မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ်တွင် ပအိုဝ်းတိုင်းရင်းသားဝတ်စုံချုပ် စက်ရုံကို လာမည့်နှစ် ဆန်းပိုင်း၌ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောကြားသည်။

သို့မှသာ ဒေသထွက်ဝတ်စုံများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ပွဲတော်ရက်များတွင်လည်း ဝတ်ဆင်နိုင်လာကြမည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်မတို့တိုင်းရင်းသားတွေက ပွဲတော်ရက်တွေမှာတောင် ဈေးကြီးလို့ ရိုးရာဝတ်စုံတွေ မဝတ်နိုင်တဲ့သူ တွေရှိတယ်၊ ကိုယ့်ဒေသမှာသာ ချုပ်လုပ်နိုင်ရင် လူမျိုးအားလုံး ဝတ်ဆင်နိုင်ပြီလေ၊ အဲဒါကြောင့် စက်ရုံကြီးမဟုတ်ရင်တောင် အသေးတော့ ဖြစ်အောင် လုပ်မယ်”ဟု ၎င်းက ဆိုသည်။

လုပ်ငန်းအစပိုင်းတွင် စက်ရုံမတည်ဆောက်နိုင်ပါက စက်အလုံး ၃ဝခန့်ပါဝင်သော စက်ရုံငယ်လေးကို တည်ဆောက်ကာ ဝတ်စုံများကို ချုပ်လုပ်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ပြည်နယ်အတွင်း ပအိုဝ်းတိုင်းရင်းသားလူမျိုးပေါင်း ၆ဝ,ဝဝဝကျော် မှီတင်း နေထိုင်နေကြပြီး ရိုးရာဝတ်စုံများကို ပြည်နယ်တွင် ကိုယ်တိုင်ချုပ်လုပ်နိုင်ခြင်းမရှိသောကြောင့် ရှမ်းပြည်နယ်မှ တင်ပို့သော ချုပ်ပြီးသားဝတ်စုံများ ကိုသာ ဝတ်ဆင်နေရကြောင်း ဆက်လက်ပြောသည်။

စက်ရုံဆောက်လုပ်ခြင်း အောင်မြင်လာပါက ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုပစ္စည်း အရောင်းပြခန်းများကို ပြည်နယ်အတွင်း ထပ်မံဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

ရှမ်းပြည်နယ်မှ တင်ပို့သော ဝတ်စုံများဖြစ်သောကြောင့် လမ်းခရီးစရိတ်နှင့် သတ်မှတ်ပြီးသား ဈေးနှုန်းများဖြစ်ကြောင်း သထုံမြို့မှ ပအိုဝ်ရိုးရာထည်အရောင်းဆိုင်ပိုင်ရှင် မနန်းမို့မို့လွင်က ပြောသည်။

“ရိုးရာဝတ်စုံကတော့ ဈေးကြီးတယ်၊ တစ်ခါတစ်လေ ပွဲတော်ရက်နီးရင် ဝယ်ဖို့လာမေးကြတယ်၊ ဈေးကကြီး တော့ မဝယ်ကြဘူး၊ ဈေးက ဟိုကလာကတည်းက သတ်မှတ်ပြီးသား၊ ကျွန်မတို့လည်း အမြတ်အများကြီး မတင်ထားပါဘူး”ဟု ၎င်းက ပြောသည်။

ပအိုဝ်းတိုင်းရင်းသားဝတ်စုံများသည့် အနိမ့်ဆုံးဈေး ၂ဝ,ဝဝဝ ကျပ်မှ အမြင့်ဆုံးဈေး ၄ဝ,ဝဝဝကျပ်ထိ အမျိုးအစားအစုံရှိပြီး ပွဲတော်ရက်နီးလာပါက ဈေးပိုတက်လာလေ့ ရှိကြောင်း ဆက်လက်ပြောသည်။

ပအိုဝ်းတိုင်းရင်းသားများမှာ မွန်ပြည်နယ်တွင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ နှင့် ပေါင်မြို့နယ်တို့၌ အများဆုံးနေထိုင်ကြကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply