မော်လမြိုင်၊ဇွန်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကတိုက်ဆည် ရင်းငြိမ်ရေထိန်းတံခါးတွင် နှုံးမြေ ပိတ်ဆို့မှု ဖြစ်ပေါ်နေခြင်းကြောင့် ကျေးရွာ ၁၁ ရွာ မှ မိုးစပါးစိုက်ဧက သုံးသောင်းခန့် ရေလွှမ်းမိုးမှုကြုံတွေ့နေရကြောင်းရေဘေးဒဏ်သင့် လယ်ပိုင်ရှင်များကပြောကြားသည်။

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေကြောင်း ဇွန်လ ၁၉  ရက်ကပေါင်မြို့နယ်ကတွန်ကျေးရွာတွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာပြောကြားခဲ့ခြင်းဖြစ်သည်။

ရေထိန်းတံတား အပြင်ဘက်မှာ နှုံးများ အနည်ထိုင်ပိတ်ဆို့နေပြီး ရေစီးရေလာ မရှိတော့ခြင်းကြောင့် မိုးရွာတိုင်းရေကြီးမှု ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအေးလွင်က ပြောကြားသည်။

“လွန်ခဲ့တဲ့ သုံးနှစ်လောက်က အစိုးရမှ နွေလယ်စိုက်ဧက တိုးမြှင့်လိုက်တဲ့အတွက် ရေ မလုံလောက်တာကြောင့် ရေတံတားကို အသေပိတ်လိုက်ပြီး ဆည်မှ ရေမတိုးတော့ဘဲ ရေလွှမ်းမိုးတာ ဖြစ်လာရတယ်”ဟု ၎င်းက ဆိုသည်။

ယင်းဆည်သည် နှုံးဖျော်ဆည်ဖြစ်သောကြောင့် ယခင်က ပြုလုပ်ခဲ့သည့်စနစ်အတိုင်း ပြန်လည်ရေလွှဲမှသာ အဆင်ပြေမည်ဖြစ်ကြောင်း လယ်ဆယ်ဧက ရေကြီးနစ်မြှုပ်မှုခံနေရသူဦးခင်ဇော်က ပြောသည်။

“မိုးရွာခဲ့ရင်လည်း သူဟာသူစီးဆင်းသွားမယ် အစိုးရအနေနှင့်လည်း ဘတ်ဂျက်အရ သက်သာမှုတွေ ရှိမယ်။ အဲ့အတွက်အစိုးရလည်း အကုန်အကျ ရှိတယ်၊ ကျွန်တော်တို့လည်း ဆုံးရှုံးမှုလည်း ရှိတယ်” ဟု ဦးခင်ဇော်က ဆိုသည်။

လွန်ခဲ့သည့် နှစ်နှစ်ကတည်းက မိုးစပါးများစိုက်ခင်းများ ရေလွှမ်းမိုးခြင်း ဒဏ်ခံနေရသော်လည်း ပျိုးပင်များ ပြန်လည်ရရှိခဲ့ပေမယ့် ယခုနှစ်အတွင်းမူ ပျိုးပင်အားလုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း လယ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ်ဖွားသန့်က ပြောသည်။

“ရေက လက်နှစ်လုံးလောက်လျော့ရင် မိုးပြန်ရွာလို့ တစ်တောင်လောက် တက်ရင် ရေက မလျော့တော့ဘူး အကုန်မြုပ်ရင် ရေကို ပြန်မရတော့ပြန်ဘူး” ဟု ဒေါ်ဖွားသန့်က ပြောသည်။

မိုးရာသီတွင် ရေကြီးမှုမဖြစ်ပေါ်စေဖို့အတွက် အစိုးရနှင့် ဆည်မြောင်းဌာနကို  နောက်ထပ်ဖြစ်ပွားခြင်း မရှိအောင် အကူအညီ ပေးစေလိုကြောင်း လယ်စိုက်တောင်သူ ဦးစိုးတင်က ပြောသည်။

ရင်ငြိမ်း ရေထိန်းတံခါးဦးစီးမှူး ဦးဇော်မိုးဝင်းကမူ အဆိုပါ မိုးစပါးစိုက်ခင်းများ ရေလွှမ်းမိုးသည့် ပြဿနာ ကြုံတွေ့နေရခြင်းနှင့် ပတ်သက်ပြီး“ နွေစပါးကို လျော့စိုက်မယ်ရေလမ်းကြောင်းပေးထားမယ်ဆိုရင် စက်နဲ့လည်း တူးစရာမလိုဘူး။ နဂိုအတိုင်း ပြန်ဖြစ်သွားမယ်” ဟု ဦးဇော်မိုးဝင်းကပြောသည်။

ကတိုက်ဆည်သည် နွေစိုက်လယ်ဧက တစ်သောင်းအတွက်သာပေးနိုင်ပြီး၊ပြီးခဲ့သည့်သုံးနှစ်ခန့်က နွေစိုက်လယ်ဧကတိုးလာသည့်အတွက် ရေလုံလောက်မှု ရရှိရန် တံခါးပိတ်ထားရခြင်းဖြစ်သည်ဟု၎င်းကထပ်လောင်း ပြောဆိုသည်။

ကတိုက်ဆည်ရေသောက် နွေစပါးစိုက်ပျိုးမှုကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ပြီး ယခုနှစ်တွင်ပေါင်မြို့နယ်ရှိ ရင်ငြိမ်းတောင်၊ပန်းကုံး၊ ကျုံဟော် စသည့် ကျေးရွာ ၁၁ ရွာမှ နွေစပါးစိုက်ပျိုးမှု ဧက ၂ သောင်းကျော် ရှိကြောင်း လယ်သမားများထံမှသိရသည်။

ရန်လင်းအောင်

Leave a Reply