ပုသိမ်၊ အောက်တိုဘာ(၃)ရက်။

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၊ ခိုင်ရွှေဝါကျေးရွာတွင် အောက်တိုဘာ(၁)ရက်၊ ည(၁၂)နာရီအချိန် ခန့်၌ ပိုက်ဆံတောင်းရာမှ လင်မယားချင်း စကားများရန်ဖြစ်ပြီး ခင်ပွန်းဖြစ်သူက ဇနီးနှင့် မယားပါသမီး(၃)ဦးကို ဓါးနှင့်ခုတ်သတ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဘိုကလေးမြို့မ ရဲစခန်းမှ သိရှိရသည်။

ခိုင်ရွှေဝါကျေးရွာအနီးရှိ သဘက်ကြီးမြစ်ကမ်းဘေးတွင် ယာယီတဲဆောက်ပြီး နေထိုင်သည့် ကျော်ဌေး(၃၆) နှစ် သည် ဇနီးဖြစ်သူ မသန်းညွန့်(၃၀)နှစ်နှင့် ည(၈း၀၀)နာရီခန့်တွင် စကားများရန်ဖြစ်ပြီး အိမ်ပြင်ထွက်သွားခဲ့ကာ ည၁၂ နာရီခန့်တွင် အိမ်ပြန်ရောက်လာပြီး အိပ်ပျော်နေသည့် ဇနီးနှင့်မယားပါသမီး မအေးသန္တာ(၁၅)နှစ်၊ မအေးစန္ဒာ(၁၃)နှစ်နှင့် ပိစိ (၄)နှစ်တို့ကို ဓါးဖြင့်ခုတ်သတ်ခဲ့ကြောင်း သိရသည်။

“အရင်တုန်းကလည်း စကားများရန်ဖြစ်တာ မရှိခဲ့ဘူးလို့ သိရတယ်။ အခုဖြစ်တာလည်း မိန်းမကို ခုတ်တာကို ဘေးနားက သမီးတွေက ဝင်ဆွဲရင်း အကုန်သတ်မိသွားတာဖြစ်မယ်။ တရားခံကိုတော့ ဖမ်းဆီးထားပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ။”ဟု ဘိုကလေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး ငွေစိုးက ပြောသည်။

မသန်းညွန့်ယောကျာၤး သေဆုံးပြီးချိန် လွန်ခဲ့သည့်၂နှစ်ခန့်တွင် ထပ်မံအိမ်ထောင်ပြုခဲ့ခြင်းဖြစ်ပြီး သဘက်ကြီးမြစ်အတွင်း ကဏန်းထောင်ခြင်း၊ အနီးရှိလယ်များတွင် စာရင်းငှားဝင်ရောက်လုပ်ကိုင်ခြင်း စသည့်ဖြင့် အသက်မွေးဝမ်းကြောင်း  ပြုလုပ်နေသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့အိမ်ဘေးနားမြစ်ကမ်းဘေးမှာလဲ သူတို့လို ကဏန်းထောင် အသက်မွေးနေတဲ့ အိမ်(၂)အိမ် ရှိပေမယ့် အခင်းဖြစ်ပွားချိန်မှာ ရေထရက်ဖြစ်နေလို့ အလုပ်တွေ သွားလုပ်နေကြလို့ အဲ့ဒီအိမ်တွေလည်း လူရှိမနေခဲ့ဘူး။”ဟု ခိုင်ရွှေဝါကျေးရွာ ဒေသခံ ဦးစိုးလှိုင်က ပြောသည်။

အဆိုပါ လူ(၄)ဦးအား ဓါးဖြင့်ခုတ်သတ်ခဲ့သည့် ကျော်ဌေးအား ဘိုကလေးမြို့မ ရဲစခန်းမှ (ပ) ၂၂၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သိရသည်။  

Written by – MMK

Leave a Reply