NLD_Free_Edu

မော်လမြိုင်မှာ ပညာသင်ကြားဖို့ ငွေကြေး မတတ်နိုင်တဲ့ ကလေးတွေ အများကြီးရှိခဲ့ပါတယ်။ ဒီလိုချို့တဲ့လှတဲ့ ကလေး တွေကို ငွေကြေးတစုံတရာ မယူဘဲ အခမဲ့ ပြင်ပကနေ ကျုရှင် သဘောမျိုး သင်ကြား ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ပန်းပျိုးအိမ် ပညာဒါနကျောင်းနဲ့ ကျောင်းရဲ့ ဆောင်ရွက်ချက်တွေကို ထိုကျောင်းရဲ့ တာဝန်ခံဖြစ်တဲ့ ဦးစိန်ဝင်းထွန်းနဲ့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြ လိုက်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဦးစိန်ဝင်းထွန်းအနေနဲ့ ပန်းပျိုးအိမ် ပညာဒါနကျောင်း ဖွင့်ဖြစ်ခဲ့ပုံကို ပြောပြ ပေးပါလား ခင်ဗျာ။

ဦးစိန်ဝင်းထွန်း ။ ။ ပန်းပျိုးအိမ် တည်ထောင် ဖြစ်ခဲ့တာက ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ ပြီးတဲ့ ကာလမှာ NLD ပါတီဝင် တွေနဲ့ ရပ်မိရပ်ဖတွေ စုမိ ကြတော့ ပါတီ အနေနဲ့ ပတ်ဝန်းကျင် တိုးတက်ဖို့ ဘာတွေ လုပ်နိုင်မလဲ ဆိုပြီး စဉ်းစား ကြတဲ့ အခါမှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ပိုပြီး လုပ်နိုင်မယ်လို့ စဉ်းစား ခဲ့ကြတယ်။ ပညာရေးက ကုန်ကျ စရိတ်လည်း သိပ်ပြီးတော့ အများကြီး မရှိဘူး၊ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဝိုင်းကူညီမယ့် ဆရာ၊ ဆရာမ အရင်းအမြစ် တွေလည်း ရှိတယ်။ ငွေရေး၊ ကြေးရေး မတတ်နိုင်တဲ့ ကလေး တွေကို အခမဲ့ ဖွင့်ပေးကြရင် ကောင်းမယ် ဆိုပြီးတော့ တိုင်ပင် ကြတာပေါ့။ ကျွန်တော်တို့ NLD ပညာရေး ကွန်ရက်ရဲ့ မူဝါဒ ကလည်း ကလေးတိုင်း တန်းတူ ညီမျှသော ပညာရေး ရရှိရေး ဆိုတဲ့ မူဝါဒလည်း ရှိတယ် ဆိုတော့ ဇေယျာသီရိ ရပ်ကွက်က ရပ်မိ၊ ရပ်ဖတွေ စုပြီး အလှူငွေ ထည့်ကြပြီးတော့ အဲ့ဒီ အချိန်ကစပြီး တည်ထောင် ဖြစ်ခဲ့တာပါ။

ဟင်္သာမီဒီယာ ။ ။ ပန်းပျိုးအိမ် ပညာဒါနကျောင်းရဲ့ ရည်ရွယ်ချက်၊ မူဝါဒ၊ သတ်မှတ်ချက်၊ စည်းကမ်းတွေက ဘယ်လိုတွေ သတ်မှတ် ထားသေးလဲ။

ဦးစိန်ဝင်းထွန်း ။ ။ ပန်းပျိုးအိမ်ရဲ့ ရည်ရွယ်ချက်ကတော့ NLD ပညာရေး ကွန်ရက်ရဲ့ မူဝါဒအတိုင်း ကျောင်းနေ အရွယ် ကလေးတိုင်း တန်းတူညီမျှသော ပညာရေးရရှိရေးပေါ့၊ ဒီဒေသမှာကလည်း ဝင်ငွေနည်း မိသားစုတွေ များတဲ့အခါကျတော့ လက်ရှိလိုအပ်နေတဲ့ ပညာရေးက မရှိရင်မဖြစ်ဘူး။ ကျောင်းပညာရေးကလည်း သူတို့ လိုအပ် သလောက်ကို မပေးနိုင်သေးဘူး၊ ကျောင်းသားအများစုက ကျူရှင်သွားကြတာများတယ်၊ အချို့ကတော့ ကျူရှင်တက်ဖို့ မတတ်နိုင်ကြဘူး၊ အဲ့ဒီကလေးတွေကို အဓိက ရည်ရွယ်ပြီး ကျောင်းထောင်ဖြစ်တာပါ။

