ဒေသခံပအိုဝ်းအမျိုးသမီးအများစုသည် တောင်ယာနှင့် ခြံစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်သည်။ ဓာတ်ပုံ- နန်းချားကြည်

ကြည်ဖြူ
HI Burma
Aug 7, 2020

လပိုင်းအတွင်းကျင်းပတော့မယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲက ပအိုဝ်းအမျိုးသမီးကြီး မွိုးမွေး တစ်ယောက်ရဲ့ မျှော်လင့်ချက်ကတော့ သိပ်များများစားစား မရှိလှ။

ရွေးကောက်ပွဲ ရှိခြင်း၊ မရှိခြင်းထက် သူတို့ရဲ့ ဘဝကိုလာနှောင့်ယှက်မယ့်သူ မရှိဖို့က ပိုအရေးကြီးတယ်လို့ ပြည်နယ်အစိုးရ ရုံးစိုက်ရာ တောင်ကြီးကနေ နာရီဝက်လောက် ခရီးအကွာအဝေးမှာရှိတဲ့ ဟိုပုံးမြို့နယ်ထဲက အေးချမ်းလှပတဲ့ ကုန်းမြင့်ဒေသမှာနေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် သီးနှံစိုက်တောင်သူ မွိုးမွေးက ဆိုပါတယ်။

“အမေတို့ ဒုက္ခမရောက်ရင်ရပြီ။ ကိုယ်ခြံကိုယ်မြေနဲ့ ရှိရင်ရပြီ။ အမေတို့ မြေယာတွေကို လာမနှောက်ယှက်ရင် ပြီးပြီ” လို့ ‘၂၀၂၀ ရွေးကောက်ပွဲကို ဘာမျှော်လင့်လဲ’ ဆိုတဲ့မေးခွန်းကို သူကအဖြေပေးပါတယ်။

မွိုးမွေးတစ်ယောက် ရွေးကောက်ပွဲကို သိပ်စိတ်မဝင်စားရတဲ့ နောက်တစ်ချက်လည်း ရှိနေပါတယ်။ ၂၀၁၅ တုန်းက သူမဲပေးခဲ့ပေမယ့် အပြောင်းအလဲက သူထင်သလို ဖြစ်မလာခဲ့တာကြောင့်လို့လည်း ဆိုပါတယ်။

“တချို့ပါတီတွေက မရခင်ကတော့ ဟိုဟာလုပ်ပေးမယ် ဘာလုပ်ပေးမယ်(နဲ့)။ ရလည်းရရော အပြောင်းအလဲတွေ ရှိတယ်။ မလုပ်ပေးတော့ဘူး။ ပျောက်သွားတယ်။ အပြောနဲ့ စကားနဲ့ မမှန်ဘူး” လို့ မွိုးမွေးကညဉ်းတွားပါတယ်။

ဒေသခံပအိုဝ်းအမျိုးသမီးအများဒေသခံပအိုဝ်းအမျိုးသမီးအများစုသည် တောင်ယာနှင့် ခြံစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်သည်။ ဓာတ်ပုံ- နန်းဗွေမောက်

ပအိုဝ်းဒေသမှာ မွိုးမွေး လိုဘဲ ရွေးကောက်ပွဲကို စိတ်မဝင်စားသူ အများအပြားရှိနေတယ်လို့ ပအိုဝ်းအမျိုးသမီး သမဂ္ဂ အမျိုးသမီးစွမ်းရည် မြင့်တင်ရေးလုပ်ငန်း တာဝန်ခံ နန်းခိုင်ဖူးက ပြောပါတယ်။

ဒေသခံတွေဟာ ကိုဗစ်ကပ်ဆိုးကြောင့် စီးပွားရေးပိုမိုကျပ်တည်းသွားခဲ့ပြီး နေ့စဉ်စားဝတ်နေရေးကို ရုန်းကန်နေကြရတဲ့အတွက် ရွေးကောက်ပွဲကိုစိတ်ဝင်စားမှု အားနည်းတာကြသလို ရွေးကောက်ပွဲ အသိမရှိတာကြောင့်လည်း ဖြစ်တယ်လို့ နန်းခိုင်ဖူးက ပြောပါတယ်။

