မွန်ပါတီများပေါင်းစည်းရေး၊ မွန်နိင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ Australia တွင် ရောက်ရှိနေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျကို ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းထားမှုအား ဖော်ပြလိုက်ပါသည်။ko-min-zayya

ဟင်္သာမီဒီယာ ။ ။ မွန်ပါတီပေါင်းစည်းရေး လက်ရှိအနေအထားကို ဘယ်လိုသုံးသပ်ပါသလဲ။

MZY ။ ။ လက်ရှိအနေအထားအရ မွန်ပါတီသုံးပါတီ ပေါင်းစည်းရေးကိစ္စအပေါ်မှာ မွန်ပြည်သူလူထုတွေကတော့ စိတ်မကောင်းဘူး။ သူတို့ကတော့ တစ်ခုတည်းသော မွန်နိုင်ငံရေးပါတီ ဖြစ်စေချင်တယ်။ အမှန်ကတော့ ပြည်သူတွေလိုချင်တဲ့ တစ်ခုတည်းသော ညီညွတ်သော မွန်ပါတီတစ်ခု ဖြစ်စေချင်တာကတော့ ဖြစ်သင့်တဲ့ဆန္ဒပေါ့နော်။ ခုလောလောဆယ်မှာ အဲ့လို မဖြစ်နိုင်တဲ့ အပေါ်မှာတော့ စိတ်မကောင်းစရာပေါ့။ ဖြစ်လာအောင်လည်း ကြိုးစားနေတယ်လို့လည်း သတင်းကြားတယ်။ မကြာမီမှာ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိ်ုင်ငံရေး အပြောင်းအလဲမှာ လူမျိုးတိုင်း လူမျိုးတိုင်းက ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး၊ တန်းတူရေးအတွက်ကို ဆောင်ရွက်နေတဲ့အချိန်မှာ ညီညွတ်ရေးက အရမ်းအရေးကြီးတယ်။ ညီညွတ်မှပဲ အားရှိမယ်။ အားရှိမှပဲ ကိုယ်လိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ရောက်မှာကိုး။ အဲ့ဒါကြောင့်လည်း မွန်လူမျိုးတွေ မွန်ပြည်သူတွေ လိုလားနေတဲ့ တစ်ခုတည်းသော နိုင်ငံရေးပါတီဖြစ်စေဖို့ မွန်ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကြိုးစားရမယ်။ မွန်နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူတိုင်းလည်း ဒါကိုဦးတည်ချက်ထားပြီး ဒါကိုကြိုးစားရမယ်။ မွန်နိုင်ငံရေး ခေါင်းဆောင်တွေကလည်း ဒါကိုနှလုံးသွင်းပြီးတော့ လက်ရှိမြန်မာနိ်ုင်ငံရဲ့ နိုင်ငံရေးလိုအပ်ချက်အရ ငါတို့ မွန်လူမျိုးတွေကို ဦးဆောင်တဲ့ တစ်ခုတည်းသော မွန်နိုင်ငံရေးပါတီဖြစ်ရမယ်ဆိုတဲ့ အမြင်အမှန် စေတနာအမှန်နဲ့ လုပ်မယ်ဆိုရင်တော့ တစ်ခုတည်းသော မွန်နိုင်ငံရေးပါတီ ပေါ်ပေါက်လာမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။ အဲ့လိုမျိုး မွန်နိုင်ငံရေးပါတီ မဖြစ်နိုင်ဘူးဆိုရင်တော့ မွန်လူမျိုးတွေရဲ့ ကိ်ုယ့်ကြမ္မာကိုယ်ဖန်တီးရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အဓိကရည်ရွယ်ချက်ကို ရောက်ဖို့ခက်ခဲတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မွန်အရေးကို မွန်လုပ်မှဖြစ်မှာကိုး။ အဲ့တော့ မွန်အရေးကို မွန်လုပ်ဖို့ဆိုတော့ မွန်တွေညီညွတ်မှဖြစ်မှာလေ။ အဲ့ဒီသဘောတရားတွေ မွန်ပြည်သူတွေကြားမှာ စိမ့်ဝင်နေအောင် ကျွန်တော်တို့ လိုက်လံစည်းရုံးရမှာဖြစ်သလို၊ မွန်နိုင်ငံရေး ခေါင်းဆောင်တွေထဲမှာလည်း ပုဂ္ဂိုလ်စွဲတွေ အဖွဲ့အစည်းစွဲတွေ ဝါဒစွဲတွေကို ရှေ့တန်းမထားဘဲနဲ့ မွန်ချစ်စိတ်နဲ့ပဲ မွန်နိုင်ငံရေးပါတီတစ်ခု တည်းဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းချင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ မွန်အမျိုးသားပါတီ ဥက္ကဋ္ဌဖြစ်တဲ့ ဆရာကြီးနိင်ငွေသိမ်းက မွန်ပါတီတွေ ပေါင်းစည်းဖို့ မဖြစ်နိုင်ဘူး။ သူအပါအဝင် လက်ရှိပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ ပါတီကနေ နုတ်ထွက်စာ တင်ထားတဲ့အပေါ်မှာရော ဘယ်လိုသုံးသပ်လဲဗျ။

MZY ။ ။ ဆရာကြီးနဲ့ ပတ်သက်ပြီး ကျွန်တော်ဆရာကြီးနဲ့ နီးနီးကပ်ကပ်နေခဲ့ဖူးတော့ ဆရာကြီးခံယူချက်နဲ့ သူရဲ့အမြင်ကိုတော့ လေးစားပါတယ်။ အသိအမှတ်လည်းပြုပါတယ်။ လက်ရှိအခြေအနေမှာက မြန်မာနိုင်ငံမှာ မွန်အမျိုးသားထဲမှာ အရင့်ကျက်ဆုံးနဲ့ အတည်ငြိမ်ဆုံး အပြည့်အဝဆုံး မွန်တိုင်းရင်းသားခေါင်းဆောင်ကို ပြပါဆိုရင် ကျွန်တော်သူ့ကိုပဲ မြင်တယ်။ အဲ့တော့ သူရဲ့သဘောထားပေါ်မှာလည်း ကျွန်တော် အလေးအနက်ထားပါတယ်။ ဒီကိစ္စမှာလည်း ပေါင်းစည်းရမယ်ဆိုတဲ့ အသိပေါ့ဗျာ။ သူရဲ့အသက်အရွယ် သူရဲ့ကျန်းမာရေးအရက တချို့ကိစ္စတွေမှာလည်း သူလုပ်ချင်တာ လုပ်လို့မရတာလေးတွေကို ကျွန်တော်မြင်တယ်။ အဓိကပြဿနာက ပေါင်းစည်းလို့ မရဘူးဆိုတာက ပေါင်းစည်းနိုင်သော စွမ်းအားရှိတဲ့ ခေါင်းဆောင်ပေါ့ ကျွန်တော်တို့ မွန်လူမျိုးတွေမှာ မရှိသေးဘူးလို့ ယူဆရမှာပဲ။ ဘာကြောင့်လဲဆိုတော့ သမိုင်းအစဉ်အလာအရ လုပ်သက်အရ အဆင်ပြေပေမယ့် သူ့ရဲ့အသက်အရွယ်အရ ထင်သလောက် မလှုပ်ရှားနိုင်တော့ ဦးဆောင်မှုကို အပြည့်အဝ မပေးနိုင်ဘူးပေါ့ဗျာ။ ဦးဆောင်မှုကို အပြည့်အဝ ပေးနိင်ရင်တော့ ကျွန်တော်ယုံကြည်တယ်ဗျ၊ မွန်ပါတီတွေ တစ်ပါတီတည်း ဖြစ်မယ်ဆိုတာ ယုံကြည်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကသာ တည်တည်ငြိမ်ငြိမ်လှုပ်ရှားခဲ့ရင် မွန်တစ်ပါတီပဲ ဖြစ်မယ်ဗျ။ ဒါပေမယ့် ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေနဲ့ အသက်ကြီးလာတဲ့ မွန်နိုင်ငံရေးခေါင်းဆောင်ရဲ့ အနေအထားအရ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးနယ်ပယ်ရဲ့ အပြောင်းအလဲအရ ကွာခြားမှုတွေ ရှိနေသေးတယ်။ သို့သော် တကယ်တမ်း ခေါင်းဆောင်ကောင်းတွေပေါ်လာရင် အဲ့ဒီခေါင်းဆောင်ကောင်းတွေရဲ့ ခိုင်မာတဲ့ယုံကြည်ချက်နဲ့ ပြတ်သားသော စွမ်းဆောင်မှုသာ ပေးနိုင်မယ်ဆိုရင်တော့ မွန်ပေါင်းစည်းရေးဖြစ်လာမယ်လို့ ကျွန်တော်မျှော်လင့်နေတုန်းပါပဲ။

ဟင်္သာမီဒီယာ ။ ။ မွန်ပါတီခေါင်းဆောင်မရှိဘူးဆိုတော့ မွန်နိုင်ငံရေးလောကမှာ ခေါင်းဆောင်ရှိလာနိုင်မယ်လို့ ယူဆပါသလား။

