ပူပြင်းသည့် နွေကာလ ကျန်းမာရေးနှင့် ညီညွတ်မျှတရေး နှိုးဆော်ချက် ထုတ်ပြန်

မော်လမြိုင် မတ်

ယခုအခါ ပူပြင်းခြောက်သွေ့သည့် နွေရာသီအခါသမယ၊ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်မားစွာရှိနေသည့် အချိန်ကာလကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မိဘပြည်သူများအနေနဲ့ ကျန်းမာရေးနှင့်ညီညွတ်မျှတစွာ နေထိုင် သွားလာ တတ်ရန် ကျန်းမာရေးဌာနက အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

အဆိုပါနှိုးဆော်ချက်တွင် နွေရာသီဥတု၏ပူပြင်းမှုကြောင့်ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားလာကာ၊ အပူဒဏ်အန ္တရာယ်ကြောင့်ဖောရောင်ခြင်း၊မိတ်နှင့်ယားနာများထွက်ရှိခြင်း၊ကြွက်တက်ခြင်း စသည့် ရောဂါဝေဒနာများအား ခံစားရရှိနိုင်ပါသည်ဟု ဖော်ပြထားသည်။

ယင်းအပြင် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊မူးမေ့ခြင်း တို့ကိုပါခံစားရရှိနိုင်ပြီး ပိုမိုပြင်းထန်လာပါက သတိလစ်သည်အထိ ဖြစ်ပေါ်လာနိုင်ကြောင်း ပါရှိသည်။

ထိုသို့ပင်ပန်းနွမ်းနယ်ခြင်း ခံစားရသူသည် ပျို့ခြင်း၊ဂနာမငြိမ်ဖြစ်ခြင်း၊ခေါင်းမူးနောက်ခြင်း၊ ကြွက်သားများတက်ခြင်းနှင့် အားပျော့ခြင်း၊ခေါင်းကိုက်ခြင်း၊ရေဆာခြင်း၊ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း စသည်တို့ ဖြစ်လာနိုင်သည်ဟု နှိုးဆော်ချက်တွင် ဆိုထားပါသည်။

ထို့ကြောင့် အပူဒဏ်ကြောင့်မလိုလားအပ်သည့် အကျိုးဆက်များမဖြစ်ပေါ်စေရန်အတွက် ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများနှင့်ဆီးချို၊နှလုံး၊သွေးတိုး ရောဂါအခံရှိသူများ နေ့လယ် နေ့ခင်းအချိန်များတွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာများတွင်နားနေရန်၊ပူပြင်းသည့်နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရန်၊အလုပ်လုပ်ရန်၊ သွားလာလှုပ်ရှားရန်လိုအပ်ပါကလည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ဦးထုပ်များဆောင်းရန်၊အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင် အဝတ်ထည်များ ဝတ်ဆင်ရန်၊နေပူမှ ပြန်လာပြီး ချက်ချင်းရေမချိုးရန်နှင့် နံနက် ၁၀ နာရီမှညနေ ၅ နာရီအထိ လွင်ထီးခေါင်နေရာ၊မြစ်ကမ်းရေချိုးဆိပ်တို့၌ အဝတ်လျှော်၊ရေချိုးခြင်းတို့ကိုရှောင်ကြဉ်ရန်၊အရက်သေစာသောက်စားခြင်းက အပူဒဏ်ကို ပိုမိုပြင်းထန်ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ရန်၊ရေနှင့်ဓာတ်ဆားများလုံလောက်စွာ သောက်သုံးရန်၊မိတ်နှင့်ယားနာဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊သနပ်ခါးလိမ်းခြင်းပြုလုပ်ရန် နှိုးဆော်ချက်တွင် ထပ်မံဖော်ပြထားသည်။

ဆက်လက်၍ အပူဒဏ်အန္တရာယ်ခံစားရသော လူနာရှိပါက အရိပ်ရ၍လေဝင်လေထွက် ကောင်းသောနေရာတွင် ထားရှိခြင်း၊ရေနှင့်ဓာတ်ဆားရည်များသောက်သုံံးစေခြင်း၊လူနာ၏ခန္ဓာကိုယ် အပူချိန် အမြန်ကျဆင်းစေရန် နဖူူး၊လည်ပင်း၊ချိုင်းကြားနှစ်ဖက်နှင့် ပေါင်ခြံနှစ်ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့ကို ဦးစွာ လုပ်ဆောင်ပြီးမှ နီးစပ်ရာ ဆေးရုံ၊ဆေးခန်း၊ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူကြရန် ထုတ်ပြန်နှိုးဆော်ထားကြောင်းသိရသည်။

လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.