တကယ်တော့ မွိုးမွေးတို့လို ပအိုဝ်းအမျိုးသမီးတွေဟာ အဲဒီဒေသရဲ့ ရွေးကောက်ပွဲရလာဒ်ကို အဆုံးအဖြတ် ပေးနိုင်တဲ့ အခြေအနေမှာရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဟိုပုံးအပါအဝင် ပအိုဝ်းလူမျိုးစုတွေ အများစုနေထိုင်တဲ့ ပင်လောင်းနဲ့ ဆီဆိုင် မြို့နယ်တွေကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပြီး အဲဒီသုံးမြို့နယ်မှာ နေထိုင်တဲ့သူ ၃၈၀,၀၀၀ ကျော်ထဲမှာ အမျိုးသမီးအရေအတွက်က ထက်ဝက်ကျော်ဖြစ်ပြီး ၂ သိန်း နီးပါးရှိပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက အမျိုးသားတွေချည်း ရွေးကောက်ခံခဲ့ကြရပါတယ်။
အဲဒီဒေသတွေမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဟာ အားကောင်းတဲ့ပါတီဖြစ်ပြီး ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ပြိုင်ဘက်ပါတီတွေကို အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။

ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာတော့ PNO က အပြောင်းအလဲတစ်ခုလုပ်ခဲ့ပြီး ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၄ ရာခိုင်နှုန်းအထိ ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ PNO ကတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၃၅ ယောက်မှာ ၅ ယောက်က အမျိုးသမီးတွေပါ။

မဲစာရင်းစစ်နေသည့် ဒေသခံပအိုဝ်းအမျိုးသမီးတစ်ဦး။ ဓာတ်ပုံ-နန်းကြည်ဖြူ

အခြားပြိုင်ဘက်ပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကလည်း ပအိုဝ်းဒေသမှာ ရွေးကောက်ပွဲဝင်ကြမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကို စိတ်အားမထက်သန်လှပေမယ့် မွိုးမွေးကတော့ သူ့စိတ်ကူးထဲက သူဖြစ်စေချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အကြောင်း အခုလိုဘဲ ပြောပါတယ်။

“ပအိုဝ်းလူမျိုးဖြစ်ရမယ်။ လူထုကို သနားညှာတာရမယ်။ လူထုတွေ ဒုက္ခရောက်ရင် ကူညီပေးရမယ်။ စာနာပေးရမယ်။ သူတို့ကို လူကြီးဖြစ်အောင် လူထုတွေက သူကို တင်မြှောက်ထားတာ”လို့ဆိုပါတယ်။

မွိုးမွေးနဲ့ စိတ်ကူးခြင်းတိုက်ဆိုင်တဲ့ နောက်ထပ် ပအိုဝ်းအမျိုးသမီးတစ်ယောက်ကတော့ ဆီဆိုင်မြို့နယ်ထဲက အသက် ၃၀ ခန့်အရွယ် မွိုးဗိုလ်ပါ။

“လွတ်တော်အမတ်နဲ့ အစိုးရဆိုတာ ဘာဘဲလုပ်လုပ် ပြည်သူတွေကို ကာကွယ်ပေးရမယ်။ ပြည်သူအားကိုး အားထားရတဲ့ သူဖြစ်အောင်လုပ်ရမယ်။ ပြည်သူတွေကို သနားငဲ့ညှာရမယ်။ ပြည်သူတွေ ယုံကြည်အောင် အလုပ်နဲ့သက်သေပြနိုင်ရမယ်” လို့ မွိုးဗိုလ်ကပြောပါတယ်။

ရွေးကောက်ပွဲမှာ သူတို့အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့သူကိုဘဲ တင်မြှောက်ချင်တယ်လို့လဲ မွိုးဗိုလ်က ပြောပါတယ်။ လက်ရှိအချိန်မှာ သူကြုံတွေ့နေရတဲ့ အခက်အခဲက မြေသိမ်းခံရတာပါ။

