သန့်ရှင်းသောအသား စားသုံးနိုင်ရေး ဆိုသည်မှာ ဈေးဆိုင်မှဝယ်ယူလာသော အသားကို ဆေးကြော သန့်စင်ကာ ကောင်းစွာ ချက်ပြုတ်လိုက်ရုံနှင့် မလုံလောက်ချေ။   ထိုအသားသည် ရောဂါကင်းစင်သော တိရစ္ဆာန်မှရသည့် အသား ဖြစ်ရမည့်အပြင် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ လုပ်ကိုင်သော သားသတ်ရုံက ထုတ်လုပ်သည့် အသားလည်း ဖြစ်ရပေမည်။   အရောင်းဆိုင်တို့တွင် အသားကို ကျန်းမာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ကိုင်တွယ် ခင်းကျင်း ရောင်းချရန်လည်း အရေးကြီးပါသည်။

ပြည်တွင်းအသားဈေးကွက်တွင် ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်၊ အမဲ အစရှိသည့် အသားအမျိုးမျိုးကို  တွေ့နိုင်သည်။ အသားမှရသော ပရိုတင်းဓာတ်သည် ကောက်ပဲသီးနှံမှရသော ပရိုတင်းဓာတ်များထက် ပို၍ကောင်းမွန်ပါသည်။  အသက်ရှင်နေထိုင်နိုင်ရန် မရှိမဖြစ် အရေးပါသည့် သံဓာတ်၊ ဗီတာမင် ဘီ ၁၂ ဓာတ်တို့မှာ အသားများတွင် ကြွယ်ဝစွာ ပါရှိပါသည်။ ထို့ကြောင့် ကျန်းမာသန်စွမ်းစေရန် အသားများကို မျှတစွာ စားသုံးပေးရမည် ဖြစ်သည်။  အသားတွင်  ရောဂါပိုးမွှားများ ပေါက်ပွားရန် အလွန်လွယ်ကူရာ မသန့်ရှင်းသော အသားကို စားသုံးမိပါက သန်ကောင်၊ တုတ်ကောင်ကျရောက်မှုမှ ကူးစက်ရောဂါများအထိ နောက်ဆက်တွဲပြဿနာ ပေါ်ပေါက်နိုင်ပါသည်။

မြန်မာနိုင်ငံအတွင်း စားသုံးနေကြသည့် အသား အများစု၏ ဇစ်မြစ်မှာ ပြည်တွင်းမွေးမြူရေးခြံများ ဖြစ်ပြီး ပြည်ပနိုင်ငံတချို့မှ ဝင်လာသည်လည်း ရှိသည်။

ဈေးကွက်အတွင်းရှိ အသားများ သန့်ရှင်းမှု အခြေအနေကို မကြာသေးမီက  ကွင်းဆင်းလေ့လာစဉ် ရပ်ကွက်ဈေးများအပြင် သားသတ်ရုံ၊  မွေးမြူရေးခြံတချို့သို့ ရောက်ရှိခဲ့ရာ တိရစ္ဆာန်များမွေးမြူပုံမှအစ  ထုတ်လုပ် ရောင်းချပုံအဆင့်ဆင့်တွင် အန္တရာယ်ဖြစ်နိုင်သည့် အလားအလာတို့ကို တွေ့ခဲ့ရသည်။

ရပ်ကွက်ဈေး အသားရောင်းချမှု

ရပ်ကွက်ဈေးတို့သည် စားသောက်ကုန်ပစ္စည်းမျိုးစုံကို လွယ်ကူ၊ သက်သာစွာ ဝယ်ယူနိုင်သော အဓိကနေရာများဖြစ်ကြသည်။ စားသုံးသူအများစုသည် ဈေးနှုန်း အကဲဆတ်ကြသဖြင့် ကုန်တိုက်ကြီးများထက်  ရပ်ကွက်ဈေးများကိုသာ အားထားကြရာ ဈေးများ သန့်ရှင်းမှုမှာ အလွန်အရေးပါလှသည်။ သို့သော်လည်း မကြာသေးမီက ရပ်ကွက်ဈေးတချို့ကို  လေ့လာရာတွင်   အစိုးရ ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု ရှိမနေကြောင်း တွေ့ရသည်။   နံနက်ပိုင်းမှ နေ့လယ်အထိ အသားမျိုးစုံကို ခုတ်ထစ်ရောင်းချရာတွင် အသားများကို ဈေးခုံပေါ်တွင်သာ ထားရှိကြကြောင်း  တွေ့ရသည်။ ရေခဲတုံးများ၊ ရေခဲပုံးများ အသုံးပြုမှု အားနည်းသည့် အပြင် အဖုံးအကာလည်း မရှိသောကြောင့် ယင်တလောင်းလောင်း ဖြစ်နေသည်။ ဈေးခုံ၊ စဉ်းတီတုံး၊ ဓားတို့ကိုလည်း ဂရုတစိုက် သန့်စင်ခြင်း မရှိကြပေ။

ဈေးသည်အများစု အသားဆေးရန်၊ လက်ဆေးရန် အသုံးပြုကြသည်မှာ ရေပုံး တစ်ပုံးသာ ဖြစ်နေတတ်သည်။ အသားခုတ်ဓားကိုလည်း ထိုပုံးအတွင်း နှစ်ဆေးကြသည်။ ခုံ၊ ဈေးဗန်းတို့ကို သန့်စင်ရန် အသုံးပြုကြသည်မှာ ညစ်ထေးသော အဝတ်ဟောင်း တစ်ပိုင်းတစ်စ ဖြစ်နေတတ်သည်။  ရောင်းကုန်တို့ကို ထိုအဝတ်အစဖြင့် ထိတို့တတ်ပြီး လက်သုတ်ရာတွင်လည်း ထိုအဝတ်စကို သုံးကြသည်။ အသားကိုင်သောလက်ဖြင့်ပင် ပိုက်ဆံ ကိုင်တွယ်ကြရာ  အသားတွင်ရှိသော ပိုးမွှားများ ပိုက်ဆံပေါ်သို့ ကူးစက်နိုင်သကဲ့သို့ ပိုက်ဆံတွင်ရှိသော ပိုးမွှားတို့သည်လည်း အသားကို  ကူးစက်နိုင်ပြန်သည်။  အသားဆိုင်တန်းတွင် လေလွှင့်ခွေးများ ရှိနေတတ်သည်။ အမှိုက်စွန့်ပစ်မှု စနစ်မကျကြသည့် ထိုနေရာတွင် ဧရာမကြွက်တချို့ကိုလည်း တွေ့နိုင်သည်။ ဤသည်မှာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ကြီးသည်။  နံနက်ဈေးတွင် ရောင်းမကုန်သည့် အသားများကို ညဈေးတွင် ပြန်လည်ရောင်းချကြသည်ဟု ဆိုပါသည်။ အအေးခန်း၊ ရေခဲပုံး၊ ရေခဲသေတ္တာ မရှိသော အသားသည်တို့သည် ၎င်းတို့၏ရောင်းကုန် လတ်ဆတ်မှု ရှိစေရန် မည်သည့်နည်းလမ်းများ အသုံးပြုကြသည်မှာ စဉ်းစားစရာပင် ဖြစ်ပါသည်။ အသားများ  မပုတ်သိုးစေရန် ဓာတုဆေးသုံးဖွယ်ရှိသည်ဟု  ဈေးဝယ်သူတချို့ သံသယဖြစ်နေကြရာ ထိုအခြေအနေကို အာဏာပိုင်တို့က တာဝန်ယူ၍ စုံစမ်းစစ်ဆေး သင့်ပါသည်။

သားသတ်ရုံများ အခြေအနေ

သန့်ရှင်းသောအသား ထုတ်လုပ်မှု လုပ်ငန်းစဉ်ဖြစ်ရန်အတွက် သားသတ်ရုံများကိုလည်း အလေးထား စစ်ဆေးရမည် ဖြစ်သည်။ မကြာသေးမီက မွန်ပြည်နယ်ရှိ သားသတ်ရုံတချို့ကို သွားရောက်လေ့လာရာတွင် သန့်ရှင်းမှု ဆိုးရွားသော အခြေအနေများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သားသတ်ရုံတို့သည် အဆောက်အဦး စည်းမျဉ်းသတ်မှတ်ချက်များနှင့် ညီညွတ်မှု အားနည်းသည့်အပြင် အသား သိုလှောင်နိုင်မည့် အအေးခန်း၊ ရေခဲပုံးတို့ကိုလည်း မသုံးကြပါ။

