Advertisements

မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသား လုပ်ငန်းရှင်များကို စုစည်း၍ လုပ်ငန်းရှင်အသင်းကို နိုဝင်ဘာ ၁၀ ရက်တွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်နယ် ပအိုဝ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောဆိုသည်။

ယခုလို ဖွဲ့စည်းလိုက်ခြင်းဖြင့် အခြားလုပ်ငန်းရှင်အသင်းများနှင့် ချိတ်ဆက်ကာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည် ဖော်နိုင်မည်ဟု ၎င်းက ပြောသည်။

“အသင်းကိုဖွဲ့စည်းလိုက်တာက ကျွန်မတို့လူမျိုးတွေကို စုစည်းလိုက်တာပါပဲ၊ သထုံခရိုင်မှာရှိတဲ့ ကျွန်မတို့လုပ်ငန်းရှင် ၁ဝဝ ကျော်ကို အင်းဝင်ဖြစ်ဖို့ စုစည်းဆောင်ရွက်ပြီးပါပြီ၊ ဝင်လာတဲ့အဖွဲ့ဝင်တွေပေါ်မှာ ရန်ပုံငွေစုဆောင်းပြီး တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို စတင်လုပ်ဆောင်မယ်”ဟု ၎င်းက ပြောသည်။

အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ စီးပွားရေးပရဟိတများ လုပ်ဆောင်နိုင်ရန်၊ ပအိုဝ်းလူမျိုးများ၏ လုပ်ဆောင်နေသောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ခေတ်နှင့် ဆီလျော်သော နည်းပညာများ အသုံးပြုနိုင်ရန်၊ စီးပွားရေးဈေးကွက်သစ်၊ လုပ်ငန်းသစ်များ ဖော်ဆောင်နိုင်ရန် ဖြစ်သည်ဟု ဒေါ်စံဝင့်ခိုင်က ဆိုသည်။

ယင်းအပြင် ပအိုဝ်းတိုင်းရင်းသားများ ဒေသမှ ထွက်ရှိသော ထွက်ကုန်များကို ပြည်တွင်းသာမက ပြည်ပသို့ ပို့ကုန်အဖြစ် ပို့ဆောင်နိုင်ရန်အတွက် ရည်ရွယ်ထားကြောင်း ဆက်လက်ပြောသည်။

ပြည်နယ်တွင် ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သောဒေသသည် ရေခံ၊ မြေခံကောင်းပြီး စိုက်ပျိုးထုတ်လုပ်သော သီးနှံ အများအပြားရှိသောကြောင့် ပြည်တွင်း၊ ပြည်ပစီးပွားရေးဈေးကွက်ထိ တိုးဝင်နိုင်ရန်အတွက် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

ဈေးကွက်ရှိသော သီးနှံများကို ထပ်မံတိုးချဲ့ကာ စိုက်ပျိုးနိုင်ရန်အတွက် နည်းစနစ် လိုအပ်ချက်ရှိနေ သောကြောင့် အခြား တိုင်းရင်းသားအသင်းများနှင့် ချိတ်ဆက်ကာ ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ပအိုဝ်းတိုင်းရင်သားလူမျိုးများ ၆ဝ,ဝဝဝ ကျော်ရှိပြီး သထုံခရိုင်တွင် အများဆုံးနေထိုင်ကြ ကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply