မော်လမြိုင်၊ စက်တင်ဘာလ
ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ပေါင်းစည်းထားပြီးသော တိုင်းရင်းသားနိုင်ငံရေးပါတီ (၅) ပါတီမှ ရန်ကုန်မြို့ရှိ Summit Parkview Hotel တွင် စက်တင်ဘာလ ၃ ရက်မှ ၅ ရက် အထိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီတာဝန်ရှိသူများထံမှ သိရသည်။
ယင်းတွေ့ဆုံဆွေးနွေးမှုမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KSDP)၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့ တက်ရောက်ခဲ့ကြကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ဆိုသည်။
“အဓိကတော့ မြေယာနဲ့သယံဇာတ သဘာဝ ပတ်ဝန်းကျင် ဆွေးနွေးခဲ့တယ်။ အဲဒီအပေါ်မှာ ဘယ်လိုပညာပေးသွားမလဲ ၊ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာကိုတော့ မူဝါဒ ရေးဆွဲဖို့ ဆွေးနွေးတဲ့သဘောပါပဲ”ဟု မွန်ညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ချမ်းတွဲ့က ပြောသည်။
လက်ရှိပြည်နယ် (၅) ခုအတွင်းရှိ ပေါင်းစည်းထားပြီးသော တိုင်းရင်းသား နိုင်ငံရေးပါတီ (၅) ပါတီနှင့် အတူ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။
လက်ရှိကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲတွင်တိုင်းရင်းသားပါတီ (၅) ပါတီမှ ဥက္ကဋ္ဌများအားလုံး မျက်နှာစုံညီ တက်ရောက်ခဲ့ကြကြောင်း နိုင်လယိတမက ပြောသည်။
ပြည်နယ်များအတွင်းရှိ ပေါင်းစည်းထားပြီးသော တိုင်းရင်းသား နိုင်ငံရေးပါတီများသည် ရန်ကုန်မြို့ရှိ ချင်းစင်တာ (Chin Center) ၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ပထမအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရွှေရိုး