Advertisements

ချောင်းဆုံ ၊ မေ ၁၈

ပါတီ်ဂုဏ်သိက္ခာကိုညှိုးနွမ်းအောင် ပုတ်ခတ်၊စော်ကားပြောဆိုခြင်းများရှိလာပါက တရားစွဲဆိုသွား မည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ ကသတိပေးပြောကြားသည်။

“နိုင်ငံတိုးတက်ဖို့ ၊ မြို့နယ်တိုးတက်ဖို့ ၊ ဒေသတွေဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ဓာတ်တွေကိုပြောင်းလဲစေချင်ပါတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကဖြစ်ပါစေ၊ ပြည်သူတစ်ဦးတစ်ယောက်ဖြစ်ပါစေ ၊နောက်တစ်ကြိမ်ဆိုရင်ပါတီကို ပုတ်ခတ်စော်ကား လာရင် အခုလိုဝန်ချတောင်းပန်လိုက်ရုံနဲ့ ခွင့်လွှတ်တော့မှာမဟုတ်ဘူး ။တရားစွဲဆိုသွား မှာဖြစ်တယ် ”ဟု ၎င်းကပြောခြင်းဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာထက်တွင် မေလ ပထမပတ်က မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံအမတ်ဒေါ်ကြည်ကြည်မြ ရေးသားလွှင့်တင်ခဲ့သော ပို့စ် ၌ NLDပါတီကို ပုတ်ခတ်စော်ကားသည့်သဘော မှတ်ချက်ဝင်ရေးခဲ့သော ကုလားဘီကျေးရွာနေ မအိသဉ္ဇာဖြိုးက အပြစ်ကိုဝန်ချတောင်းပန်သည့်အခမ်းအနားတွင် ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

တောင်းပန်ပွဲကို မေ ၁၈ နံနက်ပိုင်းတွင် ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးခန်း၌ ကျင်းပခြင်းဖြစ်ပြီး ပြည်နယ် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင် ၊ ကျိုက္မရောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးဝေနှင့် ကာယကံရှင် ဒေါ်ကြည်ကြည်မြတို့တက်ရောက်ခဲ့ကြသည်။

“NLD ပါတီကို ပုတ်ခတ်တာမဟုတ်ရင် ခွင့်လွှတ်နိုင်ပါတယ်။ ကျမပို့စ်အပါအဝင် တခြားပို့စ်တွေမှာလည်း ပါတီ သိက္ခာကိုစော်ကားထားတဲ့အတွက် ပါတီသိက္ခာကိုပြန်ဆည်တဲ့အနေနဲ့ လုပ်တာဖြစ်တယ် ။ကျမပို့စ်တင်ထားတာ တစ်နိုင်ငံလုံးမက တကမ္ဘာလုံးကသိပြီးသားဖြစ်တဲ့အတွက် ပုတ်ခတ်စော်ကားပြောဆိုထားတာနဲ့ပတ်သက်ပြီး အားလုံးသိအောင်အခုလို ဝန်ချတောင်းပန်စေခြင်းဖြစ်တယ် ။ဒါနောက်ဆုံးအကြိမ်ပဲ နောက်တစ်ခါ ပုဂ္ဂိုလ်ရေး ပိုင်းနဲ့ ပါတီကိုပုတ်ခတ်ပြောဆိုလာရင်မည်သူ့ကိုမဆိုတရားစွဲဆိုသွားမှာဖြစ်တယ်”ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြက ပြောသည်။

မေလ ၇ ရက်နေ့က ကုလားဘီကျေးရွာ စာကြည့်တိုက်တွင် မြန်မာ့တိုင်းရင်းဆေး (ချောင်းဆုံ)က ကွင်းဆင်း ကုသပေးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အားနည်းချက်များရှိခြင်းကို ပို့စ်တင်ထားရာ မအိသဉ္ဇာဖြိုးက ဝ်င်ရောက်ရေးသားခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ကြည်ကြည်မြကဆက်လက်ရှင်းပြသည်။

“ဘယ်ပါတီဝင်မှမဟုတ်ပါဘူး။ ကျမအဖေ(ကုလားဘီကျေးရွာအုုပ်ချုပ်ရေးမှူးဦးအေးကို) နဲ့ပတ်သက်ပြီး ပို့စ်တင်ထားတာတွေ့ရလို့အခုလိုဖြစ်သွားတာပါ။နိုင်ငံရေးကိုစိတ်မဝင်စားဘူး။ ကျမအမှားအတွက်ဝန်ချတောင်းပန်ပါတယ်။ ဝန်ချတောင်းပန်တယ်ဆိုတာ ကိုလည်းပို့စ်မှာတင်ပေးပါမယ်”ဟု မအိသဉ္စာဖြိုးက ကတိပေးခဲ့သည်။

“ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် တာဝန်လစ်ဟင်းခဲ့တဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးခေါ်ယူသတိပေးထားပြီးဖြစ်တယ် ။ကျွန်တော့်သမီးရဲ့အမှားကို လည်း တောင်းပန် ပါတယ်” ဟု ကုလားဘီကျေးရွာအုုပ်ချုပ်ရေးမှူးဦးအေးကိုက တောင်းပန်ခဲ့သည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply