Sein Sein Lin
တစ်နေ့ကျရင် အောင်မြင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ပြင်းပြင်းနဲ့ လမ်းဘေးဆိုင်က ပိုစတာဆိုင်းဘုတ်တွေကို လိုက်လံရေးဆွဲဝမ်းကျောင်းရင်း ဘဝရပ်တည်ရေးလုံခြုံမှုကို မငဲ့ကွက်ဘဲ ပန်းချီအနုပညာအပေါ် တစိုက်မတ်မတ်ရူးသွပ်ခဲ့တဲ့ ပန်းချီဆရာမဒေါ်စိန်စိန်လင်းရဲ့ပန်းချီရေးဆွဲခြင်းအပေါ် သူရဲ့ခံယူချက်သဘောတရားနဲ့စိတ်နေသဘောထားတို့ကို ဟင်္သာမီဒီယာမှ မေးမြန်းဖော်ပြလိုက်ရပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဆရာမအနေနဲ့ ပန်းချီလောကထဲ ဝင်ရောက်လာပုံလေးကို ပြောပြပေးပါလား။
ဒေါ်စိန်စိန်လင်း။ ။ အန်တီက ပန်းချီကို ကလေးပေါက်စကလေးလောက်ကတည်းက ဝါသနာပါလွန်းလို့ ဆွဲတယ်၊အန်တီ့မိဘတွေကလည်းအနုပညာချစ်တယ်၊ အဖေက မဂ္ဂဇင်း၊ ဂျာနယ်တွေမှာကဗျာတွေရေးတယ်၊ အမေက ဆောင်းပါးတွေ ရေးတယ်၊ အဲ့ဒီလို ဝါသနာတူနှစ်ယောက်ကနေပေါင်းစည်းပြီးတော့ မွေးဖွားလာတော့ အိမ်မှာ မဂ္ဂဇင်းစာအုပ်တွေ အများကြီးရှိတာပေါ့၊ အန်တီကလည်း မိဘတွေဆီက ပါလာတဲ့အနုပညာချစ်စိတ်ကလေးကလေးက ဖြစ်နေတော့ စာအုပ်တွေထဲက ပုံတွေလိုက်ကူးရေးခဲ့တာ၊ ကူးရေးရာကနေ နည်းနည်းလက်လေးတက်လာတာပေါ့၊ ငယ်ငယ်တုန်းက ကျောင်းတွေမှာ ဆိုရင်လည်း ပန်းချီက မပြဋ္ဌာန်းဘူးလေ၊ အဲ့ဒီတော့ မဂ္ဂဇင်းတွေ ကနေကူးရေး၊ ကျောင်းမှာလည်းဝင်ပြိုင်ရင် အသိအမှတ်ပြုခံရတော့ အားတက်တာပေါ့၊ အဲ့ဒီကနေ အရူးပါထသွားတော့တာပဲ၊ အဖေကလည်း အားပေးတယ်လေ၊သူတို့ကတော့ ဘွဲ့ရပညာတတ်တွေမဟုတ်တော့ကိုယ့်ကို ဘယ်လိုအားပေးရမယ်ဆိုတော့ ထဲထဲဝင်ဝင်မသိဘူးပေါ့၊ အဲ့ဒီလိုကနေ ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ ယဉ်ကျေးမှုတက္ကသိုလ်ကိုလေးနှစ်သွားတက်ပြီးတော့ ဘွဲ့ရပြီးတာနဲ့ ပန်းချီလောကထဲ လုံးလုံးဝင်လိုက်တော့တာပဲ၊

ဟင်္သာမီဒီယာ။ ။ ပန်းချီလောကထဲကို ချေစုံပစ်ပြီးဝင်လိုက်တော့ ဘယ်လိုအခက်အခဲတွေ ၊ စိန်ခေါ်မှုတွေကြုံခဲ့ရလဲ။
ဒေါ်စိန်စိန်လင်း။ ။မိဘတွေက အန်တီ(၁၃)နှစ်အရွယ်မှာ အိမ်ထောင်ကွဲသွားကြတယ်၊ အန်တီက အမေနဲ့ နှစ်ယောက်ထဲဖြစ်တဲ့အချိန်မှာ စိုက်ပျိုးရေးသာလုပ်တတ်တဲ့ အမေ့အခြေအနေနဲ့ အန်တီက တက္ကသိုလ်လုံးဝမတတ်သင့်ပေမယ့် ကိုယ်က ပန်းချီအရမ်းတတ်ချင်တဲ့အတွက်တတ်ကိုတတ်ရမယ်ဆိုပြီးတော့ ကြိုးစားပြီးတက်တယ်၊ အလုပ်လည်တဖက်ကလုပ်တယ်၊ အမေကလည်းခြံထဲကထွက်တာကို အပြင်မှာရောင်းပြီး စီးပွားရှာစားခဲ့ရတယ်၊ ကိုယ်ကလည်း လမ်းဘေးဆိုင်က ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကို လိုက်ဆွဲခဲ့ရပါတယ်၊ ဒီလိုပုံစံမျိုးနဲ့ ပန်းချီလောကထဲဝင်ဖြစ်ခဲ့တာပေါ့၊

ဟင်္သာမီဒီယာ။ ။ ပန်းချီစဆွဲတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးကို အဓိကထားပြီး စဆွဲဖြစ်ခဲ့လဲ၊
ဒေါ်စိန်စိန်လင်း။ ။ အန်တီအရင်ဆုံးစဆွဲဖြစ်ခဲ့တာက လူပုံတွေပဲ စိတ်ဝင်စားတော့ လူပုံတွေကိုပဲ အမြဲတမ်းဆွဲနေလေ့ရှိတယ်၊ ရှူခင်းတွေကိုတော့ ကြည့်တာလောက်ပဲ၊ သိပ်ပြီးတော့ ရေးလေ့မရှိဘူး၊ လူပုံတူတွေကို သဲသဲမဲမဲနဲ့ တူအောင်လိုက်ဆွဲတယ်၊ နောက်ဆုံးကျောင်းတက်တဲ့အခါမှာလည်း အဓိကယူဖြစ်တာက ကိုယ်ခန္ဓာတည်ဆောက်ပုံနဲ့ ပုံတူပန်းချီပဲ၊ အဲ့ဒီတော့ ဆယ့်ငါးမိနစ်ပုံတူအမြန်ရေးနိုင်တဲ့ အထိကိုကြိုးစားပြီးလေ့ကျင့်ခဲ့တယ်၊ ဒါပေမယ့် အန်တီနားလည်တာက အနုပညာလုပ်ငန်းလုပ်နေတော့ အနုပညာနဲ့ပတ်သက်တဲ့ အရာအားလုံးကိုချစ်လည်းချစ်ရမယ်၊ ချစ်လည်းချစ်တယ်၊ အဲ့ဒီတော့ ဒီဇိုင်းဆွဲတာလည်းချစ်တယ်၊ ဆိုင်းဘုတ်တွေ ပိုစတာတွေဆွဲရတာလည်း ချစ်တယ်၊ ငွေကြေးနဲ့ ဆက်နွယ်ပြီး စီးပွားရှာတာ ကတစ်ပိုင်း၊ အနုပညာသီးသန့်နဲ့က တစ်ပိုင်းပေါ့၊ အဲ့ဒီလိုနှစ်မျိုးလုံးကို အန်တီကချစ်တော့ ကြိုးစားတာပေါ့၊ ပန်းချီသမားတိုင်းမှာ မျှော်လင့်ချက်လေးတွေ ရှိကြတယ်လေ၊ တစ်နေ့ကျရင် အောင်မြင်ရမယ်၊ ပန်းချီကားတွေ ရောင်းရမယ်ဆိုရင် အန်တီတို့ဘဝက အဆင်ပြေငြိမ်းချမ်းတယ်ဆိုပြီး မျှော်လင့်ကြတယ်ပေါ့၊ ရေးချင်တာရေးတယ်ကွာ အောင်မြင်ခြင်းမအောင်မြင်ခြင်းဆိုတာထက် အနည်းဆုံးအနိမ့်ဆုံးတော့ ပန်းချီကားရောင်းထွက်ဖို့၊ အောင်မြင်ဖို့ကရည်မှန်းချက်ထားကြတာပဲ၊ ဒါက တစ်ဖက်ထားရပြီးတော့ ဆိုင်းဘုတ်တွေ ပိုစတာတွေရေးတာကိုအမြဲတမ်းလက်သွေးနေရတယ်၊ အန်တီ့ကို ဆိုင်းဘုတ်အပ်တာရှိတယ်၊ပြီးတော့ ကွန်ပြူတာတွေမှာ ဂရပ်ဖစ်နဲ့ ဒီဇိုင်းဆွဲရတာတွေရှိတော့ ဒါတွေကိုလည်း လုပ်နိုင်အောင်ကြိုးစားရတယ်၊ သင်ယူရတယ် သူများလုပ်တာကိုလည်း လိုုက်ကြည့်ရတယ်၊ အန်တီက ရုပ်ပြလည်းရေးတယ်၊ ပါတိတ်လည်းရေးတတ်တယ်၊

ဟင်္သာမီဒီယာ။ ။ အန်တီစပြီးဆွဲခဲ့တဲ့အချိန်က ပန်းချီလောကရဲ့ အခြေအနေလေးနဲ့ ဒီဘက်ခေတ်က အခြေအနေလေးတွေကို နှိုင်းယှဉ်ပြပြောပြပေးပါ။
ဒေါ်စိန်စိန်လင်း။ ။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်တုန်းက ပန်းချီကို ဝါသနာပါတဲ့ မိန်းကလေးက သိပ်ပြီးကျယ်ကျယ်ပြန့်ပြန့်မရှိသေးဘူး၊ ဝါသနာပါရင်လည်း တော်တော်ကိုရုန်းကန်ရတာပေါ့၊ မိသားစုအသိုင်းအဝိုင်းကလည်း သိပ်ခွင့်မပြုလိုကြဘူး၊ မိန်းကလေးမပြောနဲ့ ယောကျာ်းလေးတောင် ခွင့်မပြုချင်ကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒါကမွဲဆေးဖော်တယ်ဆိုပြီး ပန်းချီဆွဲတဲ့သူက ထမင်းငတ်မယ့်ကောင်ပဲပေါ့၊အသက်မွေးဝမ်းကျောင်းလုပ်တဲ့ သူတွေဆိုရင်လည်း တော်တော်လေးကို ဆင်းတောင့်ဆင်းရဲ နေကြရတယ်၊ အောင်မြင်တဲ့ သူတွေလည်း ရှိပေမယ့် သူတို့ကလည်း တော်တော်ကို ကြိုးစားရုန်းကန်ပြီးတော့ စီးပွားရေးနဲ့ ပတ်သက်တာကိုလည်း လုပ်ရင်းလည်းအသက်ဆက်ခဲ့ကြရတယ်၊ အဲ့ဒီတော့ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်လောက်က ဘယ်မိဘကမှ ကိုယ့်သားသမီးကို ပန်းချီလုပ်ဖို့ အားမပေးကြဘူး၊ တို့မြန်မာလူမျိုးတွေကပန်းချီအနုပညာကို ချစ်တယ်၊ ဒါပေမယ့် ဘဝရပ်တည်မှုနဲ့ ဘဝလုံခြုံမှုဆိုတာကို ထည့်ပြီး စဉ်းစားတဲ့ အခါကျတော့ မိဘတွေက သဘောတူဖို့ခက်ခဲခဲ့ကြတာလည်းဖြစ်တယ်၊ အဲ့ဒီလိုကနေ ဒီဘက်ခေတ်လည်းရောက်လာတဲ့အခါကျတော့ ဆက်သွယ်ရေးဆိုလည်းကောင်းတယ်၊ သတင်းအချက်အလက်တွေလည်းကောင်းတယ်၊ လူငယ်တွေကလည်း အမြင်တွေ အရမ်းပွင့်လာတဲ့အခါမှာ ပန်းချီအလုပ်ကိုရွေးချယ်ဖို့ သတ္တိရှိလာတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ရှေ့မှ အသက်ငယ်ငယ်တဲ့အောင်မြင်လာကြတဲ့သူတွေကို တွေ့တဲ့အခါကျတော့ တစ်ခြားနိုင်ငံတွေမှာ အနုပညာနဲ့ ပတ်သက်ပြီး ဘယ်လောက်အောင်မြင်နေလဲ ၊ ဒါနဲ့ ထွန်းပေါက်ရင် စီးပွားရေးအရရော ဘယ်လောက်အဆင်ပြေမလဲဆိုတာတွေကို သတင်းအချက်အလက်အမျိုးမျိုးကနေရလာတဲ့အခါကျတော့ ပန်းချီဆရာဖြစ်ဖို့ပဲဖြစ်ဖြစ်အားရှိလာပြီးရွေးချယ်ဖြစ်လာကြတယ်ပေါ့။

ဟင်္သာမီဒီယာ။ ။အဲ့ဒီလွန်ခဲ့တဲ့အချိန်တုန်းက ပန်းချီဆွဲမယ်ဆိုရင် အဖိုးအခအနေနဲ့ ဘယ်လိုရခဲ့ကြလဲ။
ဒေါ်စိန်စိန်လင်း။ ။ ဥပမာ ပုံတူလက်ခံရေးတယ်ဆိုရင် ဟိုဘက်ခေတ်တုန်းက ခဲခြစ်ပုံတူတစ်ပုံကိုတစ်သောင်းလောက်ပဲရတယ်၊ ဒါကသိပ်ဆိုးတဲ့ အခြေတော့မဟုတ်ဘူး၊ ရပ်တည်လို့ဖြစ်တယ်၊ နှစ်ရက် သုံးရက်လောက်ရေးလိုက်တာနဲ့ ကိုးထောင်တစ်သောင်းရနိုင်တာကိုး၊ အဲ့ဒီတုန်းက ဆီဆေးတွေရေးလို့ရှိရင်တော့ ငါးသောင်းဝန်းကျင်ပေါ့၊ ဒီထက်အသေးစိတ် ပညာရှင်က ရေးတယ်ဆိုရင်တော့ တစ်သိန်းလောက်ပေါ့၊ သို့ပေမယ့် တို့တွေလို မအောင်မြင်တဲ့ အခါကျတော့လေးငါးသောင်းဆိုရင်တော်တော်များနေပြီ၊ ပညာကလည်း တော်တော်ကောင်းမှ၊ ဒီဘက်ခေတ်ကျတော့ တစ်သိန်းကျော်ကနေ သုံးလေးသိန်းလောက်ထိ ပညာကောင်းရင်ကောင်းသလောက် ပုံတူလက်ခံပြီးယူလို့ရနေပြီ၊ ပန်းချီကားချပ်တွေဆိုရင်လည်း ဟိုတုန်းက ထိုင်းနိုင်ငံတို့ဆိုတာက ပန်းချီပညာမှာ ထိပ်လိုပဲ၊ အရမ်းရောင်းရတယ်၊ အောင်မြင်ရင်ပေါက်သွားတယ်၊ အန်တီက ထင်ရှားကျော်ကြားသူလည်း မဖြစ်သေးတဲ့ အတွက် ပန်းချီကားတစ်ချပ်ရောင်းရင် ထိုင်းနိုင်ငံမှာ ဘတ်ခြောက်ထောင်ရတယ်၊ မြန်မာငွေနှစ်သိန်းလောက်ပေါ့ ၊တို့နိုင်ငံမှာဆိုရင် ပြပွဲတွေ ကြိုကြားကြိုကြားလုပ်တယ်၊ တစ်ကားကို ဒေါ်လာ တစ်ရာက သုံးရာလောက်ပေါ့၊ ဒေါ်လာတစ်ထောင် တစ်သောင်းလောက်ထိတင်နိုင်တဲ့ အခြေအနေတို့မှာ မရှိသေးဘူး ၊ရောင်းရရင် ကိုယ်က ပျော်ရမယ့် အနေအထားဆိုတော့့ ဒေါ်လာငါးရာက အလွန်ဆုံးပဲ၊

ဟင်္သာမီဒီယာ။ ။ အဲ့ဒီတော့ အန်တီက ပန်းချီနဲ့ ဘဝကိုရပ်တည်နိုင်သွားပြီလား။