ဆီဆိုင်မြို့နယ်ထဲမှာ သူစိုက်ပျိုးတဲ့ မြေ ၁၀ ဧကကျော် သိမ်းဆည်းခံထားရပြီး ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် သူကို အလိုရှိတယ်လို့ ဆိုပါတယ်။

နောက်ထပ် အသက် ၃၀ ကျော်အရွယ် ပအိုဝ်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ နန်းလွို ကတော့ ၂၀၂၀ ရွေးကောက်ပွဲထက် သူ့ရဲ့စားဝတ်နေရေးကိုအလေးထားနေရပါတယ်။ သူနေထိုင်ရာ မြို့နယ်မှာ ဘယ်သူတွေ ဝင်အရွေးခံမယ်ဆိုတာကိုလဲ မသိဘူးလို့ဆိုပါတယ်။

“မဲပေးဖို့ ဘာမှပြင်ဆင်ထားတာတော့မရှိဘူး။ ခြံသွားတာကများတယ်။ အလုပ်ကပိုအရေးကြီးတယ်လေ မလုပ်ရင် မစားရဘူး”လို့နန်းလွို ကပြောပါတယ်။

ရွေးကောက်ပွဲကို စိတ်မဝင်စားပေမယ့် နန်းလွို မှာလဲ သူလိုချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့အစိုးရ ပုံစံကို သူ့စံနှုန်းနဲ့တိုင်းတာထားတောတော့ရှိပါတယ်။

“တရားမျှတမှုရှိတဲ့သူ။ မတရားခံရလား မခံရလားဆိုတာ ကြည့်ရှုရမယ် … စာနာစိတ်ရှိရမယ်။ ဘက်မလိုက်ရဘူး။ မခွဲခြားရဘူး … ပြီးတော့ အမှန်တရားဖြစ်ဖို့အရေးကြီးတယ် …”လို့သူကဆိုပါတယ်။

ပအိုဝ်းအမျိုးသမီးသမဂ္ဂက နန်းခိုင်ဖူး ကတော့ နိုင်ငံရေးသမားတွေက သူတို့မျှော်လင့်ချက်သလို ဖြစ်မလာခဲ့တဲ့နောက် ရွေးကောက်ပွဲကို စိတ်မဝင်စားဘဲ ဖြစ်နေကြတဲ့ ပအိုဝ်းအမျိုးသမီးတွေကို အားမလျှော့ဖို့တိုက်တွန်းပါတယ်။

“အမျိုးသမီး မဲပေးပိုင်ခွင့်ရှိတာတောင်မှ… တချို့အမျိုးသမီးတွေ လွှတ်တော်ထဲ ရောက်နေတာတောင်မှ ကျွန်မတို့ အမျိုးသမီးတွေ အခွင်အရေးတွေ အပြည့်အဝအကာအကွယ်ရဖို့ တိုက်နေရတာ ခက်နေတယ်။ တကယ်လို့ အမျိုးသမီးတွေ မဲပေးခွင့်မရှိဘူး မပေးဘူးဆိုရင် အမျိုးသမီးတွေရဲ့ ဘဝဟာ ပိုပြီးခွဲခြားခံရလာတာဘဲ ပိုများမယ်ပေါ့ မတွေးဝံစရာဘဲ”လို့ သူကဆိုပါတယ်။

Written by Kyi Phyu

( ယခုဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)  က စီစဉ်လုပ်ဆောင်သည့် HI Burma – Honest Information for Burma Website ( www.hiburma.net ) မှတဆင့် ပြန်လည်ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။)

<><><>

Captions

Photo 1 : ဒေသခံပအိုဝ်းအမျိုးသမီးအများစုသည် တောင်ယာနှင့် ခြံစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်သည်။ ဓာတ်ပုံ- နန်းချားကြည်

Photo 2 : ဒေသခံပအိုဝ်းအမျိုးသမီးအများစုသည် တောင်ယာနှင့် ခြံစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်သည်။ ဓာတ်ပုံ- နန်းဗွေမောက်

Photo 3 : မဲစာရင်းစစ်နေသည့် ဒေသခံပအိုဝ်းအမျိုးသမီးတစ်ဦး။ ဓာတ်ပုံ-နန်းကြည်ဖြူ

Leave a Reply