ပန်းဖူးလေးများ ရေတိမ်နစ်နေ

ယခု ၂၀၁၈ နှစ်စမှ လက်ရှိအချိန်အထိ မွန်ပြည်နယ်တွင် မုဒိမ်းမှု ၅၉မှု ဖြစ်ပွားခဲ့ရာ သက်ငယ်မုဒိမ်း ၄၈ မှု ရှိနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

အဆိုပါ ၄၈ မှုတွင် ယခုနိုဝင်ဘာလ ပထမပတ်အတွင်း၌ပင် ၄ မှု ပါဝင်သည်။

ထိုထဲမှ တစ်ခုမှာ မော်လမြိုင်မြို့ သာယာအေးရပ်ကွက် နေအိမ်တစ်အိမ်တွင် ဖြစ်သည်။

ရက်သတ္တပတ် ၂ပတ်အတွင်း ဒုတိယမြောက် နာရေး အခမ်းအနားအဖြစ် ရက်လည်ဆွမ်းကပ်လှူရန် ယင်းအိမ်တွင် ပြင်ဆင်နေသည်။

“ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်တုန်းက ကျွန်မ သမီးအတွက် ရက်လည်ဆွမ်းသွပ် အလှူလုပ်ခဲ့တယ်၊ မနက်ဖြန်(နိုဝင်ဘာ ၁၀)မှာ ကျွန်မခင်ပွန်းအတွက် ရက်လည်ဆွမ်း အလှူ တစ်ခါ လုပ်ရဦးမယ်”ဟု အိမ်ရှင် ဒေါ်နွဲ့ရီ(အမည်လွှဲ)က ပြင်ဆင်ခင်းကျင်းထားသည့် လှူဖွယ်ပစ္စည်းများကို ငေးရင်း ပြောသည်။

သူမ၏ မွေးစားသမီး ပထမတန်းကျောင်းသူ အဓမ္မပြုကျင့်ခံ ရေနှစ်သတ်ခံရမှုတွင် မသင်္ကာ၍ ၁၃ နှစ်အရွယ် သားအရင်းမှာ ထိန်းသိမ်းစစ်ဆေးခံနေရသည်။ သားကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားပြီး နောက်တစ်နေ့ နိုဝင်ဘာ ၂ ရက် နံနက်တွင် ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။

“သားကိုတော့ သူ့အဖေ ရက်လည်ဆွမ်းကပ်ချိန် ရှိစေချင်တဲ့အတွက် ထိန်းသိမ်းထားရာကနေ ခဏ ခွင့်ပြုပေးဖို့ သက်ဆိုင်ရာကို လျှောက်ထား တင်ပြထားတယ်၊ ဒီညနေ (နိုဝင်ဘာ၉)မှာ သား အိမ်ကို ခဏပြန်လာလိမ့်မယ်”ဟု သူမ ဖြည့်စွက်ပြောဆိုသည်။

သူမ၏ ခင်ပွန်းမှာ ၉၆ ပါးဝေဒနာကို ခံစားနေရသူဖြစ်ရာ မကွယ်လွန်မီ ညက သားဖြစ်သူ မသင်္ကာမှုဖြင့် ထိန်းသိမ်းခံလိုက်ရသည့်ဖြစ်အင်ကို ကြားသိရင်း စိတ်ထိခိုက်ခံစားသွားခဲ့ရခြင်းအတွက်လည်း ဒေါ်နွဲ့ရီက ယူကြုံးမရ ဖြစ်မိကြောင်း ဟင်္သာသို့ ပြောသည်။

“အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်လှပြီ”ဟု သူမက တဖွဖွ ဆန္ဒပြုပြောဆိုနေသည်။ အထိန်းသိမ်း အစစ်ဆေးခံ သား ပြန်လည်လွတ်မြောက်လာမည်ဟု ယုံကြည်ကြောင်း ဟင်္သာသို့ သူမက ရင်ဖွင့်သည်။

ဖြစ်စဉ်အစမှာ ယင်းရပ်ကွက် လှိုင်ရတနာလမ်းဘေး ရေကန်အတွင်း၌ အသက် ၈ နှစ်အရွယ် ကလေးမ တစ်ဦး၏ အလောင်းကို အောက်တိုဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်း၌ တွေ့ရှိခဲ့ရာ မော်လမြိုင်လူမှုကယ်ဆယ်ရေး RESCUE အဖွဲ့က ရေကန်ထဲမှ ဆယ်တင်ပြီး မော်လမြိုင် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

