မော်လမြိုင်၊ သြဂုတ် ၈

ပြည်နယ် ပုဂ္ဂလိကယာဉ်လိုင်းများ စနစ်တကျပြေးဆွဲရေး ဥပဒေတွင် လိုအပ်ချက်များရှိနေသဖြင့် ပြန်လည် ပြင်ဆင်ရန် သုံးသပ်နေကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

အဆိုပါဥပဒေကို လက်ရှိ ကျင့်သုံးနေသော ၁၀ မြို့နယ်ရှိ ယာဉ်လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ (ယထက) များထံမှ အားနည်းချက်ဆိုင်ရာ အကြံပြုချက်များ ပေးပို့ရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

“ယာဉ်တွေ၊ ယာဉ်လုပ်သားတွေနဲ့ ခရီးသွားပြည်သူတွေက ဒီဥပဒေကို ကျင့်သုံးတဲ့နေရာမှာ ဘယ်လိုအဆင်ပြေလဲ၊ ဘယ်လိုအဆင်မပြေဘူးလဲ စသဖြင့် အားနည်းချက် အားသာချက်တွေကို သိလိုတဲ့အတွက် ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အကြံပြုချက်များကို ယထက ကော်မတီများအနေဖြင့် သြဂုတ် ၂၄ ရက် နောက်ဆုံးထား၍ လွှတ်တော်သို့ ပေးပို့ရန် ညွှန်ကြားထားကြောင်း၊ ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်း တင်ပြပေးရန် တိုက်တွန်းထားကြောင်း ဒေါ်တင်အိက ပြောသည်။

မွန်ပြည်နယ် ပုဂ္ဂလိက ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်က မွန်ပြည်နယ်လွှတ်တော်တွင် အတည်ပြု ပြဌာန်းခဲ့ခြင်း ဖြစ်ပြီး ဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ရန်အတွက် ဇူလိုင် ၃၀ ရက်က ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မွန်ပြည်နယ်လွှတ်တော်တာဝန်ရှိသူများ တွေ့ဆုံထားသည်။

သက်ပိုင်

Leave a Reply