပါသည်။ ထိုပတ္တမြားကြီးကို သတိထားမိလိုက်သူများ ရှိပေမည်လော။

‘ပတ္တမြားငမောက်က ဒီမှာ မရှိပါဘူး။ အရင်ကလည်း မရှိခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ တော်ဝင်ဘဏ္ဍာတိုက်ထဲများ ရှိနိုင်မလားမသိဘူး။ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပတ္တများကြီးကို ဝိတိုရိယဘုရင်မကြီးဆီပေးလိုက်တယ်လို့ ကျွန်တော် မှတ်ဖူးတယ်’ဟု ကလာ့ခ်က ဆိုပါသည်။

အဓိကသံသယရှိသူ

ရန်ကုန်မြို့ပတ် ရထားလမ်းဘေးက သူ့အိမ်ကလေးတွင် ၂၀၁၄ ခုနှစ်က ကျွန်တော် သူ့ကို ပထမဆုံး စတွေ့ပါသည်။ သူ့အနေနှင့် လန်ဒန်သို့ ဘယ်တော့မှ မသွားလိုကြောင်း ဆိုပါသည်။ သူ့ဘဝတစ်လျှောက်လုံးပင်လျှင် သူ့အဘေးကို ဖမ်းခေါ်သွား၊ သူ့မိသားစု၊ သူ့အနာဂတ်၊ သူ့နိုင်ငံကို ဖျက်ဆီးခဲ့သူများ၏ နိုင်ငံတွင် တာဝန်ထမ်းဆောင်ဖို့ သူ့ကို တာဝန်ပေးလေမလားဟု စိုးရိမ်ခဲ့ရသည်ဟုဆိုပါသည်။

ဤသည်မှာ အင်္ဂလန်မှ လူအနည်းငယ်သာသိသော ကိုလိုနီသမိုင်း၏ အခန်းတစ်ခုဖြစ်ပါသည်။ ၁၈၈၅ခုနှစ် နိုဝင်ဘာလတွင် ဗမာဘုရင်ကို နန်းချရန်အတွက် စစ်သားတစ်သောင်း လွှတ်ခဲ့သည်။ ထိုသို့ နယ်ချဲ့ခြင်းမှာ ဗြိတိသျှများကို မြန်မာပြည်တွင် ခြေချခြေရှုပ်ခွင့်ပေးရန် မြန်မာဘုရင်က ငြင်းဆန်ခဲ့ရာမှ ပေါ်ပေါက်ခဲ့သည့် ဆယ်စုနှစ်ခြောက်ခုကြာ ပြတ်တောင်းပြတ်တောင်း ပဋိပက္ခ၊ တင်းမာမှုများ၏ အထွတ်အထိပ်ပင်ဖြစ်ပါသည်။

သို့သော် အဓိကကတော့ ကုန်သွယ်မှုဖြစ်ပါသည်။ ဗြိတိသျှအစိုးရ၊ ဗြိတိသျှ ကုန်သည်များ၏ အမြင်တွင် သီပေါဘုရင်မှာ ဗြိတိသျှနှင့် တရုတ်ကုန်သွယ်မှုတွင် ကန့်လန့်ခံနေသည့် ခန့်မှန်းရခက်သော အတားအဆီးဖြစ်ပါသည်။ ထို့အပြင် သီပေါမင်းအနေဖြင့် အင်ဒိုဂျိုင်းနားကျွန်းဆွယ်တစ်လျှောက် နယ်ချဲ့လာနေသော ပြင်သစ်ဘက်ကို လှည့်သွားမည့် အန္တရာယ်ကလည်းရှိနေသည်။ မြန်မာပြည်မှာ ဗြိတိသျှတို့ ဂုဏ်ယူဝံ့ကြွားလှသော အိန္ဒိယနှင့်လည်း စိုးရိမ်ဖွယ်နီးကပ်နေရာ ပြင်သစ်ဘက်သို့ လှည့်သွားလျှင် ပိုဆိုးသွားနိုင်သည်ဖြစ်သည်တွင် သီပေါမင်းအား နန်းချရန်သာရှိတော့သည်။
အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဆိုသည်မှာလည်း တစ်ဖက်သတ်စစ်ပွဲသာဖြစ်ပါသည်။

နှစ်ပတ်အတွင်း သီပေါမင်း၏နန်းတော်ကို ဝိတိုရိယဘုရင်မ၏ စစ်ဗိုလ်များ ဝိုင်းထားလိုက်ပြီဖြစ်သည်။ ထို့နောက် သီပေါမင်းကိုလည်း နန်းချခဲ့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သီပေါမင်း၊ ကိုယ့်ဝန်အရင့်အမာရှိနေသာ မိဖုရားစုဘုရားလတ်နှင့် သမီးတော်နှစ်ပါးကို လှည်းယာဉ်ဖြင့် တင်လျက် လက်နက်ကိုင် စစ်သားများ ဝန်းရံကာ သင်္ဘောဆီဖမ်းခေါ်လာခဲ့ပြီး သင်္ဘောဖြင့် အိန္ဒိယနိုင်ငံ၏ ဟိုးအစွန်းသို့ ပို့လိုက်သည်။

ဘုရင်ကြီးခမျာ တစ်သက်လုံး နန်းကျဘုရင်ဘဝဖြင့်နေခဲ့ရသည်။ နောင်နှစ်သုံးဆယ်အကြာတွင် သီပေါဘုရင်လည်း နတ်ရွာစံခဲ့ပါသည်။ သူ့အလောင်းကိုလည်း ရတနာဂီရိတွင် မြှုပ်နှံထားလျက်ရှိပါသည်။

ထို့ကြောင့်ပင်လျှင် လန်ဒန်တွင် တာဝန်ကျမှာကို ဦးစိုးဝင်းတစ်ယောက် စိုးရိမ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါတွင်တော့ သူ့အဘေး၏ နန်းစဉ်ရတနာကို ခြေရာခံရန်အတွက် သူဆန္ဒအလျောက်ပင် လန်ဒန်မြေသို့ ခြေချနေပေပြီ။

ဗစ်တိုးရီးယားနှင့်အဲလ်ဘာ့ပြတိုက်တွင် သဲလွန်စများ ရှာဖွေပြီးနောက် ကျွန်တော်တို့သည် ဗြိတိသျှပြတိုက်၏ မြေအောက်ခန်းထဲသို့ ရောက်သွားပြန်သည်။ ထို့နောက် ဗြိတိသျှ စာကြည့်တိုက်သို့ ရောက်သွားပြန်ပါသည်။ ထိုစာကြည့်တိုက်တွင် မြန်မာပြည်ကို သိမ်းပိုက်ခြင်းအပါအဝင် မြန်မာနိုင်ငံအား ဗြိတိသျှတို့ အုပ်ချုပ်ခဲ့သည့် မှတ်တမ်းမှတ်ရာများကို သိမ်းထားပါသည်။

ထိုအထဲတွင် သံသယဖြစ်ဖွယ် အရာတစ်ခု တွေ့ရပါသည်။ ထိုအရာမှာ မီနူကတ်တစ်ခုစာအရွယ်ရှိပါသည်။
ပိုးစာပင်ခေါက်ဖြင့် လုပ်ထားပြီး ပုံရေးထားသော အဆိုပါ စာခေါက်မှာ သီပေါမင်းကို နန်းချပြီးနောက် ဗမာပန်းချီဆရာတစ်ဦး ရေးဆွဲထားသည်ဟု ယူဆရပါသည်။ ထိုသရုပ်ဖော်ပန်းချီထဲတွင် သီပေါမင်း နန်းချခံရပုံကို ရေးဆွဲထားပါသည်။
ကျွန်တော်က ထိုစာခေါက်ကို ဦးစိုးဝင်းအား ဖွင့်ပြပါသည်။ သူမျက်လုံးများက လက်တစ်ဖက်တွင် ဦးထုပ်ကိုင်ထားပြီး ဘုရင်နှင့် စကားပြောနေသော အဖြူရောင်ကာကီဝတ်စုံဝတ်ထားသည့် လူတစ်ဦး၏ ပုံပေါ်ရောက်သွားပါသည်။

‘ကာနယ် စလေဒင်’
သူက တိုးတိုးကလေး ရေရွတ်သည်။

ဗမာမိတ်ဆွေများထံမှ ကျွန်တော် မကြာခဏ ကြားခဲ့ရသော ဇာတ်လမ်းကို သူက ပြန်ပြောပြပါသည်။ ကာနယ်အက်ဒွပ်စလေဒင်မှာ အိန္ဒိယ၊ မြန်မာပြည် သိမ်းပိုက်ရေးအတွက် အဓိက ဇာတ်ကောင်တစ်ဦးဖြစ်ပါပြီး ကျူးကျော်ရေးတပ်ဖွဲ့များ၏ နိုင်ငံရေးအရာရှိတစ်ဦးလည်းဖြစ်ပါသည်။ သူက သီပေါမင်းနှင့်လည်း သိပါသည်။ ဗမာစကားလည်း ပြောပါသည်။ ပြဿနာမပြုဘဲ အညံ့ခံဖို့ ဖျောင်းဖျခဲ့ပါသည်။

စလေဒင်က သီပေါမင်း မြန်မာပြည်မှ စွန့်ခွာရန်အတွက် ပတ္တမြား ငမောက်အပါအဝင် တန်ဖိုးကြီး အရာများအား သိမ်းဆည်းနေသည်ကို စောင့်ကြပ်ခဲ့ပါသည်။

ထို့နောက်တွင်ဖြစ်ပျက်သမျှမှာ ယခုအခါတွင် ဘုရင်မမယ်တော်၏ သရဖူတွင်တပ်ထားသော အိန္ဒိယက ခွန်အီနော် စိန်ကဲ့သို့ပင် လူသိများပါသည်။
ဘုရင်ကြီး၏ အငယ်ဆုံးသမီးတော်က နောင်တွင် ဤသို့ ရေးခဲ့ပါသည်။

‘စလေဒင်က ပတ္တမြားငမောက်အားကြည့်လိုကြောင်း မေတ္တာရပ်ခံရာ မယ်တော်၊ ခမည်းတော်က သူ့ကို ပြသခဲ့ပါသည်။ စလေဒင်သည် ပတ္တမြားငမောက်အားကြည့်ရှုပြီးနောက် အိပ်ကပ်ထဲထည့်ကာ မေ့ချင်ယောင်ဆောင်လျက် ပြန်မပေးခဲ့ဟု ကျွန်ုပ်၏ မယ်တော်၊ ခမည်းတော်တို့က ဆိုပါသည်’

ဤသည်မှာ မြန်မာနိုင်ငံတွင် လူပြောများသော ဇာတ်ကြောင်းဖြစ်ပါသည်။ စလေဒင်မှာလည်း များမကြာမီ မြန်မာပြည်တွင် ၎င်းလုပ်ဆောင်ခဲ့သည်များအတွက် သူရဲကောင်းဆုချီးမြှင့်ခံခဲ့ရပါသည်။ ဤသည်မှာ စလေဒင်သည် ပတ္တမြားကြီးကို ဝိတိုရိယ ဘုရင်မထံဆက်သခဲ့သောကြောင့်ဟု ယူဆကြပါသည်။

ဇာတ်ကြောင်းမှာ တစ်ခုနှင့် တစ်ခုတော့ မတူကြပါ။ အချို့ကတော့ စလေဒင်သည် ပတ္တမြားငမောက်ကို ယူပြီး အိတ်ကပ်ထဲသို့ ထည့်ကာ မေ့ချင်ဟန်ပြုထားစဉ် သူ့လုပ်ရပ်ကို ရိပ်မိသွားသဖြင့် ပြန်ပေးခဲ့သည်ဟုဆိုပါသည်။

သီပေါမင်းကတော့ သူကိုယ်တိုင်ပင် စလေဒင်အား သူ့အတွက် သိမ်းထားပေးပါဟု ပြောခဲ့ဖူးသည်။ ၁၈၈၆ ခုနှစ် ဇွန်လတွင် သူ့ပတ္တမြားကို ပြန်ပေးပါရန် မေတ္တာရပ်ခံသော စာကို ဗြိတိသျှ ဘုရင်ခံချုပ်ထံပို့ခဲ့သည်။

‘ဤစာနှင့်အတူ ဖော်ပြပါရှိသော စာရင်းမှာ သီပေါမင်းကြီး နန်းချခံရကာပြည်နှင်ခံရစဉ် လမ်းတွင် ပျောက်ဆုံးမည်စိုးသဖြင့် ကာနယ်စလေဒင်အား သိမ်းထားရန်ပေးထားသော ပစ္စည်းစာရင်းဖြစ်ပါသည်။ ကာနယ်စလေဒင်ကလည်း မင်းမြတ် အလိုရှိသည့်အချိန်တွင် ပြန်ပေးပါမည်ဟု ကတိပေးခဲ့ပါသည်။ ထို့ကြောင့် ဘုရင်ခံချုပ်အနေဖြင့် ထိုပစ္စည်းများအား ပြန်ပေးရန် ညွှန်ကြားချက် ထုတ်ပေးစေလိုပါသည်’ ဟု သီပေါမင်း၏ အတွင်းဝန်က ရေးသားပေးပို့ခဲ့ပါသည်။

ထိုစာနှင့်အတူ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဗမာနန်းတွင်းဘဏ္ဍာစိုးက လုပ်းပေးထားသော စာရင်းကို ပူးတွဲပေးပို့ခဲ့ပါသည်။ ထိုစာရင်းကို ဗြိတိသျှ နိုင်ငံရေးအရာရှိက လက်မှတ်ထိုးပေးထားပါသည်။ ထိုအထဲတွင်
‘ငမောက်အမည်ရ ပတ္တမြားလက်စွပ်တစ်ကွင်း’ ဆိုသော စာကြောင်းပါဝင်ပါသည်။

သီပေါမင်းသည် သူပိုင်ဆိုင်သည့် ပစ္စည်းများကို မနားမနေ တောင်းဆိုခဲ့ပါသည်။ ၁၉၁၁ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် နန်းတက်စဘုရင် ပဉ္စမမြောက်ဂျော့ဘုရင်ထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ပါသည်။ ထိုစာထဲတွင်လည်း ‘ကျွနု်ပ်၏ အဖိုးအနဂ္ဃထိုက်တန်သော ပတ္တမြားငမောက် သိမ်းဆည်းခြင်းခံရပါသည်’ ဟု ရေးသားထားသည်။ ထိုစာထဲတွင် ပတ္တမြားငမောက်ကို လက်စဖျောက်သည့် လက်သည်အဖြစ် စလေဒင်ကိုပင် ဖော်ပြခဲ့ပါသည်။

သို့သော်၊ သို့သော် ပေါ့လေ။ သီပေါဘုရင်ကြီး၏ တောင်းဆိုချက်ကို ဗြိတိသျှအာဏာပိုင်တို့က မသိကျိုးကျွံပြုနေခဲ့ကြပါသည်။ ထို့အပြင် သူစွပ်စွဲထားသူကလည်း ကွယ်လွန်သွားခဲ့သည်မှာ ၂၁ နှစ်ပင်ရှိပြီဖြစ်ရာ လမ်းစပျောက်သွားခဲ့တော့သည်။ သီပေါဘုရင်ကြီးကိုယ်တိုင်လည်း နှစ်ပေါင်းသုံးဆယ်ကြာ နန်းကျဘုရင်အဖြစ် နေထိုင်ပြိးနောက် ၁၉၁၆ ခုနှစ်တွင် နတ်ရွာလားခဲ့ရှာပါသည်။

သရဖူက ရတနာ
သီပေါမင်းကြီး နတ်ရွာလားပြီးနောက် သီပေါမင်း၏ အငယ်ဆုံးသမီးတော် ဦးစိုးဝင်း၏ အဖွားသည် ပတ္တမြား ငမောက် ရှာပုံတော်ဖွင့်ခဲ့သည်။ နိုင်ငံပေါင်းချုပ်အသင်းကြီးထံသို့ပင် စာရေးသားပေးပို့ မေတ္တာရပ်ခံခဲ့ပါသည်။ သူမကွယ်လွန်သွားသည့်အခါ ဦးစိုးဝင်း၏ ဦးလေး တော်ဘုရားကလေးက ဆက်၍ ပတ္တမြားငမောက်ရှာပုံတော်ဖွင့်ခဲ့ပါသည်။

သူသည် ကွန်မြူနစ်ဝါဒကို နှစ်နှစ်ကာကာ ယုံကြည်သောကြောင့် သူ့ကို အနီရောင်မင်းသားဟု ခေါ်ကြပါသည်။ သူ့ကျေးဇူးကြောင့် ကျွန်တော်နှင့် ဦးစိုးဝင်းတို့နှစ်ယောက်သာ လန်ဒန်မျှော်စင်သို့ ရောက်သွားကြပါသည်။ သရဖူကြီးကို ကြည့်ရန်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

Advertisements
<

Leave a Reply