ကနဦးတွင် သေမှုသေခင်းအဖြစ် အမှုဖွင့် ဆောင်ရွက်ခဲ့ရာမှ ရက်သတ္တနှစ်ပတ်ခန့်အကြာ နိုဝင်ဘာ ၁ ရက်တွင်မူ လူသတ်မှု၊ မုဒိမ်းမှု ပုဒ်မတပ် အမှုပြောင်းလဲဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။

ဇေယျာသီရိနယ်မြေရဲစခန်းမှူး ရဲအုပ်မောင်ဝင်းက ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက်အရ မိန်းကလေးငယ်မှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ကလေးငယ်ရဲ့အမျိုးသမီးအင်္ဂါမှာ လတ်တလောသားမယားပြုကျင့်ခံထားရတဲ့ ဖူးရောင်ဒဏ်ရာတွေ့ပြီး ရေနစ်သေဆုံးတယ်လို့ စစ်ဆေးတွေ့ရှိလို့ မုဒိမ်းမှုနဲ့ လူသတ်မှုပုဒ်မနဲ့ ပြောင်းလဲစုံစမ်း စစ်ဆေးနေတာ”ဟု ပြောခဲ့သည်။

သေဆုံးသူ၏ မွေးစားအမိ ၊ ထိန်းသိမ်းခံရသူ၏ မိခင်ရင်း ပြောပြချက်အရ သမီးဖြစ်သူမှာ အောက်တိုဘာ ၁၈ ရက် ည ၁၀နာရီခန့်က ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ကြောင်း၊ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ လူပျောက် အမှုဖွင့်လှစ် တိုင်ကြားခဲ့ကြောင်း ၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် နေအိမ်နှင့် ၃ ဖာလုံခန့် အကွာရှိ ယင်းရေကန်အတွင်း၌ ရေနစ်သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ သေဆုံးခဲ့သည့် မိန်းကလေးငယ်မှာ တူမအဖြစ်လည်း သွေးသားတော်စပ်ကြောင်း ထပ်မံသိရသည်။

မသင်္ကာ၍ စစ်ဆေးခံရသူကို မော်လမြိုင် စမ်းကြီးလူငယ်သင်တန်းကျောင်းတွင် ယခု ထိန်းသိမ်းထားရှိကြောင်း သိရသည်။ ထိန်းသိမ်းစစ်ဆေးခံရသူ နေအိမ်သို့ သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် ခေတ္တပြန်လာသည့် နိုဝင်ဘာ ၉ ရက် ညနေပိုင်းတွင် ဟင်္သာက တွေ့ဆုံမေးမြန်းခဲ့ရာ ယခုလို ပြောပြသည်။

“ကျွန်တော့်ကို စွပ်စွဲခံရတယ်၊ ညီမလေး သေလို့ ဝမ်းနည်းချိန်မှာ စွပ်စွဲခံရတော့ စိတ်တိုတယ်” ဟု သူက ပြောသည်။

လက်ရှိအခြေအနေတွင် ဒေါ်နွဲ့ရီတို့ မိသားစုက “အမှန်တရား ပေါ်ပေါက်ဖို့ပဲ လိုတယ်၊ အဖြေမှန်ပေါ်ဖို့ပဲ အရေးကြီးတယ်”ဟု ထပ်ခါထပ်ခါ ပြောနေသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ဇေယျာသီရိနယ်မြေရဲစခန်းက နိုဝင်ဘာ ၁ ရက်၌ (ပ) ၄၂၃ / ၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ယင်းသည်အဖြစ်များလာသော သက်ငယ်မုဒိမ်းမှုများထဲမှတစ်မှုသာဖြစ်သည်။

၂၀၁၇တွင် မွန်ပြည်နယ်၌ မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရပြီး ယင်းအနက် သက်ငယ်မုဒိမ်း ၁၉ မှုကို လူမှုဝန်ထမ်းဦးစီးဌာနက ကိုင်တွယ်ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

“၂၀၁၇ ခုနှစ်အတွင်း ဌာနအနေနဲ့ ၁၉ မှုကို ဖြေရှင်းခဲ့တယ်။ သက်ငယ်မုဒိမ်းမှုဖြစ်ရင် ကျွန်မတို့က ဘယ်မြို့နယ်ဖြစ်ဖြစ် လိုက်ကူညီပေးနေပါတယ်။ တရားစွဲပြီး ရဲနဲ့ ချိတ်ဆက်ပေးတယ်။ ကလေးလုံခြုံရေးကအစ အချိန်နဲ့ တစ်ပြေးညီ လုပ်ပေးနေတယ် ” ဟု အထက်ပါရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နွယ်က ယခု ၂၀၁၈ မတ်လတွင် ပြောဆိုထားသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုမှာ ဆွေမျိုးအပါအဝင် တစ်ဖက်လူအပေါ် ယုံကြည်မှု လွန်ကဲခြင်း၊ အုပ်ထိန်းသူတို့က ကလေးများရှေ့ အနေအထိုင်မဆင်ခြင်ခြင်း၊ နေအိမ်၌ ကျဉ်းကျပ်ပြီး အဆီးအတားနည်းကာ လုံခြုံမှုမရှိခြင်း၊ တစ်အိမ်တည်းတွင် အိမ်ထောင်စုများ ပေါင်းကာ နေထိုင်ခြင်း၊ တစ်ဖက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်စဉ်၌သားသမီးများကိုဆွေမျိုးနီးစပ်ရာအပ်နှံထားခဲ့ရခြင်းစသည်တို့မှာ သက်ငယ်မုဒိမ်းမှုဖြစ်ပေါ်ရန် စေ့ဆော်သော အကြောင်းချင်းရာများ ဖြစ်လာကြောင်း Case Managerလေ့လာမှုကို ကိုးကား၍ ဖြည့်စွက်ပြောပြသည်။

ယခင်က ယင်းအမှုဖြစ်စဉ်မျိုး မကြားဖူးခဲ့ရဘဲ ယခုနောက်ပိုင်းတွင်မှ ဖြစ်ရပ်များ စိပ်လာခြင်းမှာ သစ္စာမရှိ၊ ကိုယ်ကျင့်တရား ပျက်ပြားလာခြင်းကြောင့်ဟု ယူဆကြောင်း၊ အဓိကအားဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်မည်ဆိုပါက အလားတူဖြစ်စဉ်မျိုး ရှိလာမည် မဟုတ်ကြောင်း ဒေါ်စုမြတ်နွယ်က ယခုနှစ် မတ်လထဲတွင် သုံးသပ်ပြောဆိုထားခဲ့သည်။

မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က သက်ငယ်မုဒိမ်းမှုဖြစ်စဉ်များနှင့်ပတ်သက်၍ “များသောအားဖြင့် ၇၀ရာခိုင်နှုန်း ၊ ၈၀ ရာခိုင်နှုန်းလောက်က နီးစပ်တဲ့သူတွေကပဲ ကျူးလွန်တာ များတယ်”ဟု နိုဝင်ဘာ ၈ ရက်တွင် သုံးသပ်ပြောဆိုသည်။

ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရမှုများအပေါ် ခြုံငုံ၍ “ရင်းနှီးမှုအပေါ် ခုတုံးလုပ်ပြီးတော့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်ကြတယ်လို့ ကျွန်မကတော့ မြင်တယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က မှတ်ချက်ပြုသည်။

ယခုနှစ်ပိုင်းတွင် သက်ငယ်မုဒိမ်းမှု အရေအတွက် များပြားလာခြင်းနှင့်ပတ်သက်၍ အကြမ်းဖျင်းအားဖြင့် အခြေအနေ အကြောင်းတရား သုံးခုကို ထုတ်နုတ် သုံးသပ်ပြသည်။

အင်တာနက် ဝက်ဘ်ဆိုဒ်၊ အွန်လိုင်းမီဒီယာထက်တွင် ညစ်ညမ်းဗီဒီယိုနှင့် လိင်ပိုင်းဆိုင်ရာ အသားပေး ရုပ်သံဖိုင်များ လွယ်လင့်တကူ ရယူကြည့်ရှုနိုင်ကြခြင်းကြောင့် ယင်းတို့မှာ လူ့စိတ်အခြေအနေကို ရိုင်းစိုင်းသွားစေသော အကြောင်းခြင်းရာတစ်ရပ်အဖြစ် သူမက ရှုမြင်သည်။

ယင်းအပြင် မူးယစ်ဆေးဝါးမှာလည်း မူလပင်ကိုယ်စိတ်ကို ပျက်ယွင်းသွားစေသော အကြောင်းတရားအဖြစ် သူမက စေ့ငုပြောဆိုခဲ့သည်။

၎င်းနောက် မိမိကိုယ်ကို ကျင့်ဝတ်နှင့် စာရိတ္တပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှု ယိမ်းယိုင်နေသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နိမ့်ကျ ချို့တဲ့နေသူများမှာလည်း ပြစ်မှုကျူးလွန်နိုင်ခြေ များပြားကြောင်း ပြောသည်။ ထိုအချက်တွင် ပင်ကိုယ်မူလကတည်းက အကျင့်ဗီဇ နဂိုအခံရှိနေသူတို့လည်း အကျုံးဝင်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က သုံးသပ်သည်။

မုဒိမ်းမှုဖြစ်ပွားရသည့် အကြောင်းရင်းများမှာ အနေနီးစပ်ခြင်း၊ ယုံကြည်မှုလွန်ကဲခြင်း၊အဓမ္မပြုကျင့်ခြင်း၊အဖော်မဲ့သွားလာခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း၊အခွင့်အရေးရခြင်း ဆိုပြီး အကြောင်းရင်း ၆ ခု ရှိကြောင်း စစ်တမ်းများတွင် ဖော်ပြသည်။

လူမှုဘဝဝန်းကျင်တွင်ရော ဆိုရှယ်မီဒီယာတွင်ပါ ဝေဖန်ပြောဆိုမှုအမျိုးမျိုးလည်း ဖတ်ရှုကြားသိနေရသည်။

အချို့မှာ ယခုလို သဘောထားအမြင်မျိုး ဝေဖန်သုံးသပ်မှုမျိုးလည်း မကြာခဏ တွေ့မြင်နေရသည်။ ယခုလက်ရှိ ရာဇသတ်ကြီးပုဒ်မ ၃၇၆မှာ မုဒိမ်းမှု ပြစ်မှုကျူးလွန်သူအတွက် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် ၂၀ နှစ်အထိဖြစ်စေ၊ ၁၀ နှစ်အထိဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ် ၂ ရပ်လုံးဖြင့်ဖြစ်စေ ချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားသော်ငြား ရာဇသတ်ကြီးပုဒ်မ ၃၇၆ မှာ အသက်၁၆နှစ်အောက် အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို မုဒိမ်းမှု ကျူးလွန်လျှင် ပြစ်ဒဏ်သီးခြား သတ်မှတ်ထားခြင်းမရှိသေးသည့်အတွက် သီးခြားဥပဒေပြဋ္ဌာန်းသင့်သည်ဟု မြင်သူတို့ကို မကြာခဏ တွေ့မြင်နေရသည်။

သီးခြားဥပဒေပြဋ္ဌာန်းပြီး ပြစ်ဒဏ်ချမှတ်ရာမှာလည်း နောက်နောင်မကျူးလွန်ရဲအောင် ကျူးလွန်ဖို့ကြံရွယ်နေသူတွေပါ ဟန့်တားနိုင်လောက်သည်အထိ ပြင်းထန်သည့် (သေဒဏ်ကဲ့သို့သော) ပြစ်ဒဏ်မျိုး သတ်မှတ်ပြဋ္ဌာန်းသင့်သည်ဟု ဝေဖန်ပြောဆိုသံများ ကြားရသလို လှုပ်ရှားမှုအချို့လည်း ယခု ၂၀၁၈ အစောပိုင်းက ရန်ကုန်နှင့် မော်လမြိုင်မြို့များတွင် ရှိထားသည်။

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်ခိုင်ခိုင်လဲ့က ပြစ်ဒဏ် ကြီးလေးစွာ ချမှတ်နေခြင်းကို တွေ့ရှိရကြောင်း၊ ဥပဒေပြဋ္ဌာန်းချက်များတွင် ဖွင့်ဆိုချက်များကို ယခုထက် ပိုမို ကျယ်ပြန့်စွာ ထည့်သွင်းရေးဆွဲသင့်ကြောင်း သုံးသပ်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများတွင် လိင်အင်္ဂါအပြင် အခြား ကိုယ်ခန္ဓာအစိတ်အပိုင်း၊ (ပါးစပ်၊ နားရွက် စသည်)တို့ကို ပွတ်သပ်ကျူးလွန်ခြင်းမျိုးကိုပါ ထည့်သွင်းရေးဆွဲ ပြစ်ဒဏ်ချမှတ်ပါက ပိုမိုထိရောက်သည့် အဟန့်အတား ဖြစ်လာနိုင်ကြောင်း သူမကဆိုသည်။

သက်ငယ်မုဒိမ်းမှုဖြစ်စဉ်များတွင် အများစုမေ့လျော့နေသည်ကိုလည်း သူမက ယခုလို တိုက်တွန်းခဲ့သည်။

“အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးကတော့ ကျူးလွန်ခံရသူ ကလေးငယ်ကို ပြုစုပျိုးထောင်ဖို့၊ စိတ်ဒဏ်ရာကို ကုစားပေးနိုင်ဖို့ပါပဲ”ဟူ၍။ ။

ခေတ်မင်း

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.