ဟင်္သာမီဒီယာ ။ ။ ပန်းပျိုးအိမ်ပညာဒါနကျောင်းမှာ အခုလက်ရှိ ပညာသင်နေတဲ့ ကျောင်းသားတွေက ဘယ်လို အခြေအနေတွေ ရှိကြလဲ။ ဘယ်လို မိသားစု အသိုင်းအဝိုင်းကနေ လာကြတာများလဲ။

ဦးစိန်ဝင်းထွန်း ။ ။ အခုလက်ရှိ ၂ဝ၁၆-၁၇ ပညာသင်နှစ်မှာတော့ ရှစ်တန်းနဲ့ ကိုးတန်းကျောင်းသားတွေကို သင်ပေး ပါတယ်။ ကလေးတွေက ပတ်ဝန်းကျင် ရပ်ကွက်က ကလေးတွေ များပါတယ်။ ဇေယျာသီရိ၊ သာယာအေး၊ ရွှေမြိုင်သီရိ၊ ဇေယျာချမ်းမြေ့၊ မျှော်လင့် စတဲ့ ရပ်ကွက်က များတယ်။ ကျောင်းအနေနဲ့ ဆိုရင်တော့ သုခဝတီ အထက်တန်းကျောင်း၊ ရွှေမြိုင်သီရိ အမှတ် (၃) အလကခွဲ၊ အမှတ် (၆) အ.ထ.က၊ အမှတ် (၈) အ.ထ.က၊ အမှတ် (၁ဝ) အ.ထ.က၊ အမှတ် (၄) အ.ထ.က ကျောင်းတွေက ကလေးတွေ ဖြစ်ကြပါတယ်၊ လတ်တလောမှာတော့ ရှစ်တန်းကျောင်းသားက ၁၄ ဦး၊ ကိုးတန်းကတော့ ၃ဝ ဦး ပညာသင် နေကြပါတယ်။ ပထမ ရည်ရွယ်ချက်က ပိုက်ဆံ မတတ်နိုင်တဲ့ ကလေးတွေကို သင်ဖို့ပေါ့။ ဒါပေမယ့် နောက်ပိုင်း ကျတော့ အပြင်ကကျူရှင်လခ ပေးနိုင်တယ်ဆိုပေမယ့် ဒီကျောင်းက စာသင်တာကို သဘောကျတယ် ဆိုရင်လည်း ဘယ်ကလေးမဆို လာလို့ရတယ်၊ ဘယ်အသိုင်းအဝိုင်းက ကလေးမဆို ဆင်းရဲသားပဲဖြစ်ဖြစ် ချမ်းသာတဲ့ သူပဲဖြစ်ဖြစ် ဒီကသင်တဲ့ ပညာရေးကို လိုလိုလားလားရှိပြီး ကြိုးစားချင်စိတ်ရှိတဲ့ မည်သည့် ကလေးမဆို ကျွန်တော်တို့က လက်ခံပေးပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဆရာတို့က ကလေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ ပညာသင်ကြားပေးလဲ။

