(ဓါတ်ပုံ အညွှန်း – မော်လမြိုင်အဝေးပြေးကားဝင်းအရှေ့တွင် လူကုန်ကူးမှုမဖြစ်ပွားစေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှ အသိပညာပေးဆိုင်းဘုတ်ဖြင့် ကြော်ငြာထားခြင်း)

မော်လမြိုင်မြို့၊ စက်မှုဇုန်အနီး ညောင်ပင်ဆိပ်ရပ်ရှိနေအိမ်တစ်အိမ်တွင် လူငယ် ၂၄ ဦးကို ပိတ်လှောင်ထားဟုဆိုသော သတင်းကြောင့် မော်လမြိုင် အခြေစိုက် မေတ္တာ ဆုံဆည်းအမည်ရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ထိုနေအိမ်ရှေ့တွင် စောင့်ကြည့်မှုများ ပြုလုပ်နေသည်။

မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ စက်မှုဇုန်ရပ် မော်လမြိုင်- ဘားအံ ကားလမ်းမကြီးဘေးရှိ ဒေါ်သီတာအေး၏ နေအိမ်၌ ရခိုင်လူမျိုးများ ရောက်ရှိနေကြောင်း သတင်းရ၍ မေတ္တာဆုံဆည်း အဖွဲ့က အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် စက်မှုဇုန်နယ်မြေ
ရဲတပ်ဖွဲ့ဝင်များထံတိုင်ကြားခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အသက် ၂၀ ကျော် လူငယ်များကို ဇွန်လ ၂၇ ရက် နေ့က စတင်ပြီး ထိုနေအိမ်၌ ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုလူငယ် ၂၄ ဦးကို တစ်လလျှင် ဘတ်ခြောက်ထောင် ရမည့် အလုပ်လုပ်ကိုင်ရန်ဟု ဆိုကာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် အခြား မြို့များ က စု ဆောင်းလာခဲ့ခြင်းဖြစ်သည်။

“သားတို့ ဘယ်မှာအလုပ်လုပ်ရမယ်ဆိုတာ မသိဘူး။ ပွဲစားမကပြောတာ မင်းတို့ထိုင်းတက်မယ်ဆိုတက်။ အားလုံးစရိတ်အကုန်ရှင်းပေးမယ်လို့ပြောတာ။ သားတို့ကနေပြီး ဘယ်နှစ်လပြန်လုပ်ဆပ်ရမှာလဲလို့ မေးတော့ ပွဲစားမက နှစ်လလောက် လုပ်ဆပ်ရမယ်လို့ ပြောတယ်” ဟု
အဆိုပါ အဖွဲ့နှင့် ပါလာပြီး ပိတ်လှောင်ခံထားရသူ မောင်သိန်းထွန်းက ပြောဆိုသည်။

ထိုလူငယ်များကို ဒေါ်သီတာအေး (ခ) သီတာဟူသော အမျိုးသမီးက ထိုင်းနိုင်ငံရှိ ငါးဖမ်းစက်လှေတွင်အလုပ်လုပ်ကိုင်ရန်အတွက် လူငယ် ၂၄ ဦးကို ရှာဖွေခဲ့ပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နေ ဒေါ်ကြည်သန်းမေ (၄၁ နှစ်)၊ ဦးအောင်ထွန်းစိန် (၅၄ နှစ်)နှင့် မြောက်ဦးမြို့နယ်နေ ဦးမိုးကျော် (၄၀ နှစ်) တို့အပါအဝင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန်ကြံစည်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ခေါ်လာစဉ်အတော အတွင်းတွင်မှု မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ စက်မှုဇုန်ုရပ် မော်လမြိုင်- ဘားအံ ကားလမ်းမကြီးဘေးရှိ ဒေါ်သီတာအေး၏ နေအိမ်၌  လူငယ်အများ အပြားရောက်ရှိနေခြင်း၊ ထိုလူငယ်များလက်ဖက်ရည်ဆိုင်ထိုင်နေစဉ််တွင်ထိုင်းနိုင်ငံသို့
သွားရောက်ကာ ငါးဖမ်း လှေလိုက်မည်ဆို သောပြောစကားများကို ကြားသိခဲ့ရသော မေတ္တာဆုံဆည်းအဖွဲ့ဝင်များက ရဲတပ်ဖွဲ့ကို စတင်တိုင်ကြားခဲ့ကြသည်။

