ရန်ကုန်၊ မတ် ၂ ။ ။ ရှစ်လေးလုံးမျိုးဆက်များပါဝင်သည့် နိုင်ငံရေးပါတီတစ်ခုကို ၂၀၁၈/၂၀၁၉ ခုနှစ်အတွင်း တည်ထောင်သွားရန် လျာထားပြီး ရှစ်လေးလုံးမျိုးဆက်အမည်ကို အသုံးမပြုရန် ဆုံးဖြတ်ထားကြောင်း အဆိုပါမျိုးဆက်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် မတ် ၂ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲအပြီးတွင် ၎င်းက ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခုလို အသုံးမပြုခြင်းမှာ သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံသည် ပြည်သူများ၏ ဘုံပိုင် အထွတ်အမြတ်ဖြစ်သည့် အမှတ်သားတစ်ခုဖြစ်သည့်အတွက် နိုင်ငံရေးပါတီ၏ အမှတ်တံဆိပ်အဖြစ် မထားရှိလိုခြင်းကြောင့်ဖြစ်သည်ဟု ဦးကိုကိုကြီးက ပြောသည်။

“ကျွန်တော်တို့ ဘယ်သူ ဘယ်သူပါတယ်ဆိုရင် ရှစ်လေးလုံးမှာ ဦးဆောင်ခဲ့တဲ့ သူတွေပါတယ်ဆိုတာ ပြည်သူက သိပြီးသားပါ။ ပြီးတော့ ရှစ်လေးလုံးလို့ ပြောတယ်ဆိုရင် ကျွန်တော်တို့ချည်းပဲ ဖြစ်မှာစိုးလို့ပါ”ဟု ဦးကိုကိုကြီးက ဆိုသည်။

ယင်းကဲ့သို့ နိုင်ငံရေးပါတီတည်ထောင်ခဲ့ပါက လက်ရှိအာဏာရ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ပါတီ NLD ကို အတိုက်အခံ လုပ်ဆောင်သွားမည် မဟုတ်ဘဲ သဘောထား မတူညီမှုများရှိခဲ့ပါက ဝေဖန်ခြင်းများနှင့် အကြံ ပြုခြင်းများသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့က နိုင်ငံရေးပါတီတစ်ခု တည်ထောင်တဲ့အခါမှာ ဘယ်ကိစ္စကို ဘယ်လိုလုပ်မယ်၊ ဘယ်ဟာကိုတော့ မလုပ်ဘူးဆိုတဲ့ ကိုယ့်ရဲ့ မူဝါဒအတိုင်းပဲ ခိုင်ခိုင်မာမာဆောင်ရွက်သွားမယ်။ ဒါကြောင့်မို့ အတိုက်ခံဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်ကတော့ လက်မခံပါဘူး”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းအပြင် ၎င်းတို့အနေဖြင့် နိုင်ငံရေးပါတီ တစ်ခုအနေနဲ့သာ ရပ်တည်သွားမည်ဖြစ်ပြီး ပါတီမှချမှတ်ထားသည့် မူဝါဒအတိုင်း ပြည်သူတွေကို ချပြသွားမည်ဖြစ်ခြင်းကြောင့် ၎င်းတို့ကို တတိယ အင်အားစုအဖြစ် အမှတ်စဉ်တပ်ပြီး နေရာသတ်မှတ်ခြင်းကို လုံးဝ လက်မခံကြောင်း ဦးကိုကိုကြီးက ဆိုသည်။

လက်ရှိတွင် ပါတီတည်ထောင်ရန် နာမည်များ ရည်ရွယ်ထားသော်လည်း ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲမှ ရရှိလာမည့် အချက်အလက်များပေါ် မူတည်ပြီးမှသာ ပါတီတည်ထောင်ရေးကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်ဟု ရှစ်လေးလုံးမျိုးဆက်တစ်ဦးဖြစ်သူ ဦးမင်းဇေယျာက ဆိုသည်။

ယင်းကဲ့သို့ နိုင်ငံရေးပါတီတည်ထောင်ပြီးပါက လာမည့် ၂၀၂၀ ပြည်ထောင်စုရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထားကြောင်း ယင်းဆွေးနွေးပွဲထံမှ သိရသည်။

Written by -အောင်ကျော်ထွန်း

Leave a Reply