ဦးစိန်ဝင်းထွန်း ။ ။ ကျွန်တော်တို့က ကလေးတွေကို ကျောင်းက စာကြီးပဲ ရှင်းပြပြီးတော့ နှုတ်ပြီး အလွတ်ကျက် ပုံစံမျိုးနဲ့ မသွားပဲနဲ့ အဖွဲ့လိုက်ဆွေးနွေးတာတွေ ကိုသင်ပေးတယ်။ ကျောင်းစာအပြင် စဉ်းစား တွေးခေါ် တတ်အောင်လည်း ကျောင်းက သင်ပေးတယ်၊ တစ်ပတ်မှာ ငါးရက်၊ တနင်္လာကနေ သောကြာနေ့ထိ အပတ်တိုင်း နံနက် ၇ နာရီမှ ၈ နာရီထိ၊ ညနေ ၆ နာရီမှ ၇ နာရီခွဲအထိ သင်ပေးပါတယ်။

ဟင်္သာမီဒီယာ ။ ။ ပန်းပျိုးအိမ် စတင်တည်ထောင်တဲ့ အချိန်ကနေစပြီး လက်ရှိအချိန်ထိ ကျောင်းသား အရေအတွက် ဘယ်လောက်အထိ ပညာသင်ပေးနိုင်ခဲ့ပြီလဲ။

ဦးစိန်ဝင်းထွန်း ။ ။ ကျောင်းသားစုစုပေါင်း လေးရာကျော်လောက်တော့ ပညာသင်ပေးနိုင်ခဲ့ပြီ၊ ကျွန်တော်တို့က ကိုးတန်းထိပဲ သင်ပေးနိုင်တယ်ဆိုတော့ ဒီကနေ ဆယ်တန်းအောင်သွားကြတဲ့ ကလေးတွေက ၁၅ ယောက် လောက်တော့ ရှိပါတယ်။ သူတို့ကပဲ ဒီကျောင်းမှာ စေတနာ့ဆရာအဖြစ် ပညာလာပြန်သင်ပေးကြပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဒီမှာလာသင်ပေးတဲ့ ဆရာ၊ ဆရာမ အခြေအနေတွေကိုလည်း ပြောပြပေးပါလား။

ဦးစိန်ဝင်းထွန်း ။ ။ လောလောဆယ်မှာတော့ ဒီမှာလာသင်ပေးတာ ကိုးယောက်ရှိပါတယ်၊ အဓိကအားဖြင့် အင်္ဂလိပ်၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ်အလိုက်သင်ပေးကြပါတယ်။

ဟင်္သာမီဒီယာ ။ ။ ပန်းပျိုးအိမ် ပညာဒါနကျောင်းက အခမဲ့ဆိုတော့ လတ်တလောမှာ ဘယ်လို အခက်အခဲ တွေကို အဓိက ရင်ဆိုင် နေရလဲ။

ဦးစိန်ဝင်းထွန်း ။ ။ အခက်အခဲတွေက ဒီကျောင်းက ပညာဒါနကျောင်းဖြစ်တော့ လက်ရှိမှာ ကျောင်းရန်ပုံငွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်အပေါ်မှာပဲ မှီခိုရတယ်၊ ၂ဝ၁၂-၁၃ ခုနှစ်ကတော့ ဒီဒေသက အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်ခဲ့ရတယ်။ ၂ဝ၁၃-၁၄ ခုနှစ်ကကြတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကနေပြီးတော့ တစ်နှစ်စာကို ငါးသိန်းထောက်ပံ့ပေးတယ်။ ၂ဝ၁၄-၁၅ နဲ့ ၂ဝ၁၅-၁၆ ခုနှစ်တွေ ကျတော့ ကွန်ရက်ကပဲ သုံးသိန်းစီ ထောက်ပံ့ပေးတယ်၊ ဒီနှစ်ကျတော့ လေးသိန်း ထောက်ပံ့ပေးတယ်၊ အားလုံး ၁၅ သိန်းရှိပြီ။ ကျောင်းရံပုံငွေက ကွန်ရက်အပေါ်ပဲ မှီခိုပြီး အပြင်က ဘယ်နေရာမှ မကောက်ခံဘူး၊ လစဉ်ကြေး ဆိုတာတွေလည်း မရှိဘူး၊ ငွေတွေကို ကျောင်းအတွက် ဆောင်ရွက်တာလောက်ပဲ ကျွန်တော်တို့က သုံးတယ်။ များသောအားဖြင့် တစ်နိုင်တစ်ပိုင်ဆောင်ရွက်ပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ။ အပြင်က တစ်ချို့စေတနာရှိတဲ့ အလှူရှင်တွေ လာလှူပေးရင်တော့ ဖြတ်ပိုင်းနဲ့ လက်ခံပေးတယ်။ အတင်းအဓမ္မ လိုက်ပြီးကောက်ခံတာမျိုး မရှိဘူး။
အဓိက အခက်အခဲက နှစ်စဉ်နှစ်တိုင်း ဒီမှာ စေတနာနဲ့ လာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေ မြဲမှုကတော့ အခက်အခဲရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဆရာ၊ ဆရာမ အများစုက စေတနာနဲ့ လာလုပ်ပေးကြတာဖြစ်ပြီး သူတို့ကို လစာဆိုတာမျိုးလည်း မပေးနိုင်ဘူးပေါ့၊ လက်ဆောင်ပစ္စည်းဆိုတာလောက်ပဲ ပေးနိုင်တယ်၊ သူတို့ ကလည်း ဒါတွေကို မျှော်ကိုးပြီး လာသင်ပေးတဲ့ သူတွေမဟုတ်ကြပါဘူး၊ ဒါပေမယ့် သူတို့က သူတို့ ဘဝတွေ ရှိသေးတော့ ဒီမှာ ကြာကြာ မသင်ပေးနိုင်ဘူး၊ ဥပမာ ၂ဝ၁၃-၁၄ ခုနှစ်မှာ လာသင်ပေးတဲ့ ဆရာတွေက နောက်ပညာသင်နှစ်မှာ ရှိချင်မှ ရှိတော့မယ်၊ အဲ့တော့ ဆရာ၊ ဆရာမတွေ တည်မြဲမှုနဲ့ လစဉ်ကြေး မထောက်ပံ့ ပေးနိုင်တာက အဓိက အခက်အခဲပါ။

ဟင်္သာမီဒီယာ ။ ။ ၂ဝ၁၂ ခုနှစ်ကနေ ဒီချိန်ထိ အခမဲ့စနစ်နဲ့ ရပ်တည်နေနိုင်ခဲ့တာ ဘာကြောင့်ပါလဲ။

ဦးစိန်ဝင်းထွန်း ။ ။ ဒီကျောင်း ရေရှည်ရပ်တည်နိုင်တာက စေတနာနဲ့ လာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေ ကြောင့်ပါ၊ သူတို့လာကူညီမှပဲ ကျွန်တော်တို့က ဆောင်ရွက်လို့ရတာပေါ့၊ တကယ်လို့သာ သူတို့ လာမကူညီ ပေးန်ိုင်ဘူး ဆိုရင်တော့ ရပ်တည်ဖို့ခက်သွားပြီပေါ့၊ ပြီးတော့ ပန်းပျိုးအိမ် ကညာဒါနကျောင်းအတွက် နေရာ ပေးတဲ့ အိမ်ပိုင်ရှင်ကလည်း ကျွန်တော်တို့ဆီက တစ်စုံတစ်ရာ အခကြေးငွေ မယူဘူး၊ အကယ်၍ အခန်း ငှားခသာ ပေးရမယ် ဆိုရင်တော့ ရတဲ့ ရံပုံငွေနဲ့ လောက်မှာ မဟုတ်ဘူးလေ၊ ဒီလိုအိမ်ရှင်တွေရဲ့ ကူညီပေးတာကြောင့်လည်း ပါတာပေါ့။

ဟင်္သာမီဒီယာ ။ ။ ပန်းပျိုးအိမ် ပညာဒါနကျောင်းကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းထားတာလဲ။

