ဆရာတော်ဘုရားကြီးဝင်စားသော ဘုရားလောင်းဟုဆိုကာ တရားဝင်ပေါင်းသင်းထားသည့် မိန်းမပျို ခြောက်ဦးထိရှိ

မော်လမြိုင်၊ အောက်တိုဘာ ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စရစ်ချောင်းကျေးရွာအုပ်စု၊ အလံတရာနယ်မြေတွင် အလံတရာ ဆရာတော် ဝင်စားသည်ဟု ဆိုသော ခွန်တန်(ခေါ်)ဇာတ်လိုက်ကို ဖမ်းဆီးရန် ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“ဒီကိစ္စက ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အခြေအနေရောက်နေတယ်။ အဲဒီကြားထဲမှာ ကျွန်တော်တို့ ကြိုးစားထားတာတော်တော်များနေပြီ”ဟု ဒေါက်တာအေးဇံက ပြောသည်။

ခွန်တန်(ခေါ်)ဇာတ်လိုက်ကို အာဏာစက်ဖြင့် ဖမ်းဆီးရန် ဆောင်ရွက်နေသည့်အချိန်တွင် ရှမ်းပြည်နယ်၊ ဟိုပုန်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နှစ်လခန့်က မွန်ပြည်နယ်ဥပဒေချုပ်နှင့် ကက်ဘိနက်အစည်းအဝေးတွင် တိုင်ပင်ခဲ့ပြီး ကက်ဘိနက် အစည်းအဝေးဆုံးဖြတ်ချက်အရ သာသနာညှိုးနွမ်းစေမှုဖြင့် ၂၅၉ (က)နှင့် ဖမ်းခိုင်းခဲ့သော်လည်း ခွန်တန်(ခေါ်)ဇာတ်လိုက်က ထွက်ပြေးသွားပြီး ကျန်အဖွဲ့ဝင် ၅ ဦးမှာ သထုံအချုပ်ထဲတွင် ရှိနေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

အလံတရာနယ်မြေတွင် ဆေးပြားသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများရှိနေသည်ဟု သတင်းအချက်အလက်များစွာ ရရှိထားသည့်အပြင် ခွန်တန်(ခေါ်)ဇာတ်လိုက်ဆိုသူနှင့် ၎င်း၏အဖွဲ့များက လုပ်ဆောင်နေသည်ကိုလည်း သိရှိထားကြောင်း ၎င်းက ပြောသည်။

“နောက်ပြီးတော့ အုပ်စုဖွဲ့ အရက်သောက်ပြီးတော့ ညဘက်တွင် အရက်မူးပြီး အိမ်ရှေ့ဆဲဆိုတာတွေ သတင်းရရှိထားတာရှိတယ်။ စသိကတည်းက အစိုးရအဖွဲ့အနေနဲ့ လုပ်ကိုင်ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေ လုပ်ကိုင်ဆောင်ရွက်နေတယ်။ အထူးသဖြင့်တော့ အဲဒီနယ်မြေက ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ဆောင်ရွက်နေပါတယ်”ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသည်။

အလံတရာနယ်မြေတွင် ဖြစ်ပွားနေသည့် ပြဿနာနှင့် ပတ်သက်၍ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီထံ တိုင်ကြားစာနှစ်စောင် ရောက်ရှိထားကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌ သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

အဆိုပါတိုင်ကြားစာတွင် ဘာသာတရားအပေါ်အခွင့်ကောင်းယူပြီး ဘာသာရေးမှိုင်းတိုက်၍ ရိုးသားသော ပအိုဝ်းတိုင်းရင်းသူမိန်းကလေး များအား ဖျက်ဆီးနေသော ခွန်တန်(ခ)ဇာတ်လိုက်နှင့် အဖွဲ့ကို ဖော်ထုတ်အရေးယူပေးရန်နှင့် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှုအား ငွေကြေးဖြင့် ညှိနှိုင်းဖြေရှင်းမည်ဆိုသော်လည်း ယနေ့ထိ ပြီးပြတ်အောင် ဖြေရှင်းမပေးဘဲ တာဝန်ပျက်ကွက်မှုအား အရေးယူပေးရန် တိုင်ကြားထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလံတရာနယ်မြေတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဒေါ်ခိုင်ခိုင်လဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်တို့ကို ကြမ်းတမ်းသောစကားလုံးများနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သော စကားများဖြင့် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။

Written by – ရွှေရိုး၊ ခေတ်မင်း

Leave a Reply