Advertisements

မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စုရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ပဒုမ္မာဆပ်ပြာစက်ရုံကို အချက် ငါးချက်ပါ ညွှန်ကြားစာပေးပို့ထားပြီး ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ထိန်းသိမ်းထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

အဆိုပါ ညွှန်ကြားချက်ကို ဖေဖေယ်ဝါရီ ၄ရက်က ပေးပို့ခဲ့ပြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP) ဆောင်ရွက်ရန် နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဖေဖော်ဝါရီ ၁၈ရက်တွင် မွန်ပြည်နယ်အစိုးရသို့ တင်ပြရန် အကြောင်းကြားထားကြောင်း ဆက်လက်ပြောသည်။

“စက်ရုံက ညွှန်ကြားချက်ကို မလိုက်နာဘူးဆိုရင်တော့ သက်ဆိုင်ရာဌာနနဲ့ ညှိနှိုင်းလုပ်ဆောင်ရမှာပေါ့၊ MIC က လုပ်ငန်းလည်ပတ်ခွင့် ခွင့်ပြုထားတာဆိုတော့ ခေတ္တဆိုင်းတာတို့ ရပ်လိုက်တာတို့တော့ အဆင်မပြေနိုင်ဘူး”ဟု ၎င်းက ပြောသည်။

အသုံးပြုထားသော ဆီပုံးများကို စနစ်တကျထားရှိရန် ညွှန်ကြားထားပြီး ညွှန်ကြားချက်အတိုင်း လိုက်နာ လုပ်ဆောင်နေစဉ်အတွင်း လုပ်ငန်းကို ရပ်ထားရန် ပါရှိကြောင်း ဆက်လက်ပြောသည်။

ညွှန်ကြားချက်တွင် စက် ရုံလည်ပတ်ခြင်းနှင့် ပတ်သက်၍ စက်ရုံ၏ ထိရောက်သည့် ရေဆိုးသန့်စင်ရေး စနစ်တည်ဆောက်ခြင်းမပြုမီ စက်ရုံလည်ပတ်ခြင်းအား ရပ်ဆိုင်းထားရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ ၆၈ အရ စက်ရုံလည်ပတ်ခြင်းအပေါ် မွန်ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ သဘောထားမှတ်ချက်တောင်းခံရန်၊ ကုန်ကြမ်းအဖြစ် ကော့စတစ်အသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရေးအတွက် သိုလှောင်ခြင်း၊ သုံးစွဲခြင်း၊ တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ အား ဓာတုဗေဒနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်း လိုင်စင် တောင်းခံရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေအရ စက်ရုံ လည်ပတ်ခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲဆောင်ရွက်သွားရန်နှင့် စက်ရုံလည်ပတ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို အနီးအနားနေ ဒေသခံပြည်သူများအား ချပြရှင်းလင်းရန် စသည့် အချက် ၅ ချက်ပါဝင်ကြောင်း ထပ်မံပြောသည်။

မိုးတွင်းမရောက်မီ ရေဆိုးထုတ်လုပ်မှုကို ပြုပြင်ထိန်းသိမ်းရန်လိုအပ်ပြီး ဒေသခံပြည်သူများ၏ လယ်ကွင်းနှင့် သီးနှံစိုက်ခင်းများ ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ပေးသင့်ကြောင်း သဲဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုဝင်းဇော်က ပြောသည်။

“သူတို့ကတော့ စက် ရုံဘေးမှာရှိတဲ့ ရေဆိုးတွေကို ခြောက်သွေ့တဲ့နေရာကို စက်နဲ့ ပက်ထုတ်ထားလိုက် တယ်၊ ၂ ပေလောက်ရှိတဲ့ မြောင်းဝလေးကို ပိတ်ထားတယ်၊ အပြင်ကို မထွက်ဘူးလို့ ပြောတယ်၊ မိုးတွင်းကျရင်တော့ အနီးက လယ်ကွင်းထဲကို ဝင်မှာလေ၊ အဲလိုအနေထားတွေရှိတယ်”ဟု ၎င်းက ပြောသည်။

ရေဆိုးများကို စနစ်တကျ သိုလှောင်ရန်နှင့် စွန့်ပစ်ရန်အတွက် ပညာရှင်များနှင့် ဆွေးနွေးရန်လိုအပ်ပြီး အနီးပတ်ဝန်းကျင် လယ်ကွင်းနှင့် ချောင်း၊ မြောင်းထဲ ဝင်ရောက်ခြင်းမရှိရန် စနစ်တကျ ဆောင်ရွက်သင့်ကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

Leave a Reply