Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၇

ပေါင်မြို့နယ်တွင် ပန်းခြံတစ်ခု တည်ဆောက်ပေးရန် အဆိုကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဇော်ထူးက တင်သွင်းခဲ့ရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက ကန့်ကွက်ခဲ့ပြီး စက်တင်ဘာ၇ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကြသော်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး မင်းကျော်လွင်က ကန့်ကွက်ခဲ့သည်။

“အခုချိန်မှာ ဘဏ္ဍာငွေ၊ ရန်ပုံငွေ လုံလောက်မှုမရှိသေးပါဘူး။ ပေါင်မြို့နယ်မှာ လိုအပ်နေတဲ့ ဈေးတောင် မလုပ်နိုင်သေးပါဘူး။ ပြည်သူတွေအမှန်တကယ် အခြေခံလိုအပ်ချက်က ဈေးလား၊ ပန်းခြံလားဆိုတာစဉ်းစားစရာဖြစ်နေပါတယ်”ဟု မင်းကျော်လွင်က ပြောကြားသည်။

ပန်းခြံမြေနေရာနှင့် တည်ဆောက်နိုင်ရေးတွင် ပြည်သူများက ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုပါက ဘဏ္ဍာငွေ၊ ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ကြိုးပမ်းဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအစိုးရသက်တမ်းအတွင်း အကောင်အထည်ပေါ်အောင် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တင်သွင်းသည့် အဆိုကို အတည်ပြုသင့်ခြင်း၊ မှတ်တမ်းတင်သင့်ခြင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ စဉ်းစားသုံးသပ်ပေးရန် ဝန်ကြီးက ထပ်လောင်းပြောကြားသည်။

အဆိုတင်သွင်းသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူးက “ပြည်သူလူထုအတွက် လိုအပ်နေတဲ့ အပန်းဖြေအနားယူစရာ၊ စိတ်အပန်းဖြေစရာနေရာတစ်ခု မရှိတဲ့အတွက် စိတ်မကောင်းဘူးပေါ့ဗျာ။ ကန့်ကွက်လိုက်တဲ့အတွက် မှတ်တမ်းတော့လွှတ်တော်မှာ ကျန်နေမှာပါ။ ဒီအဆိုကို အကောင်အထည်ဖော်ဖို့တော့ မဖြစ်တော့ဘူးပေါ့၊ ဖြေထားတဲ့ စကားလုံးတွေက အစလွဲချော်မှုတွေဖြစ်သွားတာပေါ့”ဟု ပြောသည်။

ပန်းခြံ တည်ဆောက်ရန်အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက စက်တင်ဘာ ၆ ရက်နေ့ကတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် လွှတ်တော်မှအတည်ပြုနိုင်ရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သုံးဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြသော်လည်း ယင်းအဆို ရှုံးနိမ့်ခဲ့သည်။

အဆိုတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ် ၂၉ဦးမှ ဆန္ဒမဲပေးရာတွင် ထောက်ခံမဲ ၁၁ မဲ၊ ကန့်ကွက်မဲ ၁၈ မဲရရှိသည့်အတွက် လွှတ်တော်မှ အတည်မပြုကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ကြေညာခဲ့သည်။

Written by – ခေတ်မင်း

Leave a Reply