ဘက်တီးရီးယားပိုးများသည် အေးခဲမထားသည့် အသားတွင် ပေါက်ပွားမှုနှုန်း အလွန် မြန်ပါသည်။ ဘက်တီးရီးယားသည် မိနစ်နှစ်ဆယ်အတွင်း ကောင်ရေနှစ်ဆခန့် တိုးလာနိုင်ပါသည်။  အအေးခန်း၊ အအေးဘူး မသုံးသည့် သားသတ်ရုံ၊ ရပ်ကွက်ဈေးတို့ကို ဖြတ်သန်းလာရသည့်အသားသည်  စားသုံးသူလက်ထဲ ရောက်ချိန်တွင် ရောဂါပိုးများ အတားအဆီး မရှိပေါက်ပွားပြီး ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ အလွန်ကြီးမားသည့် ကျန်းမာရေးအန္တရာယ်ပင်။

ဆိတ်သားပေါ်သည့်လိုင်စင်ရလုပ်ငန်းရှင်တစ်ဦးက သားသတ်ရုံကို စစ်ဆေးခြင်း၊  အသားပေါ်မည့် တိရစ္ဆာန်များ ရောဂါကင်းရှင်းကြောင်း စစ်ဆေးခြင်းတို့ကို မကြုံဖူးကြောင်း ပြောသည်။

“လိုင်စင်မရှိမှ အစိုးရက ဖမ်းတာ။ တချို့တွေ လိုင်စင်မရှိလည်း အသားပေါ်ကြတာပဲ” ဟု သူက ဆိုသည်။

သားသတ်ရုံတို့တွင်လည်း အမှိုက် စနစ်တကျ စွန့်ပစ်မှု အားနည်းနေသည်။ သားသတ်ရုံ အလုပ်သမားများသည်  လက်အိတ်၊ လုပ်ငန်းခွင်ဝတ်စုံတို့ကို ဝတ်ဆင်မထားကြပေ။ တိရစ္ဆာန်များ ယာယီထားရှိသည့် နေရာသည် မစင်များ၊ အမှိုက်များနှင့် ပေပွနေသည်။ အသားပေါ်သည့် နေရာတွင်လည်း သွေးကွက်များ၊ တိရစ္ဆာန် အစိတ်အပိုင်းများ ပြန့်ကျဲနေပြီး ထိုနေရာသည် ပိုးဟပ်၊ ကြွက်၊ ခွေးတို့နှင့် မိတ်ဖက်ဖြစ်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

မွေးမြူရေးခြံများ သန့်ရှင်းရေး

သန့်ရှင်းသော အသားကို စားသုံးနိုင်ရေးမှာ ရောဂါကင်းသော တိရစ္ဆာန်များမှ ရသည့် အသား ဟုတ်မဟုတ်အပေါ်တွင် မူတည်သည်။ မွေးမြူရေးခြံတို့ကို စနစ်တကျ ပိုးသတ်ခြင်း၊ သန့်ရှင်းခြင်းများ ပြုလုပ်ရန် လိုအပ်သည်။  တိရစ္ဆာန်များကို ရောဂါကာကွယ်ဆေး စနစ်တကျ ထိုးပေးရန်လည်း လိုအပ်ပါသည်။

ဒေသတချို့ရှိ ဝက်ခြံ၊ နွားခြံတချို့ကို သွားရောက်လေ့လာရာ အဆောက်အဦး စည်းမျဉ်းနှင့် မညီသည့်အပြင် သန့်ရှင်းမှု ကင်းမဲ့နေသည်ကို တွေ့ခဲ့ရပါသည်။  အမိုး အကာ မလုံခြုံသော ဝက်ခြံ၊ နွားခြံများ အတွင်း အခြားတိရစ္ဆာန်များ ဝင်ရောက်နေသည်။  တိမွေးကုဆရာဝန်တို့ လာရောက်ပြီး  ကာကွယ်ဆေးထိုးပေးခြင်း၊ အချိန်မှန် စမ်းသပ်စစ်ဆေးခြင်း စသည့် အစီအစဉ်များ မရှိပါ။

မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အများအပြားသည် ခေတ်မီနည်းပညာ၊  တိမွေးကုဆရာဝန်၊ ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များ ယဉ်ပါးမှု မရှိကြပေ။

ဝက်မွေးမြူသူတစ်ဦးက အစိုးရထံမှ ချေးငွေယူထားသည့် မွေးမြူရေးခြံသာ  စစ်ဆေးခြင်း ခံရမည်ဟု နားလည်ထားကြောင်း မကြာသေးမီက ပြောပြသည်။