ဒေါ်စိန်စိန်လင်း။ ။ အန်တီကတော့ အဲဒီလိုထင်တာပဲ၊ ဒီဆယ်နှစ်တာအတွင်း ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ဆိုရင် အခလုပ်နေတာကလည်း ပညာရေးနဲ့ ပတ်သက်တဲ့ မော်လမြိုင် တက္ကသိုလ်ကNGOမှာပန်းချီ သင်တန်းနည်းပြပေါ့၊ သင်တန်းဆရာတွေကလည်း သရုပ်ဖော်ပုံတွေလိုတိုင်းလည်း ဆွဲပေးရတယ်၊ ပြီးတော့ ဒီမှာရှိတဲ့ မွန်အမျိုးသမီးအဖွဲ့တွေ၊ အမျိုးသားအဖွဲ့တွေက ဆိုင်းဘုတ်တွေလိုလာတဲ့အခါ ပိုစတာဒီဇိုင်းတွေ အခင်းအကျင်းတွေကို ဆက်သွယ်လာလို့ရှိရင် လိုက်လုပ်ပေးရတယ်၊ ဒီလို မျိုး အလုပ်လုပ်နေတဲ့ အခါကျတော့ ရပ်တည်နေနိုင်ပြီလို့ထင်တာပါပဲ။ တစ်ခြားပန်းချီပညာရှင်တွေကလည်း အန်တီလိုပဲတစ်ဖက်က အဖွဲ့အစည်းတွေမှာ လုပ်ပြီး ရတဲ့ငွေနဲ့ ပန်းချီမှာ ကိုယ်လုပ်ချင်တာကိုလုပ်ကြတယ်၊

ဟင်္သာမီဒီယာ။ ။ အန်တီက အခုအချိန်ထိ ပန်းချီကား ဘယ်နှစ်ကားလောက်ဆွဲပြီးသွားပြီလဲ။
ဒေါ်စိန်စိန်လင်း။ ။ အရင်တုန်းက တစ်နှစ်ကို ကားနှစ်ဆယ်လောက်ဆွဲဖြစ်တယ်၊ အန်တီထင်တယ် အန်တီက ပန်းချီကား ငါးရာကျော်လောက်တော့ ဆွဲပြီးခဲ့ပြီ၊ ဒီထဲမှာတော့ Land scape နဲ့ Portrait ပုံကတော့ မျှချေလောက်ရှိမယ်။

ဟင်္သာမီဒီယာ။ ။ပန်းချီက လူတွေရဲ့ ဘဝတွေနဲ့ ဘယ်လိုပတ်သက်နေလဲ ဘယ်လောက်ထိရောအရေးပါသလဲ။
ဒေါ်စိန်စိန်လင်း။ ။ ပန်းချီအနုပညာကနေရာတိုင်းမှာရှိတယ်၊ ပန်းချီနဲ့ နှီးနွယ်တဲ့မြင်မှုဆိုင်ရာက နေရာတိုင်းမှာရှိတယ်၊ အိမ်ဆိုရင်လည်း အရောင်ခြယ်ကြတယ်၊ ဒါလည်းပန်းချီပဲလေ၊ အကျီလေးတစ်ထည်က အစဘာအရောင်လေးမှ ကြိုက်တယ်ဆိုတာကလည်း ရွေးချယ်တာပဲ၊ လူတွေက အိမ်တိုင်းမှာ ပန်းချီကား တစ်ကားစီတော့ ဝယ်ထားချင်မှ ဝယ်ထားနိုင်လိမ့်မယ် သူတို့ဘဝနေထိုင်မှုထဲမှာတော့ အားလုံးက ပန်းချီနဲ့နှီးနွယ်နေကြတဲ့ အရာတွေပဲဖြစ်တယ်၊ ကွန်ပြူတာ ဂရပ်ဖစ်ဒီဇိုင်းတွေ ပိုစတာတွေဆိုတာကလည်း လူမှုဆက်ဆံရေးပဲ၊ ဒါတွေကလည်း ပန်းချီကိုအခြေခံသော ဒီဇိုင်းပညာတွေကြီးပဲဆိုတော့ ပန်းချီက လူအဖွဲ့အစည်းမတိမ်ကောသ၍ ဒီကိစ္စကလည်း မတိမ်ကောဘူး၊ အရောင်တွေကိုသာ စိတ်မဝင်စားဘူးဆိုရင်တော့ နေ့တိုင်းအဖြူရောင်ကြီးပဲ ဝတ်နေကြမှာပေါ့၊ အဲ့တော့ ဒါတွေအားလုံးက ပန်းချီနဲ့ ဆက်ပ်နေတယ်လို့ပြောလို့ရတာပေါ့။

ဟင်္သာမီဒီယာ။ ။ အခြေခံအားဖြင့် ပန်းချီနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူက ဘယ်လိုအရာတွေကို ရှောင်ကျဉ်ရပြီးတော့ ဘယ်လိုဟာတွေကို လိုက်နာရလဲ။
ဒေါ်စိန်စိန်လင်း။ ။အဓိက ရှောင်ကျဉ်ရတာက စု၊ တု၊ ပြု ကိစ္စပေါ့၊ စုတုပြုကိစ္စဆိုတာက စာပေနဲ့ ကဗျာမှာဆိုရင် သူများရဲ့ ကဗျာလေးကို တစ်ပိုဒ်လောက်ဆွဲယူပြီး ကိုယ့်ကဗျာလေးထဲ ထည့်တာမျိုး၊ ကမ္ဘမှာလည်း စုတုပြုကိစ္စတွေရှိတယ်၊ ပန်းချီဆရာဆိုရင်လည်း စု၊ တု၊ ပြုက လုပ်ရတာပဲ၊ တကယ်အောင်မြင်တဲ့ ပန်းချီဆရာကြီး ပီကာဆိုက(Every Artist is Thief) ပန်းချီဆရာတိုင်း သူခိုးကြီးပဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူကလည်း သူ့ရှေ့က ရေးလာတဲ့ ပန်းချီဆရာတွေရဲ့ နည်းဟန်တွေကို သူခိုးယူတယ်၊ ဒါကိုယဉ်ယဉ်ကျေးကျေးပြောရရင် စုဆောင်းတယ်၊ တုပတယ် ပြီးတော့ ကိုယ်ပိုင်ဟန်ပြန်လုပ်တာပေါ့၊ ကိုယ့်ရှေ့မှာ လမ်းကိုချဲ့ထွင်သွားတဲ့ လူတွမပါပဲနဲ့ နောက်ကို လက်ဆင့်ကမ်းလို့မရဘူး၊ အန်တီဆိုရင်လည်း စု၊ တု၊ ပြုရတယ်၊ အဓိကကတော့ လူတစ်ယောက်က ကိုယ့်ရဲ့ ကိ်ုယ်ပိုင်ဟန်နဲ့ ကြိုးစားပြီး အောင်မြင်ချင်တယ်ဆိုရင်တော့ ဒုတိယဖိုးစိန်မလုပ်ရဘူး၊အရှေ့ ကဆရာက ဒီလိုရေးလို့ ကိုယ်ကလည်း ဒီလိုပဲရေးမယ် ဆိုတာမျိုးမဖြစ်ရဘူး၊ ကိုယ်ပိုင်ဟန် မလုပ်သည့်တိုင်အောင် အရိုးသားဆုံး သဘာဝကို ဘယ်လိုတုပပြီးရေးမယ်ဆိုပြီး နောက်ဆုံး အန္တိမ ပန်းတိုင်ထားရတယ်၊ ခိုးချပါ စုဆောင်းပါဆိုပေမယ့် ဒီတိုင်းကူးချပြီးတော့ လက်မှတ်ထိုးတာမျိုးလုံးဝမလုပ်သင့်သလို ဒီလိုလူမျိုးကလည်း လုံးဝနာမည်မတက်ဘူး၊ဟိုဘက်ခေတ်က လူမှုကွန်ယက်နဲ့ သတင်းစာနယ်ဇင်းခေတ်မဟုတ်တဲ့အခါကျတော့ နိုင်ငံခြားပန်းချီဆရာတစ်ယောက်ယောက်ရဲ့ ပန်းချီကားတွေကို ကူးရေးပြီးပေါက်အောင်လုပ်ရတယ်၊ ဒီဘက်ခေတ်ကျတော့ကိုယ်က ကူးလိုက်ပြီးတင်လိုက်ရင် နောက်တစ်နေ့မှာပဲ မူရင်းပိုင်ရှင်က ပေါ်နိုင်တဲ့ အတွက်တို့တွေသည် စည်းကမ်းထားရပြီပေါ့။

ဟင်္သာမီဒီယာ။ ။ လက်ရှိ မြန်မာ့ပန်းချီက အဆင့်အတန်းမြင့်လာပြီလား၊ဘယ်လိုအခြေအနေမျိုးထိ ရောက်နေပြီလဲ။
ဒေါ်စိန်စိန်လင်း။ ။ပန်းချီအနုပညာက ဘယ်လိုလူပဲ ဖြစ်ဖြစ် အာဖရိကပဲ ဖြစ်ဖြစ် အာရှသားပဲဖြစ်ဖြစ် သူ့မှာလေ့လစူးစမ်းနိုင်ပြီးတော့ လေ့ကျင့်နိုင်တဲ့ အားရှိရင်ရှိသလောက် လယ်ပယ်တူသွားလို့ရတယ်၊ ပန်းချီအနုပညာက မီအောင်ကြိုးစားပြီးလိုက်လို့ရတယ်၊ တစ်ခုရှိတာက နိုင်ငံကြီးသားတွေက အကြားအမြင်များတယ်၊ သူတို့သာလျှင် နည်းပညာတွေကို ဦးဆောင်တဲ့သူဖြစ်တယ်၊ အန်တီတို့က နောက်ကနေလိုက်ပြီးလေ့လာရင်း လည်ပယ်ကတူနေတာပဲ၊ လေ့လာလိုက်စားမှုအားကောင်းရင် သူတို့ကိုကျော်လို့တောင်ရတယ်၊ ဒါက ပန်းချီအနုပညာရဲ့ လွပ်လပ်မှုပဲ။

ဟင်္သာမီဒီယာ။ ။ အခုလက်ရှိ လူတွေရဲ့ ပန်းချီအပေါ်စိတ်ဝင်စားမှု အခြေအနေက ဘယ်လိုရှိလဲ။
ဒေါ်စိန်စိန်လင်း။ ။ ဟိုးအရင်က ဆိုရင် အန်တီတို့ ပန်းချီကားတွေဝယ်ယူစုဆောင်းတာကို စောင့်ပြီးတော့ ရောင်းစားမယ်ဆိုရင် လုံးဝမဖြစ်နိုင်တဲ့ အခြေအနေပါ၊ အခုကျယ်ပြန့်လာတော့ နိုင်ငံခြားသားတွေကလည်း အရမ်းဝယ်လာကြတယ်၊ ပန်းချီဟာ တန်ဖိုးထားစရာ မြတ်နိုးစရာဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သိလာတာနဲ့ အမျှလက်ခံလာတယ်၊ မဝယ်နိုင်ကြသေးဘူးဆိုပေမယ့် ခံစားနိုင်တယ် လက်ခံနိုင်တယ်၊ ကြည့်လိုက်တာနဲ့ ဒါပန်းချီကားကောင်းပဲ ဆိုတာမျိုးမြင်တတ်လာကြတယ်၊ ဒါပေမယ့် နယ်တွေမှာတော့ ဒီအခြေအနေမရှိသေးဘူး၊ မြို့ပြနဲ့ အနီးတစ်ဝိုက်က မြို့တွေလောက်ပဲရှိသေးတယ်၊ နယ်က သိနိုင်ဖို့အတွက်ကို အဆက်အသွယ်တွေလိုနေတယ်၊ နိုင်ငံခြားကျောင်းတွေမှာဆိုရင် မူလတန်းက စပြီး ပန်းချီက မသင်မနေရပဲ၊ အဲ့တော့ ကလေးဘဝထဲက ပန်းချီအခြေခံကို သိတယ်၊ အဲ့တော့ ငယ်ငယ်လေးထဲက မျိုးစေ့ရထားပြီးသား၊ တို့နိုင်ငံမှာတော့ ဒီလိုမရသေးဘူး၊ဒါပေမယ့် ရှေ့အနာဂတ်မှာလုပ်နိုင်မယ်လို့တော့ မျှော်လင့်တယ်၊ တစ်ချို့ကျောင်းမှာလည်း ပန်းချီဆရာရှိပေမယ့် တောရောမြို့မကျန် ပန်းချီဆရာတွေ ကျောင်းတိုင်းရှိမယ်ဆိုရင် ပိုပြီးတော့ ကောင်းမှာပေါ့၊ ကလေးတွေကလည်း