Advertisements

Myanmar Now

နုတ်ထွက်စာတင်ထားသော ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ကို နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည့်နောက် မကြာသေးမီက ပါတီမှတ်ပုံတင်ခွင့်ကျထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီကိုတည်ထောင်သူ ဖြစ်သည်ဆိုသော သတင်း မှန်ကြောင်းလည်း ၎င်းက ပြောလိုက်သည်။

အောက်တိုဘာလ ၃၀ ရက်နေ့စွဲဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုယ်စား ဦးဉာဏ်ဝင်းလက်မှတ်ရေးထိုး ထုတ်ပြန်ထားသော စာတွင် ဒေါ်သက်သက်ခိုင်သည် ပါတီဝင်အဖြစ်မှမိမိ ဆန္ဒအလျောက် နုတ်ထွက်ကြောင်းတင်ပြသည့်အပေါ် ခွင့်ပြုလိုက်ကြောင်း ပါရှိသည်။

ဒေါ်သက်သက်ခိုင်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် မှနေ၍ ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာပြီး များမကြာမီတွင် ပါတီနှင့် သူ့အကြား အက်ကွဲကြောင်း စတင်လာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခြင်း၊ သင်္ကြန်ကာလ စီးပွားဖြစ် ရေကစားမဏ္ဍပ်များဆောက်လုပ်ခြင်း မပြုရန် ပိတ်ပင်ခြင်းအပါအဝင် အခြားစီးပွားရေးဆိုင်ရာ တားမြစ်ခြင်းများကို ဒေါ်သက်သက်ခိုင်က RFA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဝေဖန်ပြောကြားခဲ့သည်။

ယင်းအပြင် ဝန်ကြီးဌာနများ၏ ကိုယ်ပိုင်ဘဏ်စာရင်း (Other Account) ကို ပြည်သူ့ဘတ်ဂျက်သို့ ထည့်သွင်းရန် လွှတ်တော်တင်ပြခြင်းအပါအဝင် စီးပွားရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ လွှတ်တော်တွင် မကြာခဏ ထောက်ပြဆွေးနွေးခဲ့သည်။

ပါတီတွင်းဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် မီဒီယာများက တွေ့ဆုံမေးမြန်းရာတွင်လည်းသူ၏အမြင်ကို ပွင့်လင်းစွာ ချပြကာ ထောက်ပြဆွေးနွေးလေ့ရှိသဖြင့် ပါတီ၏ ခေါ်ယူသတိပေးမှုများလည်း ခံခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် NLD ပါတီမူဝါဒနှင့် စည်းကမ်းများကို ချိုးဖောက်သောကြောင့်ဆိုကာပါတီတာဝန်များ ရပ်ဆိုင်းခံခဲ့ရသည်။

NLD ပါတီအနေဖြင့် ၎င်းအား ပါတီမှ အကြောင်းပြချက်မပေးဘဲ ပါတီ တာဝန်ရပ်ဆိုင်းခြင်းကြောင့် ပါတီမှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဒေါ်သက်သက်ခိုင်က ဆိုသည်။

အဲဒါမျိုးကျတော့ ပါတီထဲမှာ ဥပဒေမဲ့ လုပ်တာနဲ့ တူတယ်ပေါ့ဟု ၎င်းက ပြောသည်။

ထို့အပြင် NLD ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေဖြင့်ကိုယ်စားလှယ်အခွင့်အရေး အပြည့်အဝ မရရှိခဲ့ကြောင်း ဒေါ်သက်သက်ခိုင်က Myanmar Now ကို ပြောဆိုသည်။

နိုင်ငံတကာကုန်သွယ်ရေးတွင် ရောပသမဂ္ဂက ပိတ်ဆို့ဒဏ်ခတ်ချင်သည့် အခြေအနေနှင့်ပတ်သက်၍ လွှတ်တော်ကို အဆိုတစ်ခု တင်သွင်းရန် ကြိုးစားသော်လည်း ၎င်းအားကိုယ်စားလှယ်အခွင့်အရေး မပေးခဲ့ဟု သူက ဆိုသည်။

တင်ခွင့်က နှစ်ခါ သုံးခါ တင်မှ ရတယ်။ ပြီးတော့ ကျွန်မကို ထောက်ခံဆွေးနွေးမယ့်သူကိုလည်း ဒေါ်သက်သက်ခိုင်ကို ထောက်ခံရင် ထုတ်မယ်တို့ဘာတို့ ပြောတော့ ကျွန်မကိုထောက်ခံမယ့်သူက မရှိဘူး” ဟု ၎င်းက ပြောသည်။