“လက်ဖက်ရည်ဆိုင်မှာ သူတို့ကိုတွေ စကားပြောနေကြတယ်။ ငါတို့ ထိုင်းသွားမယ်။ သင်္ဘောကိုပို့ပေးမယ်။ ပိုက်ဆံရတယ်။ ဘာတယ်ဆိုတော့ ကျွန်တော်က နင့်တို့ဘာလုပ်ဖို့ သွားမှာလဲလို့ မေးတော့ ထိုင်းကို ကျွန်တော်တို့ လှေစီးဖို့တဲ့၊ လှေတော့ မင်းတို့မလိုက်နဲ့ အဆင်မပြေဘူး။ မင်းတို့ လှေလိုက်မယ့်အစား ကိုယ့်ဘာသာ ကိုယ့်ရွာမှာ ကောင်းရောင်း ကောင်းဝယ်လုပ်စားဆိုပြီး သူတို့ကို ပြောပြတယ်” ဟု မေတ္တာဆုံဆည်းအဖွဲ့ဝင် ဦးအောင်မျိုး ရှင်းပြသည်။

အဆိုပါ ၂၄ ဦးမှာ ညောင်ပင်ဆိပ်ရပ်ရှိ ဒေါ်သီတာအေး (ခ) သီတာ နေအိမ်၌ လဝက်နီးပါး ပိတ်လှောင်ခံထားရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင် ရန်စုဆောင်းခံလာရသော ကိုသိန်းထွန်းက ပြောကြားသည်။

“သားတို့အကုန်လုံး ၂၄ ယောက်ရှိတာ။ တစ်ယောက်ကတော့ ထွက်ပြေးသွားပြီး။ သားတို့ကိုလည်း အိမ်ထဲမှာ တံခါးတွေ သော့ခတ်ပြီးပိတ်ထားတယ်” ဟု မောင်သိန်းထွန်းက ပြောသည်။

အဆိုပါ အမှုကို အကူအညီပေးရန် ရောက်ရှိနေသော မေတ္တာဆုံဆည်းအဖွဲ့ဝင်များက ယင်းနေအိမ်သို့ ဝင်ရောက် ရန်ကြိုးပမ်းပြီး ပိတ်လှောင်ခံထားရသူများ ကိစ္စကို မေးမြန်းရာတွင် အဆိုပါ လူငယ်များကို စုဆောင်းခဲ့သူများက နေအိမ်အတွင်းဝင်ရောက်ခွင့် မပြုခဲ့ကြောင်း အဆိုပါ
အမှုကို အကူအညီပေးခဲ့သည့် မေတ္တာဆုံဆည်းအဖွဲ့က ဦးအောင်မျိုးက ပြောသည်။

“ကလေးတွေကို သူတို့ (ရဲတပ်ဖွဲ့ဝင်) ရဲစခန်းမှာစစ်တယ်။ စစ်ပြီးတော့ သူတို့မေးတာ မြန်းတာ ဒါပဲရှိတယ်။ ကျန်တဲ့အပိုင်းကျတော့ ကျွန်တော်တို့ ဝင်နားထောင်ပိုင်ခွင့်မရှိဘူး”ဟု ဦးအောင်မျိုးက ပြန်ပြောင်းပြောပြသည်။

အဆိုပါ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် စုဆောင်းခံလာရသော ကိုသိန်းထွန်း အပါအဝင် ငါးဦးမှာ ပိတ်လှောင်ခံထားရသော နေအိမ်မှ ခိုးထွက်စဉ် မေတ္တာဆုံဆည်း အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။

“သူတို့က ကျွန်တော်ပြန်ချင်တယ်တဲ့။ ကျွန်တော်တို့ကို မှတ်ပုံတင်မပေးဘူးတဲ့။ နင့်တို့ ပြန်မယ်ဆိိုရင် နင့်တို့ကို ခေါ်လာတဲ့ စရိတ်တွေဘာတွေ လျော်ရမယ်တဲ့။ အဲလိုသူတို့ ပြောတယ်ဆိုတော့ သားတို့ပြန်ချင်တယ်။ သားတို့ကို ကူညီပါဆိုလို့ မေတ္တာဆုံဆည်း အရပ်ဘက်ပရဟိတ
အဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီနွယ်ဆီ ကို ဆက်သွယ်အကြောင်းကြားပေးလိုက်တာ” ဟု ဦးအောင်မျိုးက ပြောသည်။

ထိုသို့ ပိတ်လှောင်ခံထားရကြောင်း သိရှိရပြီး ခြောက်ရက်မြောက်နေ့ ဇူလိုင်လ ၃ ရက်နေ့တွင် မော်လမြိုင်မြို့ စက်မှုဇုန်ုနယ်မြေရဲစခန်းတွင် အမှုဖွင့်ပြီး တရားဝင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း လိုင်စင်မရှိဘဲ အလုပ်သမားများစုဆောင်းခေါ်ဆောင်သူနှင့် စေခိုင်းသူ ဒေါ်သီ
တာအေး၊ (ခ) သီတာ၊ ဒေါ်သန်းကြည်မေ၊ ကိုအောင်ထွန်းစိန်နှင့် ကိုမိုးကျော်တို့ ၄ ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆  ဖြင့်ဖမ်းဆီးလိုက်သည်။

ထိုလူငယ်များကမူ ၎င်းတို့နေထိုင်ရာ ရခိုင်ပြည်နယ် သို့ပြန်သွားကြလေပြီဖြစ်သည်။

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မဖြင့် ၃ မှု၊ ပြည်ပအလုပ် အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် ၂ မှု၊ အရေးယူဆောင်ရွက်ခဲ့ရပြီး ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့အထိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မဖြင့် ၄ မှုအပြင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် တစ်မှုတို့ကို အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း မော်လမြိုင်မြို့ အမှတ် (၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုိင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာလုပ်သားများနှင့် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများကို ၂၀၁၅ ခုနှစ်က ပြည်တွင်းသို့ ပြန်လည်ပို့ဆောင်ခဲ့ရာ၌ မွန်ပြည်နယ်ဒေသခံအများဆုံး ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရ
သည်။

ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုိင်ငံတို့မှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သော လူကုန်ကူးခံရသူများနှင့် တရားမဝင် လုပ်သား ၅၆၁  ဦးထဲတွင် မွန်ပြည်နယ်မှ ၁၂၀ ဦးကျော် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်က ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် စုဆောင်းခံရသော လူငယ်များကမူ ထိုသို့သော ဒုက္ခဘေးမှ လွှတ်မြောက်ခဲ့ရသည်။ အဆိုပါ လူငယ်များ၏ ခရီးစဉ်ကားတစ်လနီးပါးကြာမြင့်ခဲ့သည်။

ထိုခရီးစဉ် မလိုက်ပါမီ အချိန်အတွင်း ကိုသိန်းထွန်းကို သတိပေးခဲ့သောသူရှိကြောင်း ယခုကဲ့သို့ ပြန်ပြောင်း ပြောပြခဲ့သည်။

“သားတို့ရွာမှာ ထိုင်းလိုက်ဖူးတဲ့သူရှိတယ်။ အဲဒီလူက သားတို့ကို ဖုန်းနဲ့ အဆက်အသွယ်ရတော့ နင့်တို့ကိုရောင်းစားမယ်။ နိုင်ငံခြားမှာ အကုန်လုံးရောင်းစားနေတယ်” ဟု သူကဆိုလေသည်။

ခေတ်မင်း

Leave a Reply