ဦးစိန်ဝင်းထွန်း ။ ။ ဒီမှာ ကျောင်းတာဝန်ခံ တစ်ဦးရှိတယ်၊ NLD ပညာရေးကွန်ရက်က ကျွန်တော်တို့ ကျောင်းကို လုပ်ဆောင်သင့်တဲ့ မူဝါဒတွေ ချထားပေးတဲ့အတိုင်း ကျောင်းကော်မတီ ဖွဲ့ထားတယ်၊ ကော်မတီထဲမှာ ဆရာမ က်ိုယ်စားလှယ် နှစ်ဦးပါတယ်၊ ကျောင်းဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ ရပ်မိရပ်ဖသုံးဦး၊ ကျောင်းသားမိဘ နှစ်ဦးနဲ့ NLD မြို့နယ် အလုပ်အမှုဆောင် နှစ်ဦးနဲ့ စုစုပေါင်း ကိုးဦးပါဝင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ အစိုးရဟောင်းလက်ထပ်က ပညာရေးအခြေအနေနဲ့ အစိုးရသစ်တက်ပြီး နောက်ပိုင်း အခြေအနေတွေကို နှိုင်းယှဉ်ပြပေးပါ။ ပညာရေးစနစ်နဲ့ ပတ်သက်ပြီး ဘယ်လို အားနည်းချက်တွေရှိတယ်လို့ မြင်ပါသလဲ။

ဦးစိန်ဝင်းထွန်း ။ ။ ပညာရေးကတော့ အခုထိထူးထူးခြားခြား ပြောင်းလဲလိုက်တာမျိုး မရှိသေးဘူး၊ ကျွန်တော်တို့လည်း နားလည်ပါတယ်၊ ဒါက ချက်ခြင်းကြီး နေ့ချင်း ညချင်း ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ။ ဒါကြောင့် မို့လည်း NLD ကနေပြီးတော့ အခုလက်ရှိ ပညာရေး လုပ်ငန်းတွေ လိုအပ်နေသေးတယ်လို့ ထင်လို့ ကျွန်တော်တို့ကို ကျောင်းတည်ထောင်ဖို့ ကူညီပေးနေတာလည်း ရှိတာပေါ့။ ကျောင်းမှာက အခုလက်ရှိ တစ်တန်းကနေ ဆယ်တန်းအထိက ကျုရှင်သွားနေရတယ်ဆိုတဲ့ ဟာတွေရှိနေသေးတယ်လေ၊ ဒါတောင်မှ တစ်ချို့မိဘက သူငယ်တန်းတောင်မှ ကျူရှင်မထားရလို့ရှိရင် သူတို့စိတ်မှာ မလုံမလဲဖြစ်တဲ့ စိတ်အခြေ အနေမျိုးတောင် ရှိနေကြတယ်။ ကျူရှင်လုံးဝ မလိုတဲ့ စနစ်နဲ့သွားတာတောင်မှ နဂိုအစွဲကရှိတော့ ကျူရှင်မတက်ရင် ကလေးတွေ စာမတတ်ဘူးလို့ သူတို့ထင်နေကြတာ၊ အဲ့တော့ အခုလက်ရှိမှာ ကျုရှင်က လိုအပ်နေသေးတဲ့ အခြေအနေရှိတယ်။
ပြီးတော့ စာမေးပွဲကိုပဲ အဓိက ပစ်မှတ်ထားတဲ့ ပုံစံမျိုးတွေ ဖြစ်နေကြတယ်။ အဲ့တော့ ကလေးတွေကို စာက်ို နားလည်ပြီးတော့ အောင်တဲ့ ပုံစံသိပ်မတွေ့ရဘူး။ ကျောင်းတွေမှာကလည်း စဉ်းစားတွေးခေါ်တတ်အောင် သင်ပေးတာ အားနည်းတယ်။ ဆရာမတွေကလည်း ဘယ်လမှာ သင်ရိုးဘယ်လောက်ပြီးရမယ်ဆိုတဲ့ သတ်မှတ်ချက် မူဘောင်တွေရှိတော့ ကလေးတွေကို တတ်အောင်သင်ပေးဖို့ သူတို့မှာလည်း အခက်အခဲတွေ ရှိတယ်ဆိုပြီး ဆရာ၊ ဆရာမတွေရဲ့ ပြောသံကိုလည်း ကြားရပါတယ်။
ပညာရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲနေလားလို့မေးတဲ့ အမေးမှာ ပြောင်းလဲမှုရှိတယ်။ ဥပမာ လွှတ်တော်မှာ ပညာရေးအတွက် အသုံးစရိတ်တိုးပေးထားတာရယ် ဆရာဗဟိုပြုသင်ကြားရေးနဲ့ ကလေးဗဟိုပြု သင်ကြားရေးတို့ကို ပေါင်းစပ်သုံးနေတာ တွေ့ရကြောင်းနဲ့ အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ မိဘတွေဟာ ပညာရေးကို ပိုပြီးတန်းဖိုးထားလာပြီး သူတို့သားသမီးတွေရဲ့ သားသမီးတွေကို ပညာတတ်တွေ ပိုဖြစ်စေချင်ကြကြောင်း ဥပမာ နွေရာသီ ကျောင်းပိတ်ရက်နဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ အင်္ဂလိပ်စာ သီးသန့် သင်တန်းများကို လွှတ်နေတာ တွေ့ရတယ်။
ကျွန်တော်တို့လိုချင်သော အပြောင်းအလဲကို ချက်ချင်းကြီးပြောင်းလဲ၍ မရဘူး၊ တဖြည်းဖြည်း အချိန်ယူပြီး ပြောင်းလဲရမယ်။ ပညာရေးမှာ ပါဝင်ပတ်သက်နေသော State Holders များဖြစ်တဲ့ ဆရာ၊ ဆရာမတွေကို Teaching Theory သင်တန်းတွေပေးဖို့ လိုအပ်မယ်ထင်တယ်။ ယခု လက်ရှိအစိုးရကို ဦးဆောင်နေသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးထင်ကျော်တို့မှာလည်း World famous England နိုင်ငံ Oxford တက္ကသိုလ်က ဘွဲ့ရထားသူတွေဖြစ်တော့ နိုင်ငံတကာအမြင်ရှိသူတွေပဲ။ ပညာရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲလာမည်ကို ယုံကြည်ပါတယ်။ အခုကာလမှာ အမေရိကန် ဩစတေးလျနဲ့ အင်္ဂလန် နိုင်ငံကဲ့သို့သော နိုင်ငံကြီးအချို့က ဆရာ၊ ဆရာမတွေကလည်း Teaching Theory သင်တန်းများကို အခါအားလျောစွာ လာရောက်သင်ပေးတာတွေရှိတယ်။ မော်လမြိုင်တက္ကသိုလ်မှာလည်း ကျောင်းသား သမဂ္ဂအတွက် အခန်းဖွင့်ခွင့်ပေးထားတာ တွေ့ရတယ်။ ဒါတွေဟာ ယခုလက်တလောမြင်နေရသော အပြောင်းအလဲတွေဖြစ်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဆရာတို့အနေနဲ့ အစိုးရသစ်လက်ထပ်မှာ ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဘာတွေ မျှော်လင့်ထားပါသလဲ။

