Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံဟော် ကျေးရွာနေ ဦးအုန်းသွင်၏ အိမ်အနောက် ခြံဝင်းအတွင်းမှ ကြက်တိုက် လောင်းကစား ဝိုင်းကို နိုဝင်ဘာ ၁၃ ရက်က သထုံခရိုင် ရဲတပ်ဖွဲ့မှ ဝင်ရောက် ဖမ်းဆီး ခဲ့ရာ လောင်းကစား ပြုလုပ် နေသူ (၁၀) ဦးအား ဖမ်းဆီး၍ အမှုဖွင့် ထားကြောင်း သထုံ ဒုစရိုက်မှုခင်း နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ် အောင်သူက ဟင်္သာမီဒီယာသို့ အတည်ပြု ပြောကြားသည်။

“တရားခံ ၁၀ ယောက်၊ တိုက်ကြက် ငါးကောင်နဲ့ ဆိုင်ကယ် ၅၈ စီး၊ စက်ဘီးနှစ်စီး၊ လောင်းကြေးငွေက ၄၉၂၃၀၀ ကျပ်နဲ့ လောင်းကစားတဲ့ နေရာမှာရှိတဲ့ ဆက်စပ် ပစ္စည်းတွေကို သိမ်းဆည်း ရမိခဲ့တယ်”ဟု ရဲအုပ်အောင်သူက ပြောသည်။

ဖော်ပြပါ ခြံဝင်းတွင် လူ ၁၀၀ ခန့် ကြက်တိုက် လောင်းကစားပြု လုပ်နေကြောင်း သတင်းအရ သထုံခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်သူဦးဆောင်သည့် အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူး၊ အသိသက်သေများနှင့်အတူ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး နေအိမ် ခြံပိုင်ရှင် အပါအဝင် လောင်းကစား ပြုလုပ်နေသူ (၁၀) ဦးတို့အား လက်ရ ဖမ်းဆီး နိုင်ခဲ့ပြီး အမှုဖွင့် အရေးယူ ထားခဲ့ခြင်း ဖြစ်သည်။

ထို ၁၀ ဦး တို့မှာ ပေါင်မြို့နယ်နေ ဦးအေးချို ၅၀ နှှစ်၊ ဦးကျော်ဦး ၅၀ နှစ်၊ ဦးစိန်ဝင်း ၄၈ နှစ်၊ ဦးကျော်ကျော် ၄၅ နှစ်၊ ဦးကျော်စွာ ၄၅ နှစ်၊ ဦးဝင်းဇော် ၄၀ နှစ်၊ တင်ထွန်းနိုင် ၃၉ နှစ်၊ စိုးထက်ဦး ၂၃ နှစ်၊ ပိုင်ပိုင် ၂၂ နှစ်နှင့် ခြံပိုင်ရှင် ဦးအုန်းသွင်တို့ ဖြစ်ကြောင်း ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှုခင်း မှတ်တမ်းအရ သိရသည်။

၎င်းတို့အား ပေါင်မြို့မရဲစခန်းမှ (ပ) ၃၃၂/ ၂၀၁၇၊ လောင်းကစား ဥပဒေပုဒ်မ ၁၃ (က)/ ၁၄ (က) အရ အမှုဖွင့်၍ စစ်ဆေး လျက်ရှိကြောင်း ရဲအုပ်အောင်သူက ဆိုသည်။

Written by – ခေတ်မင်း
ဓါတ်ပုံ – ဝရဇိန် / ပေါင်

Advertisements
<

Leave a Reply