ပလပ်စတစ်ကင်းစင်ရေးအတွက် ပြည်သူ ပူးပေါင်း ပါဝင်မှု အားနည်းနေဟု ဆို

မော်လမြိုင်၊ ဇွန် ၇

မွန်ပြည်နယ်အတွင်း၌ ပလပ်စတစ်ကင်းစင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်မှုနည်းပါးနေကြောင်း အမိမြေစိမ်းလန်းဖွံ့ဖြိုးရေးအသင်းမှ Local Director ဦးချမ်းမြေ့မောင်က ပြောသည်။

“ကျွန်တော်တို့တွေ လုပ်ဆောင်တဲ့အခါမှာ တွေ့ရတာတော့ ပြည်သူတစ်ဦးစီရဲ့ စိတ်ပါဝင်စားမှုက အားနည်းနေ သေးတယ်၊ ဒီပလက်စတစ်ရဲ့ဆိုးကျိုးတွေကို သူတို့ ဂဏနန သိဖို့လိုသေးတယ်၊ အစိုးရဘက်ကလည်း ပလက်စတစ်ကင်းစင်ရင် ဘာအစားထိုသုံးမလဲဆိုတာ စဉ်းစားနိုင်ရပါမယ်”ဟု ၎င်းက ပြောသည်။

အရပ်ဖက်အဖွဲ့များနှင့် အစိုးရဌာနများ ပူးပေါင်းပြီး ပြည်သူများကို ပလပ်စတစ်နှင့် ပတ်သတ်သည့် ပညာပေးခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဆက်လက်ပြောသည်။ ပလပ်စတစ်အမှိုက်များကို ပြီးစလွယ် စွန့်ပစ်နေလျှင် ကင်ဆာရောဂါများဖြစ်ပွားနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပွားနိုင်ကြောင်း ၎င်းက ပြောသည်။

ဇွန်(၄)ရက်နေ့တွင် ပလပ်စတစ်ကင်းစင်ရေးအကြိုနေ့အဖြစ် အစိုးရဌာနဆိုင်ရာများနှင် အရပ်ဖက်အဖွဲ့အစည်းများ စုပေါင်းအမှိုက်ကောက်ကြသော်လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုမှာ အားနည်းနေကြောင်း ဖြည့်စွက်ပြောသည်။

ပြည်နယ်အတွင်း ပလပ်စတစ်ကင်းစင်စေရန် ထုတ်လုပ်သည့် စက်ရုံများကိုလည်း အခွန်တိုးမြှင့် ကောက်ခံခြင်းများ လုပ်ဆောင်သင့်ကြောင်း Recuse လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောကြားသည်။

“ပလပ်စတစ်နဲ့ ပတ်သတ်ပြီး ပိုပြီး တင်းတင်းကျပ်ကျပ်နဲ့ လုပ်ဆောင်သင့်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပလက်စတစ်ကို လိုအပ်တဲ့ နေရာမှာပဲ သုံးပြီး မလိုအပ်တဲ့နေရာမှာ မသုံးဖို့နဲ့ ထိရောက်တဲ့ ဒဏ်ငွေ သတ်မှတ်မယ်ဆိုရင်လည်း သုံးစွဲမှုတွေ လျော့နည်းသွားမယ်လို့ မြင်တယ်”ဟူ ၎င်းက ပြောသည်။

ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ကာ လိုက်နာပါက ပိုမိုထိရောက်နိုင်မည်ဖြစ်ပြီး ပလပ်စတစ်ကို မလိုအပ်သည့်နေရာတွင် အသုံးပြုပါက ဒဏ်ငွေပေးဆောင်ရန် သတ်မှတ်သင့်ကြောင်း အကြံပြုပြောကြားသည်။

Written by ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်