မွန်ပြည်နယ်အတွင်းရှိ တရားဝင် ခွင့်ပြုချက်မရှိသည့် ကျောက်မိုင်းထုတ်လုပ်နေမှုများကို ပိတ်သိမ်းရန် ညွှန်ကြားထားရှိပြီး ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုလာပါက မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

၁၉၄၇ ခုနှစ်စပြီး ကေလာသ သဘာဝဘေးမဲ့တောအဖြစ် သတ်မှတ်ထားသောနေရာ၌ ခေတ်အဆက်ဆက်တွင် တရားမဝင် ကျောက်မိုင်းများ ထုတ်လုပ်နေမှုကြောင့် သဘာဝသစ်တော ပျက်စီးပြုန်းတီးမှုများ ဖြစ်ပေါ်နေခြင်း အပေါ် တရားဝင်လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်နေသော ကျောက်မိုင်းများကို ပိတ်သိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီကျောက်မိုင်းက သစ်တောဦးစီးဌာနကိုလည်း အခွန်သွင်းထားတာ မဟုတ်ဘူး၊ ကျောက်ထုတ်လုပ်ခွင့် လိုင်စင်လည်း ရယူထားတာ မဟုတ်တဲ့အတွက်ကြောင့် ဒီနေရာမှာဆက်ပြီး ကျောက်ထုတ်နေမယ်ဆိုရင် သမိုင်းဝင် ကေလာသ သဘာဝဘေးမဲ့တောအတွက် ထိခိုက်စရာများလာနိုင်တယ်၊ သဘာဝဘေးမဲ့ဆိုတာက အဲဒီမှာရှိနေတဲ့ သစ်ပင်တွေ၊ သတ္တဝါတွေ ဖမ်းဆီးလို့တောင် မရတဲ့နေရာမှာ ကျောက်မိုင်းခွဲတဲ့ အဆင့်ထိကတော့ ဘယ်လိုသင့်တော်မှာလဲ၊ အဲတာကြောင့်မို့လို့ ပိတ်သိမ်းထားတာပါ”ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ကေလာသ သဘာဝ ဘေးမဲ့နယ်မြေအဖြစ် မြေဧရိယာ ၆၀၄၈ ဧကကျော် သတ်မှတ်ထားရှိခဲ့ပြီး လက်ရှိတွင် မြေဧရိယာ ၅၂၄၈ ဒသမ ၄၇၃ ဧကသာ ကျန်ရှိခဲ့သဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးတွင် ဘီးလင်းမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက အဆိုတင်သွင်းခဲ့ပြီး ယင်းကေလာသ သဘာဝနယ်မြေအတွင်းရှိ ကျောက်မိုင်းများကို ထာဝရပိတ်သိမ်းရန် မွန်ပြည်နယ်လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘီးလင်းမြို့နယ်၊ ကေလာသ သဘာဝနယ်မြေအတွင်းရှိ ပိတ်သိမ်းထားသော အကျဉ်းဦးစီး ကျောက်မိုင်းကို ပြန်ဖွင့်လှစ်ပေးရန် ဒေသခံ ကျောက်ထုတ်လုပ်သား ၂၀၀ ဦးနီးပါးခန့် မေ ၂ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Written by – ခေတ်မင်း

Leave a Reply