Advertisements

သထုံ၊ အောက်တိုဘာ ၁၂ ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကျိုက်ပေါင်းဆံတော်ရှင်စေတီဝန်းအတွင်းရှိ ဉာဏ်တော်အမြင့်(၆)ပေခန့်ရှိ ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်တစ်ဆူ၏ ဦးခေါင်းတော် အောက်တိုဘာ ၁၁ ရက်က ပြုတ်ကျခဲ့ခြင်းမှာ နှစ်ကာလကြာမြင့် ခြင်းကြောင့် ဆွေးမြေ့ပျက်စီးခြင်းဖြစ်ကြောင်း ကျိုက်ပေါင်းဆံတော်ရှင် ဂေါပကအဖွဲ့မှ သိရှိရသည်။

“ကျွန်တော်တို့က ဧည့်ခန်းမှာ စကားပြောနေရင်း အသံကြားလို့ သွားကြည့်တာ။ ဘုရားဦးခေါင်းက ရင်ပြင်တော် ပေါ်ကျနေပြီ။ ဘုရားဆင်းတုတော်ထဲမှာ ထည့်ထားတဲ့ သစ်သားတိုင်က ဆွေးပြီးပြတ်သွားတယ်။ နောက်ဘုရား က သဲရယ်၊ ထုံးရယ်လုပ်ထားတာဆိုတော့ ဦးခေါင်းတော်ဝိတ်ကိုမခံနိုင်ဘဲ ပြုတ်ကျတာပါ။ ဖြစ်တဲ့အချိန်မှာ လည်း ပတ်ဝန်းကျင်မှာ လေတိုက်တာ၊ မိုးရွာတာမရှိပါဘူး။ ဘုရားဆင်းတုတော်သက်တမ်းက တော်တော်ကြာ နေပါပြီ။”ဟု ကျိုက်ပေါင်းဆံတော်ရှင် ဂေါပကအဖွဲ့ ဒုတိယ ဥက္ကဌ ဦးစံသိန်းကပြောသည်။

လက်ရှိတွင် ပြုတ်ကျခဲ့သည့် ဦးခေါင်းတော်အား ဘုရားဂေါပကအဖွဲ့က ဘိလပ်မြေဖြင့် ပြန်လည်တပ်ဆင်၍ အကြမ်းထည်အဖြစ်လုပ်ဆောင်ထားပြီး မည်သည့် ပယောကကြောင့်မှ ဖြစ်ပွားရခြင်း မဟုတ်ကြောင်း ကျိုက်ပေါင်းဆံတော်ရှင် ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါဘုရားဆင်းတုတော်တည်ထားသည်မှာ မြန်မာသက္ကရာဇ် ၁၁၁ ခုနှစ်ကပင်ဖြစ်ပြီး ကျိုက်ပေါင်းဆံတော်ရှင်စေတီတော်မြတ်ကြီးအား တည်ထား

ကိုးကွယ်ထားသည်မှာလည်း နှစ်ပေါင်းထောင်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထိုင်တော်မူဗုဒ္ဓဆင်းတုတော်၏ လည်ပင်းမှ ဦးခေါင်းအထိ အလျား(၂)ပေ၊ လုံးပတ်(၄)ပေပတ်လည်ရှိပြီး ဦးခေါင်းနှင့် ကိုယ်လုံးတို့ကို ဆက်သွယ်မြုပ်နှံထားရှိသော သစ်သားချောင်းသည် ဆွေးမြေ့ကာ ဦးခေါင်း၏ အလေးချိန်အား ထိန်းထားနိုင်ခြင်း မရှိတော့သဖြင့် ပြုတ်ကျခဲ့ပြီး ဆင်းတုတော်အား ကာရံထားသည့် မှန်ဘောင်တံခါးမှာလည်း ကျိုးပျက်သွားခဲ့ကြောင်း သိရသည်။

Written by – MMK

 

Advertisements
<

Leave a Reply