Advertisements

ပုသိမ်၊ အောက်တိုဘာ ၁၁ ရက်။

လူမှုကွန်ရက်တွင် နာမည်ကြီးနေသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အလှပြင်ဆိုင်များ အပ်ချုပ်ဆိုင်များတွင် ဖုန်းများလိုက်လံခိုးယူနေသော အမျိုးသမီးအား အောက်တိုဘာလ ၁၀ ရက်က ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ သိရှိရသည်။

အဆိုပါ အမျိုးသမီးမှာ အလှပြင်ဆိုင်များတွင် အလှပြင်ခြင်း ခေါင်းလျှော်ခြင်းများ ပြုလုပ်ပြီးလည်းကောင်း၊ အပ်ချုပ်ဆိုင်များတွင် အထည်များအပ်ပြီးနောက် လူလစ်ချိန်များတွင် ဖုန်းများကို ခိုးယူခဲ့ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ သိရသည်။

“သူက အဲ့ဒီဆိုင်တွေကို သွားရင် ဆွဲကြိုးအကြီးကြီးတွေ လက်ကောက်အများကြီးတွေ ဝတ်သွားတော့ သူ့ကို သိပ်မထင်ကြဘူး။ ဝတ်သွားတာတွေကလည်း ရွှေအတုတွေပါ။ အဲ့ဒါဖုန်းပျောက်တာလည်း တစ်ဆိုင်ကို တစ်လုံး နှစ်လုံးထဲဆိုတော့ အမှုမဖွင့်ချင်ကြတာထင်ပါတယ်။”ဟု ပုသိမ်မြို့မ ရဲစခန်းမှ ရဲအုပ်ဇော်မင်းထွန်းက ပြောသည်။

ဖြစ်စဉ်မှာ ပုသိမ်မြို့ရှိ အလှပြင်ဆိုင်များနှင့် အပ်ချုပ်ဆိုင်များတွင် မကြာခဏဖုန်းများ ခိုးယူခံနေရကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းများ ပျံ့နှံ့ပြီးနောက် ပုသိမ်မြို့မှ ရဲတပ်ဖွဲ့ဝင်များက သတင်းလိုက်လံ စုံစမ်းခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၀ ရက်နေ့လည်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ခြင်းလုံးရုံအနီး လမ်းမပေါ်၌ အမျိုးသမီးအား တွေ့စဉ် ၎င်းကိုင်ဆောင်လာသော အိတ်အတွင်းမှ ငွေကျပ် (၁)သိန်းကျော်တန် ဖုန်း(၂) လုံး တွေ့ရှိရပြီး စစ်ဆေးမေးမြန်ရာ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံ တစ်ရာပြသနိုင်ခြင်း မရှိ၍ ရဲတပ်ဖွဲ့ဝင်များမှ အမျိုးသမီးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဖုန်းကအားသွင်းနေတုန်း ပြန်ကြည်တော့ မရှိတော့ဘူး။ အဲ့ဒီအဒေါ်ကြီးက ဆိုင်ကို လာနေကျဖြစ်တော့ သိပ်မထင်မိဘူး။ ဘယ်သူမှန်းမသိတာရယ်၊ အမှုဖွင့်ရင်သွားရလာရမှာအလုပ်ရှုပ်မှာကြောင့် အမှုမဖွင့်ဘဲ ကိုယ့်ဖေ့စ်ဘွတ်က သူငယ်ချင်းတွေသိအောင်ပဲ ဖုန်းတွေပျောက်နေတာကို တင်လိုက်တာ။”ဟု ပုသိမ်မြို့ ဘရဏီ အလှပြင်ဆိုင်မှ မမေသက်ထားက ပြောသည်။

ဖုန်းများလိုက်လံခိုးယူနေသူ အမျိုးသမီးမှာ ပုသိမ်မြို့၊ အမှတ်(၈) ရပ်ကွက်နေသူ မနှင်းဝေေ၀ဖြိုးဖြစ်ပြီး ၎င်းအား ပုသိမ်နယ်မြေ ရဲစခန်းမှ (ပ)၂၆၄/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply