(ဓါတ်ပုံ အညွှန်း – ဝိုင်းကြီးချုပ်ဖွဲ့ထားသူများက သမဝါယမ ချေးငွေကို ထုတ်ယူနေကြခြင်းဖြစ်သည်။)

မော်လမြိုင်၊ ဇန်နဝါရီ ၂၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သမဝါယမအသင်းမှ အသင်းသူ၊ အသင်းသားများအား တတိယအကြိမ်မြောက် ချေးငွေအဖြစ် ဇန်နဝါရီလမှ စတင်ထုတ်ချေးလျက်ရှိကြောင်း ပေါင်မြို့နယ် သမဝါယမ ဦးစီးမှူး ဒေါ်မိမိနိုင်က ပြောသည်။

(ဓါတ်ပုံ အညွှန်း – ဝိုင်းကြီးချုပ်ဖွဲ့ထားသူများက သမဝါယမ ချေးငွေကို ထုတ်ယူနေကြခြင်းဖြစ်သည်။)
(ဓါတ်ပုံ အညွှန်း – ဝိုင်းကြီးချုပ်ဖွဲ့ထားသူများက သမဝါယမ ချေးငွေကို ထုတ်ယူနေကြခြင်းဖြစ်သည်။)

အသင်းသားတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ချေးပေးခြင်းဖြစ်ပြီး ယင်းချေးငွေများကို အသင်းသားများ ကိုယ်တိုင် ထုတ်ယူရမည် ဖြစ်ကြောင်းနှင့် ချေးငွေပြန်လည်ပေးဆပ်ခြင်း မပြုပါက ဝိုင်းကြီးချုပ်အဖွဲ့မှ အညီအမျှ ပေးလျော်ရမည်ဖြစ်ဟု ပေါင်မြို့နယ် သမဝါယမ အသင်းထံမှ သိရသည်။

“သမဝါယမ အသင်းသားများကို ပိုက်ဆံထုတ်ချေးခြင်းအားဖြင့် သူတို့လုပ်ငန်းများ လုပ်ကိုင်ရာမှာ တစ်ဘက် တစ်လမ်းက အထောက် အကူပြုနိုင်ရန် ဖြစ်တယ်၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက်လည်း ဖြစ်တယ်”ဟု ဒေါ်မိမိနိုင်က ဆိုသည်။

ပေါင်မြို့နယ် သမဝါယမအသင်းနေဖြင့် အသင်းခွဲပေါင်း ၈၇ သင်းကို ဖွဲ့စည်းထားပြီး အသင်းသား ၁၀၀၀၀ ကျော်ရှိကာ ချေးငွေများကို တရုတ်နိုင်ငံ EXIM ဘဏ်၏ အကူအညီဖြင့် ထုတ်ချေးလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“သမဝါယမအသင်းက ကျွန်တော်တို့ တောင်သူလယ်သမားတွေကို အတိုးနှုန်း သက်သက်သာသာနဲ့ ချေးပေးလို့ သမဝါယမ အသင်းကို ကျေးဇူးတင်ပါတယ်၊ တစ်သိန်းလောက်ပဲချေးပေးတော့ အလုပ်လုပ်ကိုင်တဲ့ နေရာမှာ အနည်းငယ်ပဲ အထောက်အပံံ့ ဖြစ်စေတယ်”ဟု လယ်ယာလုပ်ငန်းရှင် ဦးဝင်းစိုးက ပြောသည်။

ပေါင်မြို့နယ်သမဝါယမအသင်းအနေဖြင့် ချေးငွေတစ်သိန်း ချေးပြီးသော အသင်းသူ အသင်းသားများအား သတ်မှတ်အရည်အချင်းများ ထားရှိပြီး ချေးငွေငါးသိန်းကိုထပ်မံ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပေါင်မြို့နယ် သမဝါယမအသင်းထံမှ သိရသည်။

“ကျွန်တော်တို့က အသင်းသူအသင်းသားအတွက် အတိုးနှုန်းကို တစ်ကျပ်ခွဲနှုန်းနဲ့ ထုတ်ချေးပေးတယ်၊ လုပ်ငန်းရှင်က ချေးယူမယ်ဆို အတိုးနှစ်ကျပ်နှုန်းနဲ့ ချေးပေးတာဖြစ်တယ်”ဟု မုတ္တမကျွဲခြံကျေးရွာ တိုးတက်လင်း သမဝါယမအသင်း ဥက္ကဋ္ဌ ဦးစံလှက ဆိုသည်။

သမဝါယမအသင်းဝင်မည့် အသင်းသားတစ်ဦးသည် အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊ သန်းခေါင်းစာရင်းနှင့် မှတ်ပုံတင် ရှိသူဖြစ်ခြင်း၊ ပိုင်ဆိုင်မှု အထောက်အထား ရှိရမည်ဖြစ်ပြီး စိတ်ပေါ့သွပ်နေသူ မဖြစ်ရကြောင်းလည်း စည်းကမ်းသက်မှတ်ထားသည်။

ထိုအချက်အများမှ တစ်ခုခုချို့ယွင်းခဲ့ပါက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ထုတ်ချေး ပေးမည်ဖြစ်ကြောင်း ဦးစံလှထွန်းက ပြောသည်။

သမဝါယမ ချေးငွေထုတ်ချေးရန် ဆန္ဒတူညီသူ ငါးဦးဖြင့် ဝိုင်းကြီးချုပ်ဖွဲ့၍ စာချုပ်ချုပ်ဆိုပြီး ငွေချေးလျှောက်လွှာ တင်ရမည်ဖြစ်ကြောင်းနှင့် ယင်းချေးငွေများကို သတ်မှတ်ကာလ မပြည့်မီ တစ်ပတ်အလိုနှင့် သက်မှတ်ကာလ ပြည့်ပြီး တစ်ပတ်အတွင်း အသင်းသို့ ကိုယ်တိုင် အရောက်ပေးသွင်းရမည်ဖြစ်ကြောင်း သမဝါယမ ချေးငွေထုတ်ယူသူများထံမှ သိရသည်။

Leave a Reply