၇ ဇွန် ၂၀၁၉

ကျောင်းဖွင့်ရာသီရောက်ရှိလာပြီဖြစ်သော်လည်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ကျောင်းပေါင်း (၁၀၀) ကျော်မှာ ကျောင်းဆရာ/ဆရာမ တစ်ဦးမျှ မရှိသည့်အတွက် ကျောင်းဖွင့်ရန် အခက်အခဲဖြစ်နေသည်ဟု သိရသည်။

“နယ်မြေ မငြိမ်းချမ်းတဲ့အတွက်လည်း မနေချင်ဘူး။ ခက်ခဲကြမ်းတမ်းတဲ့ ဒေသတွေ ဖြစ်တဲ့အတွက် ဆရာ ဆရာမတွေကိုလည်း ချင်းတောင်မှာ တစ်နှစ်နေလို့ရှိရင် ပြောင်းခွင့် ပေးထားတယ်”ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရ စည်ပင်ဝန်ကြီးဦးစိုးထက်က ပြောသည်။

ယင်းမြို့နယ်တွင် ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ ကျောင်းဆရာ/ဆရာမ တစ်ဦးမျှ မရှိသည့် ကျောင်းပေါင်း (၁၁၈) ကျောင်းရှိပြီး ဆရာ/ဆရာမ တစ်ဦးစီသာရှိသည့် ကျောင်း (၉၄) ကျောင်းရှိသည့်အတွက် စုစုပေါင်း ကျောင်း ၂၁၂ ကျောင်းမှာ ဆက်ဖွင့်ရန် အခက်အခဲဖြစ်နေသည်ဟု ပြည်နယ်ဝန်ကြီးက ဆိုသည်။

“အခုပြောင်းတဲ့နေရာမှာ မူလတန်းကျောင်း ဆရာ၊မ ၂ ရာကျော်ပြောင်းတာမှာ ဆယ်ယောက်လောက်ပဲပြန်ဝင်တယ် ။ နောက်တစ်ခုက အလယ်တန်းကျောင်းဆိုရင် ၄၂ ယောက်ပြောင်းသွားတယ် ။ ၂၃ ယောက်ပဲပြန်ဝင်တယ် ။ အထက်တန်းကျတော့ တစ်ယောက်ထွက်သွားတယ် ။ ၂ ယောက်ပြန်ဝင်တယ် ။ အဲလိုဖြစ်တော့ လူလိုအပ်ချက်က နှစ်ရာကျော်လောက်က လိုအပ်ချက်တွေဖြစ်ကုန်တာပေါ့” ဟု စည်ပင်ဝန်ကြီးကပြောသည်။

ကျောင်းဆရာ/ဆရာမ မလုံလောက်သည့်အပေါ် ချင်းပြည်နယ်အစိုးရက နေ့စားလပေးဝန်ထမ်းများခန့်အပ်ရန်၊ ပြည်မဘက်မှ ဆရာ/ဆရာမများကို မက်လုံးပေး၍ ခေါ်ယူရန်နှင့် ရှိပြီးသား ဆရာ/ဆရာမ အရေအတွက် မျှကာ ခွဲဝေပေးရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ဦးစိုးထက်က ဆက်ပြောသည်။

ယခုလက်ရှိအနေအထားတွင် ပလက်ဝမြို့နယ်မှာ မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(အေအေ) တို့ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းသည် ကျောင်းဆရာ/ဆရာမ မလုံလောက်သည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်ဟု ဝန်ကြီးကဆက်ပြောသည်။

ချင်းပြည်နယ်ရှိ အခြားမြို့နယ်များတွင်လည်း ကျောင်းဆရာ/ဆရာမ လိုအပ်ချက်များရှိနေပြီး တွန်းဇံမြို့နယ်သည် လိုအပ်ချက် ဒုတိယအမြင့်ဆုံးမြို့နယ်ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ/ဆရာမ မရှိသည့် ကျောင်း ၄၇ ကျောင်းရှိခဲ့သည်။

လူဦးရေ တစ်သိန်းကျော်ခန့်ရှိသည့် ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၃၈၄ ကျေးရွာရှိပြီး ကျောင်းပေါင်း ၄၀၀ နီးပါးခန့်ရှိသည်ဟု သိရသည်။

By လားနွန် ၊ ခိုနူမ်းသုန်သတင်း

Leave a Reply