Advertisements

ပါတီ၏ ညွှန်ကြားချက်ကြောင့် ရာထူးမှ နုတ်ထွက်ရခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်က ဆိုသည်။

ယနေ့ (မေ ၃၀ ရက်) ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ယင်းသို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတရုံးမှလည်း အမိန့်စာအမှတ် ၂၈/ ၂၀၁၈ ဖြင့် ၎င်း၏ သဘောဆန္ဒအလျောက် လက်ရှိရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

ယခုလို နုတ်ထွက်ရခြင်းမှာ ပါတီလိုအပ်ချက်အရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် ပါတီက ထားသည့် နေရာတွင် နေရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပါတီ ညွှန်ကြားချက်ကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

“ကျွန်တော့်မှာ အပြစ်ရှိလားလို့ လူကြီးတွေကို သွားမေးတယ်၊ သွားမေးတဲ့ အခါကျတော့ ပါတီက လုပ်ငန်းလိုအပ်ချက်အရ ဒီလိုမျိုး ရွှေ့တာ ဖြစ်ကြောင်း အကုန်လုံး ရှင်းပြတယ်”ဟု ဦးမင်းထင်အောင်ဟန်က ဆိုသည်။

ယင်းသို့ ဝန်ကြီး ရာထူးမှ နုတ်ထွက်ပြီးနောက်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ပြီး၊ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ပါတီ အောင်နိုင်ရေးအတွက် စည်းရုံးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ကာလအတွင်း မော်လမြိုင်မြို့ပေါ်လမ်းများ မီးလင်းရေးအတွက် မီးလုံးရေ ၇၀၀ ကျော် တပ်ဆင်နိုင်ခဲ့သည့်အပြင် မီးလင်းရေး ပြဿနာများစွာကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။

ဦးမင်းထင်အောင်ဟန်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

၂၀၁၇ခုနှစ်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရာထူးမှ နုတ်ထွက်ပြီးနောက် မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်း ဒုတိယမြောက်နုတ်ထွက်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တိုင်ကြားခံရမှု အများဆုံးဝန်ကြီး တစ်ဦးလည်း ဖြစ်သည်။

ဟင်္သာမီဒီယာ

Leave a Reply