Photo - Ss from MoHS

၂၀၂၀ ဩဂုတ် ၂၆

၂၄ နာရီအတွင်း အရေအတွက် ရာဂဏန်းချီပြီး ကိုဗစ်နိုင်တင်း လူနာသစ် တွေ့ရှိလာရချိန် ဩဂုတ် ၂၅ ညပိုင်းနှင့် ဩဂုတ် ၂၆ နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှလည်း လူနာသစ်တစ်ဦး ပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့သလို ၎င်းမှာ မွန်ဒေသခံများထဲမှ ရက်သတ္တတစ်ပတ်အတွင်း လေးဦးမြောက် လူနာသစ် စာရင်းဝင်ခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဩဂုတ် ၂၅ ညပိုင်းတွင် ပိုးတွေ့လူနာသစ် ၃၀ ဦး၊ နောက်တစ်ရက် နံနက်ပိုင်းတွင် ၇၀ ဦးဟူ၍ ဓာတ်ခွဲအတည်ပြုလူနာ ရာနှင့်ချီ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များတွင် ပြဆိုထားသည်။

ကိုဗစ်နိုင်တင်းရောဂါဆိုင်ရာသတင်းများ ထုတ်ပြန်ခဲ့သည့် ငါးလတာကာလတလျှောက် ဩဂုတ် ၂၅ ညပိုင်းက ပိုးတွေ့လူနာသစ်ဦးရေမှာ ကူးစက်သူ အများဆုံးပမာဏအဖြစ် စံချိန်တင်နိုင်သည့် အရေအတွက်ဖြစ်သလို နောက်တစ်ရက် နံနက် တွေ့ရှိသူဦးရေ ၇၀ မှာလည်း စံချိန်သစ် ထပ်မံ ဖြစ်ခဲ့ရသည်။

မော်လမြိုင်မြို့ခံ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးအပါအဝင် ပိုးတွေ့လူနာသစ် ၃၀ ဦး တိုးလာကြောင်း ဩဂုတ် ၂၅ ညပိုင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဩဂုတ် ၂၆ နံနက်ပိုင်း ပိုးတွေ့လူနာသစ် ၇၀ ဦး၏ အသေးစိတ်အချက်အလက်များကိုမူ (ယခု သတင်းရေးသားနေချိန်) ဩဂုတ် ၂၆ မွန်းတည့်ချိန်အထိ မထုတ်ပြန်သေးချေ။ ဓာတ်ခွဲစစ်ဆေးပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များ မထုတ်ပြန်နိုင်သေးဟု ဌာနက အကြောင်းပြပြီး ထပ်မံ ထုတ်ပြန်မည်ဖြစ်ကြောင်း အသိပေးထားသည်။

သို့ဖြစ်ရာ မည်သည့်ဒေသမှ မည်သူ ဖြစ်ကြောင်း မသိရှိရသေးခြင်းအပေါ် သို့လောသို့လော ဝေဖန်ပြောဆိုချက်များ လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့နေပြီး ပြည်သူများ စိုးရိမ်မှုမြင့်တက်နေသည်။ ကျန်းမာရေးဝန်ကြီးဌာနသတင်းကို စိတ်ဝင်တစားစောင့်ကြည့်သူ ဦးရေလည်း ပိုမိုများပြားလာခဲ့သည်။

လက်ရှိအနေအထားမှာ မြန်မာတွင် ပိုးတွေ့လူနာပေါင်း ၅၇၄ ဦး ရှိခဲ့ပြီဖြစ်ပြီး မော်လမြိုင်မှ ယခုလူနာမှာ လူနာအမှတ် ၄၈၂ ဖြစ်လာသည်။ ၎င်းမှာ ပြည်ပခရီးသွားရာဇဝင်ရော ပိုးတွေ့လူနာနှင့် ထိတွေ့မှုပါ မရှိခဲ့ချေ။ မော်လမြိုင်တွင် သွားလာမှုကန့်သတ် စောင့်ကြည့်ထားသူဖြစ်ပြီး မော်လမြိုင် ဆေးရုံကြီးတွင်ပင် ဆေးကုသမှုပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

ယင်းနေ့တွင် လူနာအမှတ် ၄၈၂ နှင့်အပြင် ရခိုင်ပြည်နယ်မှ ၂၆ ဦး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ တစ်ဦးစီတို့တွင်လည်း အလားတူ ပိုးတွေ့ရှိခဲ့သည်။

‌မော်လမြိုင်မြို့ခံ လူနာအမှတ် ၄၈၂ မှာ မွန်ပြည်နယ်မှ ရက်သတ္တ တစ်ပတ်တာအတွင်း လေးဦးမြောက် ပိုးတွေ့ရှိရသူ ဖြစ်လာသည်။ ရှေ့ပိုင်းလူနာ သုံးဦးနှင့် မတူသော အချက်မှာ သူမသည် ပြည်ပခရီးသွားရာဇဝင် မရှိခြင်း ဖြစ်သည်။

ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် အချက်အလက် မပါရှိသော်လည်း လူနာအမှတ် ၄၈၂ သည် မော်လမြိုင် သိမ်ကုန်းရပ်နေ ပညာရေးဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း ဒေသခံတို့က သိရှိနေနှင့်သည်။ လက်ရှိအချိန်တွင် သူမနှင့် ထိတွေ့နိုင်ခဲ့ဖွယ် ရှိသူများအနေဖြင့် သွားလာမှုကန့်သတ်ခံ ကျန်းမာရေးဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခံကြရန် ပရဟိတကွန်ယက်များက လှုံ့ဆော်ချက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသလို ဒေသခံအချင်းချင်း သတိပေးမှုများလည်း မြင့်တက်နေသည်။

လွန်ခဲ့သော ခုနစ်ရက်အတွင်း မွန်ပြည်နယ်မှ ကိုဗစ်နိုင်တင်းပိုးတွေ့လူနာများအဖြစ် ဘီးလင်းမြို့နယ်မှ ၃၄ နှစ်အရွယ် အိန္ဒိယပြန် အမျိုးသား တစ်ဦး (လူနာအမှတ် ၃၈၅)နှင့် ကျိုက်မရောမြို့နယ်မှ ၆၄ နှစ်အရွယ် အိန္ဒိယပြန် အမျိုးသားတစ်ဦး(လူနာအမှတ် ၃၈၆ )တို့မှာဩဂုတ် ၁၉ ကလည်းကောင်း၊ ပေါင်မြို့နယ်မှ ၂၁ နှစ်အရွယ် စင်္ကာပူနိုင်ငံပြန် အမျိုးသားတစ်ဦး(လူနာအမှတ် ၄၆၆)မှာ ဩဂုတ် ၂၄ ကလည်းကောင်း ‌တွေ့ရှိထားသည်။

၎င်းတို့ကို ရန်ကုန် ဝေဘာဂီဆေးရုံကြီးနှင့် တောင်ဥက္ကလာပ ဆေးရုံကြီးတွင် ဆေးကုသမှုပေးထားရာ ပထမနှစ်ဦးမှာ တစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ရခိုင်ပြည်နယ်မှာ ဆယ်ရက်မပြည့်မီမှာပင် လူ ၁၀၅ ဦး ရောဂါပိုးကူးစက်ခံခဲ့ရပြီး ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးပင် ပါဝင်နေကြောင်း ဝန်ကြီးဌာန စာရင်းများတွင် တွေ့ရသည်။ စစ်တွေမြို့နယ်ဒေသခံဖြစ်သည့် လူနာအမှတ် ၃၇၅ ကို သြဂုတ် ၁၆ ရက်တွင် တွေ့ရှိပြီးနောက်ပိုင်း သြဂုတ် ၂၅ ည အချိန်ထိ ရခိုင်တွင် ပိုးကူးစက်ခံရသူ ၁၀၅ ဦးအထိရှိလာပြီဖြစ်သည်။

ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန်နှင့် ရခိုင်ပြည်နယ်အပါအဝင် အခြားဒေသများသို့ ထပ်မံ မကူးစက်စေရန် ပြည်နယ်အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားနေသော မြို့နယ်များသို့/မှ ခရီးသွားလာမှုများ ရှိပါက ရောက်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ နီးစပ်ရာကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့  သတင်းချက်ချင်းပေးပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် ဝန်ကြီးဌာနက သတိပေးတိုက်တွန်းထားသည်။

ရခိုင်ရှိ လတ်တလော ကိုဗစ်အရေးနှင့်ပတ်သက်၍ “ဒီကိစ္စ အောင်မြင်ရေးက စစ်‌‌တွေတစ်ခုတည်း၊ ရခိုင်တစ်ခုတည်းက လုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ကျွန်မတို့ ပြည်ထောင်စုတစ်ခုလုံးက လုပ်ရမယ့်ကိစ္စပါ။ ဒါ‌ကြောင့်မို့ စောစောက ပြောသလို ကျွန်မတို့ရဲ့ အမျိုးသားကြိုးပမ်းဆောင်ရွက်မှုကြီး တစ်ခုအနေနဲ့ မြင်စေချင်ပါတယ်။ အားလုံး ဝိုင်းလုပ်မှ အောင်မြင်နိုင်မှာပါ။ အောင်လည်း အောင်မြင်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်”ဟု ကိုဗစ်နိုင်တင်း အမျိုးသားအဆင့် ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၂၄ ညပိုင်းတွင် နိုင်ငံပိုင် ရုပ်သံမီဒီယာကတဆင့် ပြည်သူသို့ ပြောခဲ့သည်။

ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့အပြင် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲ မြို့နယ်လေးခုကို အိမ်တွင် နေထိုင်ရန်(Stay at Home)အဖြစ် ကန့်သတ်သတ်မှတ်ကြောင်း အစိုးရက ဩဂုတ် ၂၅ ညတွင် အမိန့်ထုတ်ပြန်လိုက်သည်။

Written by Nay Minn Htoon(Hinthar Media)

<><><>

ပုံစာ – အာခေါင်တို့ဖတ် နမူနာ ရယူရန် ကျန်းမာရေးဝန်ကြီးဌာန သရုပ်ပြချက် မြင်ကွင်းတစ်ခု။

Leave a Reply