အင်္ဂလန် မေ ၂၂

အင်္ဂလန်နိုင်ငံတွင် ပလက်စတစ် တစ်ခါသုံး အအေးပိုက်များ၊ ပလက်စတစ်နှင့် ပြုလုပ်ထားသည့် တစ်ခါသုံးအသုံးဆောင်များနှင့် နားကြပ်တံ စသည်တို့ကို လာမည့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်ကာအပြီးသတ် ပိတ်ပင်တော့မည်ဖြစ်ကြောင်း အစိုးရအဖွဲ့က မေလ ၂၂ရက်တွင် ကြေညာခဲ့သည်။

ယင်းနောက်ပိုင်း ဆက်လက်သုံးစွဲနေသူများတွေ့ပါကလည်း ဒဏ်ငွေအပြင် ထောင်ဒဏ်အထိပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

“ဒီလို ထုတ်ပြန်ရတာက အင်္ဂလန်နိုင်ငံမှာဖြစ်နေတဲ့ ပလပ်စတစ်ပစ္စည်းအသုံးပြုမှုများပြားလာတာကို လျှော့ချပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်လိုတာကြောင့်ဖြစ်တယ်” ဟု အင်္ဂလန်အစိုးရအဖွဲ့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တာဝန်ခံ မစ္စတာ မိုက်ကယ်ဂရို့စ်က ပြောသည်။

ပလပ်စတစ်အသုံးအဆောင်ပစ္စည်းများအားလုံးကိုပိတ်ပင်မည်မဟုတ်ဘဲ အသုံးပြုမှုမြင့်တက်နေသည့် စားသောက်ကုန်များနှင့် တွဲဖက်အသုံးပြုသည့် ပလက်စတစ်အသုံးအဆောင်အချို့ကိုသာပိတ်ပင်မည်ဖြစ်သည်။

ပလပ်စတစ်များသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး နှစ်ပေါင်း ၁၀၀ကျော်တိုင်အောင် ဆွေးမြေ့နိုင်ခြင်းမရှိဘဲ ကုန်းနေ၊ ရေနေသတ္တဝါများ၏ ဂေဟစနစ်ကိုလည်းပျက်စီးစေကြောင်း မစ္စတာမိုက်ကယ်က ပြောသည်။

နိုင်ငံတွင်း ပလက်စတစ်အသုံးပြုမှုကိုစစ်တမ်းကောက်ခံကြည့်ရာ ပလက်စတစ်အသုံးအဆောင်၏ ၈၀ရာခိုင်နှုန်းမှာ တစ်ခါသုံးအအေးပိုက်များဖြစ်ကြပြီး ကျန်ရာခိုင်နှုန်းမှာ နားကြပ်တံဖြစ်နေခြင်းကြောင့် အသုံးပြုမှုအများဆုံးပစ္စည်းများကို ပိတ်ပင်ရခြင်းဖြစ်သည်။

အင်္ဂလန်တွင် တစ်ခါသုံးကြွပ်ကြွပ်အိတ်များအသုံးပြုရပ်ဆိုင်းခြင်းကို ၂၀၁၇ အောက်တိုဘာလ ၂၂ရက်နေ့မှ ၂၀၁၈ ဒီဇင်ဘာလ ၃ရက်နေ့အထိ ပြုလုပ်ခဲ့ရာ ရလဒ်ကောင်းများရှိခဲ့သဖြင့် ယခု လုပ်ငန်းစဉ်များကို ထပ်မံ လုပ်ဆောင်ခြင်းဖြစ်သည်။

ယင်းတို့ကို ကြာမြင့်ချိန် သုံးနှစ်ခန့် ပိတ်ပင်ထားမည်ဖြစ်ပြီး ပလပ်စတစ်အသုံးပြုမှုနှုန်း တစ်နှစ်လျှင် ၃၀ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဟု ရည်မှန်းထားကြောင်း အစိုးရအဖွဲ့က ပြောသည်။

Ref: CNBC

Leave a Reply