“မွေးမြူရေး စလုပ်တုန်းက ကာကွယ်ဆေးတွေ ထိုးတယ်၊ ဝက်ခြံကို အပြင်လူ ပေးမဝင်ဘူး၊ ပြီးတော့ ငါးရက်တစ်ခါ ပိုးသတ်ဆေးဖြန်းတယ်၊ ဘာဖြစ်သလဲဆိုတော့ ဝက်တွေ အရမ်းနုသွားပြီး အကြမ်းမခံနိုင်ဘဲ အကုန် သေကုန်တာ၊ ကျွန်တော် သိန်းသုံးဆယ်လောက် ရှုံးသွားတယ်။ အခု ဝက်တွေကို ဒီအတိုင်းပဲ မွေးတယ်။ အကုန်ရှင်တယ်၊ ကျန်းမာတယ်” ဟု သူက ပြောသည်။

ဝက်မွေးသူတိုင်း  ထိုလုပ်ငန်းရှင်ကဲ့သို့ ပြုမူကြသည် မဟုတ်သော်လည်း အခြေအနေ ဆိုးရွားသော ဝက်ခြံများ အနည်းနှင့်အများ ရှိနေပေမည်။

နွားခြံများသည်လည်း ထိုနည်းလည်းကောင်းပင်။ မွန်ပြည်နယ် နွားခြံတစ်ခုအတွင်း နွားချေးပုံတချို့မှာ ခွာမြုပ်သည်အထိ ရှိနေသည်။ နွားများကို သန့်စင်ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်းတို့မှာ အပိုအလုပ်  ဖြစ်နေသလိုပင်။ ကာကွယ်ဆေးမှာ ဈေးကြီးသောကြောင့် မွေးမြူရေးလုပ်ငန်းအတွက် တွက်ချေမကိုက်ဟု ဆိုကြသူလည်း ရှိသည်။

ကြက်ခြံများမှာမူ  အခြေအနေ ကောင်းမွန်ပါသည်။ ကြက်ခြံတို့ကို မြေပြင်မှ အနည်းငယ် အလှမ်းကွာသည့် အမြင့်တွင် ဆောက်ထားကြပြီး သန့်ရှင်းရေးလည်း စနစ်တကျ လုပ်ထားဟန်တူသည်။ လိုအပ်သည့် ကာကွယ်ဆေးထိုးခြင်း၊  တိမွေးကုဆရာဝန် အပတ်စဉ် စစ်ဆေးခြင်းတို့လည်း ရှိသည်။ ကြက်နာကျလျှင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ချက်ချင်းလာရောက်စစ်ဆေး၍ စနစ်တကျ ပိုးသတ်ပေးသည်ဟု ဆိုသည်။ ထို့ကြောင့် ကြက်နှင့် ကြက်ဥသန့်ရှင်းမှုမှာ အခြားအသားများထက် သာလွန်မည်ဖြစ်သည်။

ကြက်ခြံများ သန့်ရှင်းမှုအခြေအနေ ကောင်းသော်လည်း ကြက်မွေးမြူရေးလုပ်ငန်းက ထိုသို့ မဟုတ်ပေ။ ပြည်ပမှ ကြက်သား၊  ကြက်ဥများ တရားမဝင်တင်သွင်းမှုကြောင့် ပြည်တွင်း ဈေးကွက် ကမောက်ကမ ဖြစ်နေသည်။

ကုန်သည်တို့သည် အသားမျိုးစုံကို ပြည်တွင်းစားသုံးမှု ကျော်လွန်သွားသည်အထိ တင်သွင်းနိုင်စွမ်း ရှိနေသဖြင့် ပြည်တွင်း မွေးမြူရေးလုပ်ငန်း ထိခိုက်နိုင်သည်ဟု ရန်ကုန်မြို့ပြင် ကြက်သားဖောက်လုပ်ငန်းကုမ္ပဏီတစ်ခုမှ လုပ်သက်ရင့်ဝန်ထမ်းတစ်ဦးက သုံးသပ်သည်။

မှောင်ခိုအသား အန္တရာယ်

နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသော အသားများ၊ ဥများကို ထိရောက်စွာ ပိတ်ပင်တားဆီးနိုင်ခြင်း မရှိသေးပါ။ ဤအခြေအနေသည် မြန်မာ့အသားဈေးကွက်ကို ဆိုးရွားစွာ ထိခိုက်နိုင်သည့် အပြင် ကျန်းမာရေး အန္တရာယ်လည်း ကြီးလှပါသည်။   တရားဝင်တင်သွင်းသည့် အသားများကဲ့သို့ စနစ်တကျ စစ်ဆေးမထားသော မှောင်ခိုအသားများသည် ရောဂါရှိသော တိရစ္ဆာန်များ၏ အသားများ ဟုတ်မဟုတ် အာမခံနိုင်ခြင်းမရှိပေ။  သက်တမ်းလွန်အသား ဖြစ်နေတတ်သည့်အပြင် ဓာတုပစ္စည်းလည်း ပမာဏအများအပြား ပါဝင်ကောင်း ပါဝင်နိုင်သည်။ တရုတ်နိုင်ငံဘက်မှ ဝင်လာသော အေးခဲကြက်သား တန်ချိန်ပေါင်းများစွာ ဖမ်းဆီးရမိသည့်သတင်းများကို မကြာခဏ တွေ့နေရသည်။ ထိုသို့ အဖမ်းအဆီး ရှိနေသော်လည်း ထုတ်လုပ်သည့် နေရာနှင့်ရက်စွဲမှတ်တမ်း ဖော်ပြမထားသည့် ထိုအသားများက ဈေးကွက်သို့ နေ့စဉ် ဝင်ရောက်နေသည်။ အသားမှောင်ခိုလမ်းကြောင်းများသည် တရုတ်ဘက်မှသာမက ထိုင်းနယ်စပ်တွင်လည်း ရှိနေသည်။

ကြက်မွေးမြူရေးခြံ ငါးခုရှိရာမှ တစ်ခုသာ ကျန်တော့သည့်  လုပ်ငန်းရှင်တစ်ဦးက သူ၏ လုပ်ငန်းကို ရပ်ဆိုင်းရန် ပြင်ဆင်နေသည်။ နယ်စပ်မှ အေးခဲကြက်သား ခိုးသွင်းလာမှုများကြောင့် ဈေးကွက် ပြောင်းလဲနေပြီဟု သူက ဆိုသည်။

“မှောင်ခိုကြက်သားတွေက ဈေးအရမ်းပေါတော့ ကျွန်တော်တို့ ယှဉ်မရောင်းနိုင်ဘူး။ ကျွန်တော်တို့ပဲ ခံရတာပေါ့။ ဒါတောင် ကျွန်တော့်မှာ ကြက်ခြံ ငါးခြံရှိလို့ အခုထိ တောင့်ခံနိုင်တာ။ တချို့ တစ်ခြံ၊ နှစ်ခြံပဲရှိသူတွေကျတော့ အစောကြီး စီးပွားပျက်သွားကြပြီ” ဟု သူက ဆိုသည်။

အလားတူ ပြည်တွင်းရှိ အသားများသည် ကူးစက်ရောဂါ၊ ရောဂါပိုးမွှားကင်းစင်ခြင်း အာမခံချက် မရှိသကဲ့သို့ သန့်ရှင်းမှု အားနည်းသော လုပ်ငန်းခွင်အခြေအနေကြောင့် အသားအရည်အသွေးမှာလည်း ပြည်ပမှ တရားဝင် သွင်းသော အသားများကို မယှဉ်နိုင်ပေ။

ထို့ကြောင့်  မြို့ကြီးများရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် ပြည်ပမှ တင်ပို့သော အသားများကိုသာ ဈေးကြီးပေးဝယ်၍ တည်ခင်းရောင်းချနေခြင်းသည်လည်း ပြည်တွင်း အသားဈေးကွက်ကို ထိခိုက်နိုင်ပါသည်။

မွေးမြူရေးလုပ်ငန်း ပိုမို အားပျော့လာပါက အသားတင်သွင်းမှု  ပိုမို မြင့်တက်လာပေမည်။ ပြည်တွင်းထုတ်ကုန် နည်းပါးလျှင် နိုင်ငံတော်၏ စီးပွားရေးကို လွန်စွာထိခိုက်နိုင်ပြီး အစားအစာရှားပါးမည် ဖြစ်သည်။ ထိုပြဿနာမှ ကာကွယ်နိုင်ရန် အစိုးရက နိုင်ငံတကာအဆင့်မီ ကြက်မွေးမြူရေးနှင့် ထုတ်လုပ်ရေးစက်ရုံများ စီမံကိန်း အကောင်အထည် ဖော်နေသည်။ သို့သော်လည်း အသေးစားမွေးမြူရေးလုပ်ငန်းများကို ကူညီအားပေးရန်၊ ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန်တို့အတွက် အသားများ တရားမဝင် တင်သွင်းနေမှုကို ပိုမို ထိရောက်စွာ ကိုင်တွယ်ရန် အထူးလိုအပ်နေသေးသည်။

ကျန်းမာရေးအကျိုးဆက်

မသန့်ရှင်းသည့် အသားများတွင် ဘက်တီးရီးယားပိုး၊ ကပ်ပါးကောင်နှင့် ဗိုင်းရပ်စ်ပိုးတို့ ပေါက်ပွားနိုင်ပြီး လူတို့တွင်   ကြက်ငှက်တုပ်ကွေး ကဲ့သို့သော ကူးစက်ရောဂါဆိုးများ ဖြစ်ပွားနိုင်ပါသည်။

(ဇွန်လလယ်ပိုင်းက မြန်မာနိုင်ငံတွင် တစ်ကျော့ပြန်ဖြစ်ပွားရာမှ လူတချို့ သေဆုံးခဲ့သော ပြင်းထန်တုပ်ကွေးသည် ဝက်နှင့် အစားအစာတို့မှ ကူးစက်ခြင်း မဟုတ်ပေ)

အသားတွင် ပါရှိနိုင်သည့် ဓာတုပစ္စည်းများသည်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး၊ ဓာတုပစ္စည်း ပါဝင်မှု အလွန်များပါက အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သည်။

တည်ဆဲဥပဒေတို့တွင် အသားသန့်ရှင်းမှုနှင့် ပတ်သက်ပြီး ထည့်သွင်းပြဋ္ဌာန်းရန် လိုအပ်နေသည်။ စည်ပင်သာယာရေးကော်မတီဥပဒေ ၆၁ (စ) တွင် ရောင်းချမည့် အသားများကို လိုင်စင်ရသားသတ်ရုံများ၌သာ ထုတ်လုပ်ရမည်ဟု ဖော်ပြထားပြီး၊ ၇၉ (က)၊ (ခ) တို့တွင်လည်း လိုင်စင်ရသူတို့သာ သားသတ်ခွင့်၊ ရောင်းချခွင့်ရှိသည်ဟု ဖော်ပြထားပါသည်။    အသားအပါအဝင် စားသောက်ကုန်များကို အင်းဆက်နှင့် ပတ်ဝန်းကျင် အညစ်အကြေးများမှ ကာကွယ်နိုင်ရန်   သိုလှောင်သည့် ပုံးများတွင် ထည့်ထားရမည်ဟု ပြဋ္ဌာန်းထားပါသည်။ သို့သော်လည်း အသားသန့်ရှင်းမှုတွင် အရေးအကြီးဆုံးဖြစ်သော အပူချိန်ထိန်းချုပ်မှုနှင့် ပတ်သက်၍ သီးခြားပြဋ္ဌာန်းထားသော ဥပဒေ လိုနေသေးသည်။ ရပ်ကွက်ဈေးများ၊ သားသတ်ရုံများ၊ မွေးမြူရေးခြံများ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းများကို မဖြစ်မနေလိုက်နာ ဆောင်ရွက်ရန်အတွက်လည်း  ဥပဒေလိုအပ်သည်။

အသား ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာစံချိန်မီ စည်းမျဉ်းစည်းကမ်းများကို  ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ပြီးဖြစ်ပါသည်။ ထိုစည်းမျဉ်းစည်းကမ်းများကို မဖြစ်မနေလိုက်နာရမည် ဟု သတ်မှတ်သည့် ဥပဒေများ ပြဋ္ဌာန်းရန် အထူးလိုအပ်နေပါသည်။ သို့မှသာလျှင် ဈေးကွက်အတွင်းမှ အသားများသည် ကျန်းမာရေးနှင့် ညီညွတ်၊ ပိုမိုသန့်ရှင်းမှုရှိသည့် အခြေအနေဖြစ်လာပြီး ပြည်သူတို့ စိတ်ချယုံကြည်စွာ စားသုံးနိုင်ကြမည် ဖြစ်ပါတော့သည်။

(ရန်ကုန်အခြေစိုက် ဆောင်းပါးရှင် ဆွေဇင်မိုးသည် အာဟာရ၊ အစားအစာတို့အကြောင်း လေ့လာနေသည့် လူငယ်တစ်ဦးဖြစ်သည်။)

ဆွေဇင်မိုး Myanmar Now

Leave a Reply