Advertisements

မော်လမြိုင် မတ် ၃

မွန်ပြည်နယ် ပေါင်မြို့ရှိ သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်းကျေးရွာရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ပဒုမ္မာဆပ်ပြာစက်ရုံ၏ စွန့်ပစ်ရေများကြောင့် ရဲပြားကုန်း ကျေးရွာအတွင်းရှိ ရေသွယ်မြောင်း ရေတွင်း ရေကန်များတွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး၊ ယင်းစက်ရုံအား ပြည်နယ်အစိုးရ အဖွဲ့မှ ဖွဲ့စည်းထားသည့် စောင့်ကြပ်ကြည့်ရှုစစ်ဆေးရေး အဖွဲ့က ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ကပြောသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ မေးမြန်းခြင်းကိုဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်ရုံအား ဒေသခံများ တိုင်ကြားခြင်းကြောင့် ဇန်နဝါရီလက လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ သွားရောက်စစ်ဆေးခဲ့ပြီး ရဲပြားကုန်းကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းနေသော မြောင်းရေတွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိကာ၊ အဆိုပါရေများဖြင့် ဒေသခံများ ရာသီပေါ် သီးနှံ စိုက်ပျိုးနိုင်ရန်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ယင်း စက်ရုံကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များနှင့် ရေများ ဓာတ်ခွဲစမ်းသပ် တွေ့ရှိချက်များကို ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြခဲ့ပြီး၊ အထက်ပါစက်ရုံသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ရန် အကြောင်းကြားထားကြောင်း ၎င်းက ဆိုသည်။

ပဒုမ္မာဆပ်ပြာစက်ရုံသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ စက်ရုံတစ်ခုဖြစ်ပြီး ပေါင်မြို့နယ် ရဲပြားကုန်းကျေးရွာရှိ မြေ ၅၀ ဒသမ ၇၃ ဧကပေါ်တွင် ၂၀၀၂ ခုနှစ်မှ စတင်၍ တည်ဆောက်လည်ပတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တေဇ

Advertisements
<

Leave a Reply