ထောက်ခံမည့်သူမရှိသဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို အကူအညီတောင်းရာ ကိုယ်စားလှယ်တစ်ဦးက ကူညီမည်ဟု ပြောသဖြင့် အဆိုတင်ခွင့်ပြုခဲ့ကြောင်း ဆက်ပြောသည်။

“ပေးပြီးတော့မှ ဒါက အများပြည်သူရှေ့မှောက်မှာ ဆွေးနွေးဖို့ မသင့်တဲ့အတွက် (ဆိုပြီး) စာနဲ့ပဲ အကြောင်းပြန်တော့ ကျွန်မက ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လွှတ်တော်တွင်းမှာ လုပ်ခွင့်ရှိတဲ့ အခွင့်အရေးကို အများကြီး နစ်နာခဲ့တယ်ဟု ဒေါ်သက်သက်ခိုင်ကပြောသည်။

NLD ပါတီမှ ယခုကဲ့သို့ နုတ်ထွက်လိုက်ခြင်းမှာ တိုင်းပြည်တည်ဆောက်ရေးတွင် ပိုမိုထိထိရောက်ရောက် လုပ်လိုသောကြောင့်ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံရေးတော့ ကျွန်မ ဆက်လုပ်မယ်။ NLD ပါတီထဲမှာထက်စာလို့ရှိရင် ကိုယ့်လမ်းကိုယ်ဖောက်ပြီးသွားရင် တိုင်းပြည်တည်ဆောက်ရေးမှာ ပိုထိထိရောက်ရောက် ပါဝင်နိုင်မယ်လို့ယူဆလို့ ထွက်လိုက်တာပါ။ ကိုယ်လုပ်နိုင်တာတွေ အများကြီး ရှိသေးပါတယ်ဟု ၎င်းကဆိုသည်။

ယင်းသို့လုပ်ဆောင်နိုင်ရန်လည်း ပါတီမှ နုတ်မထွက်ခင်တွင် နိုင်ငံရေးပါတီသစ်တစ်ခုတည်ထောင်ရန် လုပ်ဆောင်ခဲ့ပြီး၊ မကြာသေးခင်က ပါတီမှတ်ပုံတင်ခွင့် ကျထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) မှာ ဒေါက်တာသက်သက်ခိုင်တည်ထောင်သူအဖြစ်ပါဝင်သည့် ပါတီလည်းဖြစ်သည်။

ပြည်သူ့ရှေ့ဆောင်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၂၃ရက်နေ့တွင် မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး NLD ထံ နုတ်ထွက်စာကိုလည်း ထိုနေ့မှာပင် တင်ခဲ့ခြင်းဖြစ်သည်။

NLD ပါတီမှ နုတ်ထွက်ပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီတွင် နိုင်ငံရေးဆောင်ရွက်မည်ဖြစ်ပြီး ၎င်းပါတီသည် လက်ရှိအချိန်တွင် ပါတီဝင်အသစ်များ စုဆောင်နေကြောင်းဒေါက်တာသက်သက်ခိုင်က ဆိုသည်။

မူဝါဒတွေလည်း ရေးဆွဲပြီးပြီ။ ပါတီရဲ့ စည်းမျဉ်းတွေလည်း ရေးဆွဲပြီးပြီ။ သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်။ ကျွန်မတစ်ယောက်တည်း ဖြေတာထက်စာရင် စုပေါင်းလုပ်တာဆိုတော့ ကျွန်မတို့ သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်ဟု ၎င်းက ပြောသည်။

ဒေါက်တာသက်သက်ခိုင် ပါတီဝင်အဖြစ်မှ နုတ်ထွက်ပြီး တခြားပါတီဝင်၍ နိုင်ငံရေးဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပါတီကတော့ လွတ်လပ်စွာ တည်ထောင်ခွင့် ရှိပါတယ်။ မိမိရဲ့ ယုံကြည်တဲ့ မူဝါဒကို ပြည်သူတွေက လက်ခံလာအောင် ကိုယ်စည်းရုံးနိုင်မယ်လို့ ယုံကြည်ရင် မည်သူမဆို ပါတီထောင်ခွင့် ရှိပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဘာမှ မပြောလိုပါဘူးဟု ပြောဆိုသည်။

Advertisements
<

Leave a Reply