ကျုရှင်နဲ့ ဘာနဲ့ အချိန်ကလည်း မပေးနိုင်ကြဘူး၊ အဲ့ဒီအခါကျတော့ တီထွင်ဆန်းသစ်မှုဆိုတဲ့ အပိုင်းမှာ အားနည်းကုန်ကြတယ်၊ အန်တီကတစ်ခါတစ်လေကျရင် တောနယ်ပိုင်းကိုသွားပြီးတော့ ရွာတွေမှာရှိတဲ့ လူငယ် ဆရာ၊ ဆရာမလေးတွေကို ပန်းချီပညာသွားသင်ပေးရတယ်၊ သူတို့လည်း အရမ်းပျော်ကြတယ်၊

ဟင်္သာမီဒီယာ။ ။ အန်တီကရော ပန်းချီနဲ့ ပတ်သက်ပြီး မှတ်တိုင်တွေ ထူခဲ့လား။
ဒေါ်စိန်စိန်လင်း။ ။ ပြပွဲတွေတော့ လုပ်ခဲ့တယ်ဒါပေမယ့် မှတ်တိုင်တစ်ခုဖြစ်အောင်တော့ ကြီးကြီးမားမားမလုပ်နိုင်ခဲ့သေးဘူး၊ မယ်ဆောက်လို့ နေရာမှာတော့ ဆယ်နှစ်မှာ ကိုးနှစ်လောက်မှတ်တိုင်ထူးထူးခြားခြားစိုက်ထူနိုင်ခဲ့တယ်၊

ဟင်္သာမီဒီယာ။ ။ ပန်းချီကိုဝါသနာပါပေမယ့် အုံ့ပုန်းလိုဖြစ်နေတဲ့ လူငယ်တွေ လူရွယ်တွေ၊ ပန်းချီပညာကို စိတ်ဝင်စားပြီး သင်ချင်နေတဲ့သူတွေကို အားပေးစကားတစ်ခုခုပြောပေးပါဦး။
ဒေါ်စိန်စိန်လင်း။ ။ အန်တီကတော့ အန်တီ့ဘဝကိုဇွတ်တိုးခဲ့တာပဲ၊ သူငယ်ချင်းတွေဆိုရင်လည်းလမ်းတစ်ဝက်မှာလှည့်ပြီးတော့ စီးပွားရေးလိုင်းထဲကို ရောက်ကုန်ကြတာပဲ။ အန်တီကတော့ ချမ်းသာကြွယ်ဝနိုင်မယ့် စီးပွားရေးတစ်ခုခုကို အားမထုတ်ပဲနဲ့ ပန်းချီကိုပဲ တစ်စိုက်မတ်မတ်လုပ်ခဲ့တယ်၊ အန်တီက ချမ်းသာကြွယ်ဝမှုမရှိပေမယ့် ကိုယ့်ဝါသနာကိုလုပ်နေရလို့ပျော်တယ်၊ အဓိကပြောချင်တာက ဘဝဆိုတာရေပွက်တစ်ခုပဲ၊ ဒီတော့ ငါတို့ယုံကြည်တာကို ငါတို့ရွေးချယ်ရမှာပေါ့၊ကိုယ်လုပ်ချင်တဲ့ဟာကို လုပ်နေရတယ်ဆိုရင်လည်း တစ်ခါတစ်လေ ကျတော့ ဆင်ကန်းတောတိုးဆိုတာမျိုးတွေရှိတတ်တယ်၊ လုပ်သာလုပ်နေတယ် အရာမရောက်ဘူးပေါ့၊ အဲ့တာမျိုးတော့ မဖြစ်ရဘူး၊ ကိုယ်လုပ်ချင်လို့ လုပ်နေတဲ့အရာအပေါ်မှာ ဦးတည်ချက်ရည်ရွယ်ချက်ရှိရမယ်၊ ဥပမာ ငါသည်အောင်မြင်တဲ့ ပန်းချီဆရာမဖြစ်သေးသည့်တိုင် ပန်းချီနည်းပြဆရာအဖြစ်တော့ ရောက်ကိုရောက်ရမယ်ဆိုတဲ့လူတစ်ယောက်ဖြစ်ရမယ်ဆိုတာမျိုးရှိရမယ်၊ ဒါတွေကို အမြဲဝမ်းစာဖြည့်ထားမယ်ဆိုရင် ဘဝနေထိုင်မှုက ကြောက်စရာမရှိပါဘူး၊ ကြိုးစားကြပါ။

Written by ဖိုးဝ

Leave a Reply