ဦးစိန်ဝင်းထွန်း ။ ။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အဓိကမျှော်လင့်တာကတော့ ပညာသင်တဲ့ နေရာမှာ ကလေးတွေကို တတ်မြောက်မှုကို ဦးစားပေးပြီးတော့ သင်တဲ့စနစ်တစ်ခုပေါ့။ ပြီးတော့ အဖွဲ့လိုက် ဆွေးနွေးတတ်တဲ့စနစ်ပေါ့။ ဒီလိုစနစ်တွေ ဖြစ်လာမယ်လို့လည်း မျှော်လင့်ထားပါတယ်။

ဟင်္သာမီဒီယာ ။ ။ အစိုးရအနေနဲ့ လတ်တလောမှာ လွယ်ကူပြီး မြန်ဆန်တဲ့နည်းနဲ့ ဖြေရှင်းလို့ရတဲ့ အကြောင်း အရာတွေကို မြင်ထားရင်လည်း ပြောပြပေးပါလား။

ဦးစိန်ဝင်းထွန်း ။ ။ ဆရာ၊ ဆရာမတွေအတွက် သူတို့နဲ့ သင့်လျော်တဲ့ လူနေမှုအဆင့်အတန်းဖြစ်အောင် လုပ်ပေးနိုင်ရင် ပိုကောင်းတာပေါ့၊ အခုလက်ရှိဖြစ်နေတဲ့ ကုန်ဈေးနှုန်းအနေအထားနဲ့ သူတို့ရပ်တည်ဖို့က ချို့ယွင်းချက် ရှိတယ်လေ၊ အဲ့ဒီလို ဆောင်ရွက်ပေးမှသာလျှင် သူတို့အလုပ်ပေါ်မှာ သူတို့ပိုပျော်လာပြီးတော့ တန်ဖိုးထားမှာပေါ့။

ဟင်္သာမီဒီယာ ။ ။ ပန်းပျိုးအိမ် ပညာဒါနကျောင်းအနေနဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်သွားဖို့ စီစဉ်ထားလဲ။

ဦးစိန်ဝင်းထွန်း ။ ။ ကျွန်တော်တို့စဉ်းစားတာက တကယ်လို့ ပြင်ပကျူရှင်တွေ မလိုအပ်တော့တဲ့အခါကျရင် ဒါကို မလုပ်တော့ဘူး၊ အဲ့ဒီအခါကျရင် ကျွန်တော်တို့ ရည်ရွယ်ထားတာက ကလေးတွေအတွက် ပညာရေးစနစ် လုံလောက် ကောင်းမွန်သွားပြီ ဆိုရင်တော့ ကျွန်တော်တို့က ကျောင်းပြင်ပ ပညာရေးဖြစ်တဲ့ NFE (Non Fomal Education) ကို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ ရှိပါတယ်၊ အကြောင်းကြောင်းကြောင့် ပြင်ပရောက်ပြီး မိဘကို လုပ်ကျွေးနေရတဲ့ ကျောင်းနေအရွယ် သားသမီးတွေကို အသက်မွေးဝမ်းကျောင်းပညာနဲ့ နိုင်ငံသားတစ်ယောက် သိအပ်တဲ့ပညာတွေ လုပ်ဖို့တော့ ရည်ရွယ်ထားတယ်။

ဟင်္သာမီဒီယာ ။ ။ နောက်ဆုံးအနေနဲ့ ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီးဘာများ ပြောချင်တာရှိပါသလဲခင်ဗျာ။

ဦးစိန်ဝင်းထွန်း ။ ။ အဓိက ကတော့ လူငယ်တွေ တက္ကသိုလ်တက်ကြရင်းနဲ့ အခုလိုမျိုးအခမဲ့ ပညာဒါနလုပ်တဲ့ ကျောင်းတွေမှာ စေတနာ့ဆရာအဖြစ် လာရောက်ဆောင်ရွက်ပေးစေချင်တာပေါ့၊ ပညာရေးက အရေးကြီးဆုံးပဲလေ၊ အမေရိကန်တို့လိုမျိုး အခုထိ တိုးတက်နေတဲ့ နိုင်ငံတွေမှာတောင်မှ ဝင်ငွေနည်း မိသားစုတွေအတွက် ကျောင်းပြင်ပ ပညာရေး ဆိုတာရှိတယ်၊ သူတို့နိုင်ငံတွေ လူငယ်တွေကို အဓိက ပြုစုပေးလို့ တိုးတက်နေကြတာ ဖြစ်တယ်ပေါ့၊ ရပ်မိရပ်ဖတွေကလည်း ဒီလိုကျောင်းတွေကို ထောက်ပံ့မှုတွေ လုပ်ပေးနိုင်လို့ရှိရင် ဒီလို အခမဲ့သင်ပေးတဲ့ ကျောင်းတွေမှာ ကလေးတွေ လာတတ်ခြင်းအားဖြင့် သူတို့ဘဝတွေ သာယာနိုင်မှာ ဖြစ်ပါတယ်။

တည်နေရာ – ပန်းပျိုးအိမ် ပညာဒါကျောင်း၊ ဇေယျာသီရိရပ်၊ သီရိ (၃) လမ်း ၊ ဖုန်း – 09425348830

ဖိုးဝ

Leave a Reply