Advertisements

ပရဟိတဆိုသည့် ဝေါဟာရကို ပရ – အများ၊ ဟိတ – ကောင်းကျိုးဟူ၍ ဖွင့်ဆိုကြောင်း လူတိုင်းနှင်နှင် သိရှိပြီးဖြစ်သလို မွန်မြတ်လွန်းလှစွာသော လုပ်ငန်းစဉ်တစ်ရပ်အဖြစ်လည်း နားလည်လက်ခံထားကြပေသည်။ အများဟူသောစကားရပ်မှာ ‘မိမိမှအပ အခြား’ကို ညွှန်းဆိုသည်ဟု လွယ်လင့်တကူ သဘောပိုက်ရချေမည်။

ပရဟိတ အမှုဆောင်ရွက်သည်ဟု ဆိုရာဝယ် ဒုက္ခသည်ကို အာရုံထဲ တစ်မုဟုတ်ချင်း ပြေးမြင်ယောင်မိလောက်အောင် ယခုတလော အသုံးတွင်ကျယ်လှသည်ကိုလည်း စောကြောသုံးသပ်မိပါ၏။ အမှန်စင်စစ်မူ ပရဟိတဟူသည် ဒုက္ခသည်ရှိပါမှ အထမြောက်မည်မဟုတ်ဘဲ မိမိ၏ အနီးဝန်းကျင်ရှိ တစ်သိုက်တစ်ဝန်းတည်း ရှင်သန်သူတိုင်းကို တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာ အကျိုးဆောင်ထမ်းရွက်ခြင်းသည်လည်း ပရဟိတမည်ကြောင်း မမေ့လျော့စေရန် သူသူငါငါ လိုအပ်လှသည် အမှန်ပင်။

မိမိတာဝန်မိမိ ကျေပြွန်ခြင်းသည်လည်း သူတပါးကို စောင့်ရှောက်ရာမည်သည် မဟုတ်ပါလော။
မိမိနှင့်အနီးစပ်ဆုံး အဖွဲ့အစည်း၊ မိမိကျင်လည်ရာ အသိုင်းအဝိုင်းကိုမျှ တာဝန်မကျေဘဲ ဒုက္ခသည်အပါး ထောက်ပံ့ပစ္စည်း၊ လှူဖွယ်ဝတ္ထုအဖြာဖြာနှင့် မည်မျှ သွားရောက်စေကာမူ ပြီးပြည့်စုံသော ပရဟိတသမားကောင်းအဖြစ် ယူဆရန် အကြောင်းမရှိနိုင်ချေ။ ဖြူစင်မွန်မြတ်လှသော စိတ်ထားပိုင်ရှင်အဖြစ် မှတ်ယူရန် မည်သို့မျှမထိုက်ပါလေ။

တကယ်စင်စစ်ကား ပရဟိတဆိုသည်မှာ ဒုက္ခသည်ကို ဗန်းပြ၍ မေတ္တာ ကရုဏာရှင်ဘွဲ့ထူးခံရသည့် လုပ်ငန်းမဟုတ်သလို ကယ်တင်ရှင်ဖြစ်လိုစိတ် ထက်သန်နေခြင်းမှာလည်း ဝါသနာပါအပ်သော ဆန္ဒစွဲမဟုတ်ပေ။ ယင်းမှာ ပရဟိတ အရောင်ဆိုးထားသော အတ္တကိုယ်ကျိုးရှာ လုပ်ကွက်များသာ ဖြစ်ချိမ့်မည်။

မိမိ၏ အနီးစပ်ဆုံး အသိုက်အဝန်းကိုလည်း မိမိတာဝန် မိမိကျေပြွန်စေ၊ ဘေးဒဏ်တစ်စုံတစ်ရာသင့်၍ ဆင်းရဲကြုံရသူတို့ကိုလည်း အခါအားလျော်စွာ ကာယကံမြောက် ကရုဏာအဖြစ် ထောက်ကူပံ့ပိုးနိုင်စေ၊ သို့မှသာလျှင် အတ္တ ပရ ချိန်ခွင်လျှာ ညီမျှ၍ အစွန်းမထွက်သော ပရဟိတသမားစစ်စစ်ဟု ဂုဏ်ယူလေးမြတ်စွာ ခေါ်ဆိုရမည်ဖြစ်ကြောင်း ယုံကြည်ယူဆသည်။

သို့ဖြစ်၍ ပရဟိတစိတ်ထားစစ်စစ်ကို အလေးမူ ဂရုပြု၍ မွေးမြူကာ မိမိထိစပ်ရာအသိုက်အဝန်းကိုရော လောကကိုပါ အလှဆင်နိုင်သော နိုင်ငံသူ နိုင်ငံသားများ ကိုယ်စီဖြစ်အောင် အတူတကွ ကြိုးပမ်းကြပါစို့ဟု ဟင်္သာက ယုံကြည်လေးစားစွာ တိုက်တွန်းလိုခြင်းအကြောင်းရင်းခံပင်။

အယ်ဒီတာ

Advertisements
<

Leave a Reply