ပါတီအမည် ပြောင်းလဲမှုအပေါ် ပြည်သူတို့ သဘောထား

ပေါင်းစည်းထားသော မွန်ပါတီသည် နိုဝင်ဘာ ၃၀ ရက်က ပါတီပေါင်းစည်းကြောင်းနှင့် မွန်ပါတီအမည်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင် လျှောက်ထားခဲ့သည်။ ထိုသို့ မှတ်ပုံတင် လျှောက်ထားမှုကို ကော်မရှင်က ဒီဇင်ဘာ ၁၁ ရက်က မွန်ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမည်ပြောင်းလဲ လျှောက်ထားရန်နှင့် မွန်ပါတီအမည်ကို လက်မခံကြောင်း ပြောဆိုခဲ့သည်။ ယင်းကဲ့သို့ မွန်ပါတီ အမည်အား လက်မခံသည့်အပေါ် သူတို့အားလုံးနှင့် တွေ့ဆုံ မေးမြန်းထားမှုများကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

မင်းအောင်ထူး၊ ညှိနှိုင်းရေးမှူး
မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်

ပါတီအမည်နာမည်က ပြောစရာတော့ ရှု့ထောင့် အမျိုးမျိုး ရှိတာပေါ့၊ ကော်မရှင်က ပြောတာလည်း မမှားဘူးပေါ့လေ၊ ဆိုလိုတာက မွန်ပါတီလို့ ပြောတဲ့အခါ အားလုံးကို လွှမ်းခြုံပြီး တင်စီးတဲ့ နာမည်ဖြစ်သော်လည်း လက်ခံလို့ ရပါတယ်၊ ဒါပေမယ့် ဖြစ်စေချင်တာကတော့ ကျွန်တော်တို့တွေသည် မွန်မှာရှိတဲ့ ပါတီတွေ အားလုံးကို ပေါင်းစည်းပြီး အားလုံးကို ကိုယ်စားပြုခြင်းတဲ့ ရှု့ထောင့်ဘက်ကကြည့်ပြီး ခံယူထားခြင်းတဲ့ အနေအထားက ဒီဘက်မှာ ရှိနေတော့ ဘယ်သူမှတော့ မမှားဘူးပေါ့၊ ဒါပေမယ့် ပြဿနာတော့ မရှိဘူး၊

အနှစ်သာရ အပိုင်းမှာ အားလုံးကို လွှမ်းခြုံနိုင်တဲ့ ပါတီဖြစ်အောင် တစ်ဘက်က ပြန်ကြိုးစားရမှာပေါ့၊ မွန်ပါတီကလည်း မွန်ပြည်သူတွေ မဲပေးထားတဲ့ ဒုတိယ ဦးစားပေး နာမည်ဖြစ်တဲ့ မွန်ညီညွှတ်ရေးပါတီ နာမည်နဲ့ ပြန်တင်မှာ ဖြစ်လို့ သိပ်ပြီး ပြဿနာ မရှိပါဘူး။

နိုင်ဂေဟံသာ
မွန်ပြည်သူ

ဒီနာမည်ကို လက်ခံဘူးဆိုတာတော့ ကော်မရှင်အနေနဲ့ မဖြစ်သင့်ဘူူးပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကော်မရှင်က မွန်ပါတီတွေ ထပ်ဖွဲ့လာရင် မွန်တွေကို ကိုယ်စားမပြုမှာ ဖြစ်လို့ အကြောင်းပြ ချက်ပေးတယ်၊ ဒါပေမယ့် ဒီနာမည်က ပါတီတွေ ပေါင်းစည်းပြီးမှ မွန်ပြည်သူတွေက ဒီနာမည်ကို ပေးတာလေ၊ ဒီတော့ ဒီနာမည်ကို ပယ်ချတာတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။

 

 

နိုင်စဝေါမွန်
မွန်ပြည်သူ

ကျွန်တော်ထင်တာက ဒီနာမည်က ပြည်သူတွေ ရွေးချယ်ပေးလို့ ပါတီက လက်ခံ ယုံကြည်ပြီး တင်လိုက်တာ ဖြစ်တယ်။ မွန်နိုင်ငံရေး အသိုင်းအဝိုင်းက သဘောတူလို့ ဒါတွေကို အတည်ပြုပြီး တင်လိုက်တာ ဖြစ်တယ်၊ ဒီလို တင်လိုက်တော့ ဟိုဘက်က အကြောင်းပြန်ချက်က တကယ်လို့များ မွန်ပါတီလို့ ပေးလိုက်ရင် တခြားသူတွေက မွန်နိုင်ငံရေးပါတီတွေက ပါတီထောင်ရင် အဆင်မပြေသလို ဖြစ်မှာလို့ ပြောတယ်၊

ဒါတော့ ဟုတ်ပါတယ်၊ မွန်ပါတီတွေ ထောင်လို့မရအောင် မွန်တစ်ခုတည်း ရှိတယ်လို့လည်း ဆိုပြီး ပေးလိုက်တာတော့ မဟုတ်ပါဘူး၊ နာမည်ကတော့ မွန်ပါတီအသစ်တွေ ထောင်မယ်ဆိုရင်လည်း တခြား မွန်နဲ့ ဆက်စပ်တဲ့ နာမည်တွေ ရွေးလို့ ရပါတယ်၊ ကျွန်တော်ရဲ့ ထင်မြင်ယူဆချက်ကတော့ ဒါက နာမည် တစ်ခုပါပဲ။

နိုင်မွန်ရာဇာ
မွန်ပြည်သူ

ကျွန်တော် မြင်တာက မွန်ပါတီလို့ မှတ်ပုံတင်တာဟာ မြို့နယ်က လူတွေရဲ့ သဘောတူညီချက် ဖြစ်တယ်၊ ဒီနာမည်က အားလုံးကို အတည်ပြုထားပြီးသားပါ၊ ဒီနာမည်အတွက်လည်း ပေါင်းရေး အခမ်းအနားမှာ တင်ပြထားပြီးသားပါ၊ အဲဒါကျတော့ မွန်ပါတီလို့ သုံးရင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီးတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး၊

ကျွန်တော်တို့ မွန်တွေ အားလုံးက စုစုစည်းစည်းနဲ့ မွန်ပါတီဆိုတဲ့ အမည်ကို သုံးချင် ဖြစ်ပါတယ်၊ နောက်တစ်ခုက မွန်ပါတီလို့ အမည်ခံလိုက်ရင် နောက်မွန်ပါတီက ပါတီထောင်ရင် မထောင်လို့ ရတဲ့ အနေအထားမရှိဘူးလို့ ကျွန်တော် မြင်တယ်၊ နောက်ပြီး တစ်ချို့ကျတော့ ပြည်သူ့ပါတီလို့ သုံးတာလည်း ရှိတယ်၊ ပြည်သူ့ပါတီလို့ သုံးတော့ ပြည်သူ့ တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ သဘောမျိုး ဖြစ်နေတယ်၊ မွန်ပါတီလို့ အမည်တောင်းတာက အခက်အခဲ မရှိဘူးလို့ မြင်တယ်၊ ကျွန်တော်တို့ ဖြစ်စေချင်တာက မွန်ပါတီလို့ပဲ ဖြစ်စေချင်တယ်။

မင်းဉာဏ်စိုက်
မွန်ပြည်သူ

ကျွန်တော် အမြင်က နိုင်ငံရေးပါတီဆိုတာ သူတို့ ကြိုက်တဲ့ နာမည်နဲ့ မှတ်ပုံတင်ကြတာပေါ့၊ ဒီလို လျှောက်ထားမှုမှာ ပါတီတွေက ဘယ်လို တင်တင်ပေါ့၊ ဒါကို ကော်မရှင်က ဒီနာမည်မကြိုက်ဘူး၊ ဟိုနာမည်ပြောင်းပေးပါလို့က ကျွန်တော် ထင်တယ်၊ ဘယ်လိုမှလည်း မလုပ်သင့်တဲ့ ကိစ္စ တစ်ခု ဖြစ်တယ်၊ အဲဒီတော့ သူတို့ အကြောင်းပြချက်ကို ကျွန်တော် မွန်လူငယ် တစ်ယောက်အနေနဲ့ လက်မခံနိုင်စရာ ရှိတယ်၊

ဘာကြောင့်လဲဆိုတော့ ကော်မရှင်က မွန်ပါတီနာမည်ကို လက်ခံလိုက်ရင် တခြား မွန်ပါတီတွေက ပါတီထောင်ရင် ကိုယ်စားမပြုဘူးလို့ ပြောတယ်၊ ကျွန်တော် အမြင်နဲ့က အဲလို မမြင်ဘူး၊ ဆိုလိုတာ နာမည်က သူကြိုက်တဲ့ နာမည် သူတို့ ရွေးလို့ ရတယ်၊ နိုင်ငံရေးပါတီ ဖွဲ့တာကျတော့ တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်သလို လူနည်းစုကိုလည်း ကိုယ်စားပြုနိုင်တဲ့ အနေအထားတော့ ရှိမှာပဲ၊ ကိုယ်စားပြုမှု မရှိရင် ရွေးကောက်ပွဲကျရင် ဘယ်လို လုပ်ကြမလဲ ဒါကိုတော့ နိုင်ငံရေး ပါတီတွေက သိထားပြီးသားပါ၊ အဲဒါကြောင့် ကျွန်တော် အမြင်ကတော့ ဒီလိုလုပ်ခြင်းအားဖြင့် ကော်မရှင်ဟာ သိပ်ပြီးတော့ ဒီမိုကရေစီ မဆန်သလိုပဲ၊ အဲလိုပဲ ကျွန်တော် မြင်တယ်။

ထိုက်ထိုက်၊ စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.