ခိုနူမ်းသုန်သတင်း၊ ၂ ဧပြီ ၂၀၁၉

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် ချင်းအမျိူးသားတပ်ဦး (CNF) တို့ မတ်လ (၂၈) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ Mr. Stephan Sakalian (Resident Representative)
နှင့် ဦးမိုးမြင့်အောင်(Law and Policy Advicor) တို့သည် ရန်ကုန်မြို့ JMC ရုံးခန်းတွင် CNF လက်ထောက်အထွေထွေအတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပလက်၀ စစ်ဘေးရှောင် ပြည်သူများအား လူသားချင်းစာနာမှုအကူအညီထောက်ပံ့ပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု ဒေါက်တာရွှေခါးကပြောသည်။

“ICRC က တခြားပဋိပက္ခဖြစ်ပွားတဲ့နေရာတော်တော်များများမှာ သူတို့ရုံးဖွင့်ပြီးတော့ သူတို့အလုပ်လုပ်တယ် ။ချင်းပြည်နယ်မှာတော့မရှိသေးဘူးပေါ့ ။ဆိုတော့ သူတို့က အဲဒီဘက်မှာအလုပ်လုပ်နိုင်ဖို့ စဉ်းစားတာပေါ့နော် ။အထိရောက်ဆုံးဘယ်လိုပုံစံနဲ့ လုပ်ရင်ကောင်းမလဲမှာဆိုတဲ့ဟာကို လာဆွေးနွေးတာ’’ ဟု ဒေါက်တာရွှေခါးရ်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခသည် ပိုမိုပြင်းထန်လာမည့် အလားအလာရှိနေပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ICRC အနေဖြင့် ရုံးခန်းဖွင့်လှစ်ကာ လူသားချင်းစာနာမှုအကူညီထောက်ပံ့ရန်၊ မိုင်းအန္တရာယ် အသိပညာပေးများပြုလုပ်ပေးရန်၊ ပလက်ဝမြို့နယ်သည် ခရီးသွားလာမှုပြုလုပ်ရာတွင် ရေကြောင်းကိုသာ အဓိကထားအသုံးပြုရသော မြို့နယ်ဖြစ်သဖြင့် ICRC မှ ကာကွယ်မှုပေးသော ရေကြောင်းသွားလာမှုစနစ်တစ်ခု ပြုလုပ်ပေးရန် စသည့်အချက် ၄ ချက်ကို ချင်းအမျိူးသားတပ်ဦး CNF က အကြံပြုခဲ့သည်ဟု ဒေါက်တာရွှေခါးရ်ကပြောသည်။

“ပလက်ဝမှာသူတို့ရုံးဖွင့်မယ်ဆိုလို့ရှိရင်တော့ အထူးသဖြင့် လူသားချင်းစာနာမှုကူညီထောက်ပံ့မှုတွေ ပေးနိုင်မယ်၊ ပြီးတော့ ဒီလိုအပ်တဲ့ ဆေးဝါးကုသမှုတွေလည်းလုပ်ပေးနိုင်မယ်၊ တကယ်လို့ ပဋိပက္ခဖြစ်နေတဲ့နေရာမှာ ပိတ်မိနေတဲ့လူတွေရှိရင်လည်း အဲဒီလူတွေလည်း ကယ်ထုတ်တာတွေ လုပ်နိုင်လာမယ်’’ ဟု CNF လက်ထောက်အထွေထွေအတွင်းရေးမှူး (၁) ကပြောသည်။

ပလက်ဝမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကစတင်ပြီး မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့သည် ယနေ့ချိန်ထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ထောင်နှင့်ချီသော ဒေသခံပြည်သူများ နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၏ စာရင်းအရ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ကျေးရွာ (၁၁) ရွာ၊ အိမ်ထောင်စု (၄၃၄)၊ လူဦးရေ (၂၀၃၉) ဦးရှိပြီး မီးဇာနှင့် ရှင်းလက်ဝကျေးရွာတို့တွင် နေထိုင်ကြသည်ဟု သိရသည်။

ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်နှင့်ဆေးဝါးများ လိုအပ်ပြီး လာမည့် ကျောင်းဖွင့်ရာသီတွင် သားသမီးများ ပညာသင်ကြားရေးအတွက်လည်း စိုးရိမ်ပူပန်နေကြသည်ဟုသိရသည်။

By လားနွန်

Leave a Reply