MZY ။ ။ ကျွန်တော့်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ခေါင်းဆောင်ဆိုတာက ဖန်တီးယူလို့မရသလို မွေးလို့လည်း မရပါဘူး။ သူရဲ့ပါရမီနဲ့ သူ့ရဲ့စွမ်းဆောင်မှုပေါ့နော်။ ကျွန်တော်တို့ မွန်လူမျိုးတွေကို ခေါင်းဆောင်နိင်မယ့် ခေါင်းဆောင်ကောင်းတွေ ရှိပြီးသားပါ။ ရှိလည်းရှိနေပါတယ်။ အဲ့ဒီခေါင်းဆောင်ကောင်းတွေကို သူ့နေရာနဲ့သူ မဖော်နိုင်သေးတာ။ ဒါမှမဟုတ်ရင် ခေါင်းဆောင်ကောင်းတွေ ပေါ်လာမယ့် အချိန်အခါ မရောက်သေးတာ တစ်ခုခုပေါ့နော် သဟဇာတဖြစ်လောက်တဲ့ အခြေအနေတစ်ရပ် မဖြစ်သေးလို့လည်း အခုလိုမျိုးကွဲပြားမှုတွေ တကယ့်ခေါင်းဆောင်ကောင်းတွေက ငုပ်နေတယ်လို့ ကျွန်တော်ထင်တယ်ဗျ။ အချိန်ရောက်လာရင်တော့ ခေါင်းဆောင်ကောင်းတွေပေါ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မွန်လူမျိုးတွေဟာ သမိုင်းကြောင်းအရ ဘယ်တုန်းကမှ မညံ့ခဲ့ပါဘူး။ အမြဲတမ်း ရှေ့တန်းကနေ ဦးဆောင်ခဲ့တဲ့ အရည်အချင်းကရှိပြီးသား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အကုန်လုံး သမိုင်းကြောင်းရှိပါတယ်။ သို့သော် ခုအခြေအနေက ခုနကပြောသလိုပေါ့ ဖြစ်နေတဲ့အပြောင်းအလဲအပေါ်မှာ လိုက်လျောညီထွေသွားနိုင်တဲ့ ဦးဆောင်မှုအပိုင်းတွေကို ပေါ်ထွန်းလာမယ့် အလားအလာတွေကိုမြင်ပေမယ့် အကြောင်းအချင်းအရာပေါ်မှာ မူတည်တယ်။ တစ်နည်းအားဖြင့် တော်လှန်ရေးအပေါ်မှာ မူတည်မယ်။ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲကြမယ်ဆိုရင်တော့ ခေါင်းဆောင်ကောင်းတွေ ပေါ်ကိုပေါ်လာမယ်လို့ ယုံကိုယုံကြည်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ မွန်ပါတီတွေ တစ်ပါတီတည်း ပေါင်းစည်းနိုင်ရင် မွန်နိုင်ငံရေးအခြေအနေက ဘယ်လို ဖြစ်လာနိုင်မလဲ။

MZY ။ ။ မွန်နိုင်ငံရေးပါတီတစ်ခုပဲ တည်ဆောက်နိုင်မယ်ဆိုရင် မွန်တစ်မျိုးသားလုံးရဲ့ စည်းလုံးမှု ပျော်ရွှင်မှု ညီညွတ်မှုတွေကို အပြည့်အဝ ရရှိမယ့်အပြင် မွန်နိုင်ငံရေး ဦးဆောင်မှုကိုလည်း ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မယ်။ ပြည်ထောင်စု အရေးမှာလည်း တစ်နိ်ုင်ငံလုံးအရေးမှာလည်း မွန်တွေဟာ မွန်နိုင်ငံရေးသမားတွေနဲ့ မွန်ပါတီတွေဟာ ထိထိရောက်ရောက်နဲ့ ဦးဆောင်မှုအခန်းကဏ္ဍရှိတဲ့ အလားအလာတွေကို ကျွန်တော်မြင်တယ်ဗျ။ မွန်နိုင်ငံရေးမှာ မွန်တွေက တစ်ခုတည်းသော ပါတီအဖြစ် ရပ်တည်နိုင်ခြင်းသည် မွန်တစ်မျိုးသားလုံးအရေးအပြင် ပြည်ထောင်စုအရေးပါ အရေးပါတယ်လို့ ကျွန်တော် အလေးအနက် ပြောချင်တယ်ဗျ။ ဖြစ်ပြီးခဲ့တဲ့ နိင်ငံရေးသမိုင်းမှာ မွန်နိုင်ငံရေးသမားတွေဟာ အမြဲတမ်း နိုင်ငံရေးဦးဆောင်မှုကို ပေးနိုင်ခဲ့တဲ့လူတွေဆိုတာ ကျွန်တော်ကိုယ်တွေ့ သိခဲ့ရတယ်။ ကြုံခဲ့ရတယ်။ ဒါကြောင့် နောက်နောင်လည်း မွန်နိုင်ငံရေးခေါင်းဆောင်တွေက မွန်နိုင်ငံရေးတင်မက ပြည်ထောင်စုအရေးကိုပါ ဦးဆောင်နိုင်သော ခေါင်းဆောင်တွေ ပေါ်ထွန်းလာမယ်လို့ ကျွန်တော်မျှော်လင့်တယ်။ တစ်ခုတော့ရှိတာပေါ့ ဘယ်အရာမဆို အလကားတော့မရဘူး။ တည်ဆောက်ရမယ် ကြိုးစားရမယ် ရုန်းကန်ရမယ် ဖန်တီးရမယ်။ အခုဖြစ်ပေါ်နေတဲ့ အနေအထားအရ ရုန်းကန်ဆဲကာလ တည်ဆောက်ဆဲကာလလို့ ကျွန်တော်မြင်တယ်။ မြန်မာနိင်ငံမှာ အုပ်စုကွဲတယ် အဖွဲ့အစည်းကွဲတယ်ဆိုတဲ့ ကိစ္စကလည်း မြန်မာ့နိင်ငံရေးသမိုင်းရဲ့ အစဉ်အလာတစ်ခုလို ဖြစ်နေတယ်။ မွန်လူမျိုးတစ်မျိုးတည်းတင် မဟုတ်ဘူး လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ အဖွဲ့အစည်းစွဲတွေ ဝါဒစွဲတွေ အများကြီးပဲ။ ဒီလိုဖြစ်ရတာကလည်း သမိုင်းအစဉ်အဆက်မှာ အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေလို့ပဲ ကျွန်တော်မြင်တယ်။ ပြည်သူတစ်ရပ်လုံးပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဆွံ့အသွားအောင် ပျက်စီးသွားအောင် သူတို့က ဖျက်ဆီးခဲ့တာ။ ပြောရမယ်ဆိုရင် သမိုင်းတရားခံကသူတို့ပဲ။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ကို ရမယ်ရှာပုံချနေလို့ မပြီးဘူးလေ။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ တည်ဆောက်ရမယ် ဖန်တီးရမယ်။ အခြေအနေကပေးနေပြီ။ အရင်တုန်းက လူမျိုးတစ်မျိုးချင်းပဲဖြစ်ဖြစ် နိ်ုင်ငံတစ်နိုင်ငံအနေနဲ့ နိုင်ငံရေးအရ ပေါင်းစည်းဖို့ နိုင်ငံရေးအရ ဆုံတွေ့ဖို့ပြောဆိုဖို့ လုပ်ကိုင်ဖို့ အခြေအနေ မပေးခဲ့ဘူးဗျာ။ အခုက အခြေအနေပေးနေပြီ။ အခြေအနေ ပေးတာကလည်း သိပ်မကြာသေးတော့ ဒီကြားကာလမှာ ကွဲလွဲမှုတွေ မတူညီကွဲပြားမှု ဆန့်ကျင်မှုတွေ ရှိလိမ့်မယ်။ မကြာမီအချိန်မှာ အသားကျသွားပြီးတော့ တကယ့်ပကတိ စစ်မှန်တဲ့နိင်ငံရေးကို ကျွန်တော်တို့ မွန်လူမျိုးတွေ တိုင်းရင်းသားလူမျိုးတွေ ပိုပြီးတော့ နားလည်လာပြီးတော့ ပြည်ထောင်စုအရေးကို အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။

ဟင်္သာမီဒီယာ ။ ။ မွန်ပြည်သစ်ပါတီက NCA မှာလက်မှတ်မရေးထိုးထားတာကို ဘယ်လိုသုံးသပ်ပါသလဲ။

MZY ။ ။ လက်မှတ်မထိုးဘူးဆိုပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်လို့ ကျွန်တော်ယုံကြည်တယ်။ တကယ်ပဲ မငြိမ်းချမ်းတဲ့ ဒေသမှာနေခဲ့ရတဲ့ သူတွေသာလျှင် မငြိမ်းချမ်းတဲ့ ဒုက္ခကို ပိုသိပြီးတော့ ငြိမ်းချမ်းရေးကို ပိုလိုလားပါတယ်။ အဲ့ဒါကြောင့် မွန်ပြည်သစ်ပါတီအပါအဝင် မငြိမ်းချမ်းတဲ့ ဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ တိုင်းရင်းသား အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးကို ပိုပြီးတော့ လိုလားတယ်။ သို့သော်ငြိမ်းချမ်းရေးအတွက် အခြေခံကျသော ဒီမိုကရေစီ နိုင်ငံရေး သဘောတူညီချက်တွေဟာ အဆိုးသံသရာထဲမှာ လည်လာတဲ့အခါကျတော့ ပြည်သူလူထုထဲမှာ ပြီးပြည့်စုံသော သဘောတူညီချက်ရယူဖို့ လိုအပ်ဦးမယ်လို့ ကျွန်တော်ထင်တယ်။ သို့သော်ဒီအချိန်မှာ သိသာထင်ရှားတဲ့ ကိစ္စတစ်ခုကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ စားပွဲပေါ်မှာ ဖြေရှင်းမယ်ဆိုတဲ့ ယဉ်ကျေးမှုကို တော်တော်များများ တည်ဆောက်ပြီးပြီ။ ဒါကိုလက်ခံယုံကြည်နေကြပြီဆိုတဲ့ အခါကျတော့ မကြာမီအချိန်အတွင်းမှာ အားလုံး သဘောတူနိုင်တဲ့ အားလုံးလက်ခံနိုင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရမှသာ စစ်မှန်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိင်ငံကို တည်ထောင်နိုင်မှာကိုး။ ငြိမ်းချမ်းရေးကို လက်မှတ်ထိုးဖို့ဆိုတာကတော့ အင်မတန်မှအရေးကြီး ဆွေးနွေးတိုင်ပင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ကြားကာလမှ မထိုးသေးတာလို့ ကျွန်တော်ယုံကြည်တယ်။ အားလုံးသော အခြေခံသဘောတရားတွေကို နားလည်လက်ခံသွားပြီဆိုရင်တော့ အားလုံးလက်ခံနိုင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးစာချုပ်ကြီး ပေါ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ မွန်နိုင်ငံရေးမှာ မွန်တိုင်းရင်းသားလူငယ်တွေ ပါဝင်မှုအားနည်းတာကိုတွေ့ရတယ်။ အဲ့ဒါကိုဘယ်လိုထင်လဲ။

MZY ။ ။ ယေဘုယျပြောရရင်တော့ တခြားသောတိုင်းရင်းသားပါတီတွေမှာ တည်ဆောက်နေတဲ့ နိုင်ငံရေးပုံစံနဲ့ ကျွန်တော်တို့မွန်တွေမှာ တည်ဆောက်နေတဲ့ နိုင်ငံရေးပုံစံမှာ နိုင်ငံရေးဦးဆောင်မှုကို လူကြီးတွေက နေရာယူမှုနဲ့ လူငယ်တွေပါဝင်မှု အချိုးအစားနဲ႔ပြောရရင်တော့ ကျွန်တော်တို့ မွန်နိုင်ငံရေးပါတီမှာ လူငယ်တွေပါဝင်မှုအရမ်းကို အားနည်းနေတယ်လို့မြင်မိတယ်။ တကယ်တမ်းရေရှည် နိုင်ငံရေးကိုတည်ဆောက်မယ်ဆိုရင် နိုင်ငံရေးလူကြီးတွေက လူငယ်တွေကိုတွဲပြီးတော့သွားရမှာဖြစ်တယ်။ နိ်ုင်ငံရေးလူငယ်တွေကို မွေးထုတ်ရမယ်။ သူတို့ကိုနေရာပေးရမယ်။ အခွင့်အရေးပေးရမယ်။ ဒါမှပဲအနာဂတ်နိုင်ငံရေးမှာ ခိုင်မာတဲ့ပြီးပြည့်စုံတဲ့ နိုင်ငံရေးပါတီဖြစ်မှာပေါ့နော်။ အဲ့တော့ ဒါပေမယ့် လောလောဆယ်မှာတော့ မွန်နိုင်ငံရေးလောကမှာတော့ ပြည်ထောင်စုမှာရှိတဲ့ နိုင်ငံရေးပါတီအားလုံးမှာ ဒီလူကြီးလူငယ်ပြဿနာအများကြီးရှိကြတယ်။ ခုနကပြောသလိုပေါ့ သွေးကွဲမှုပြဿနာ နိင်ငံရေးသင်းသတ်မှုပြဿနာတွေကြောင့် ဒီအခက်အခဲတွေကြုံနေတယ်လို့မြင်တယ်။ ကျွန်တော်တို့ ဒါတွေကိုကျော်လွှားနိုင်မယ်ဆိုရင်တော့ ခုနကအခြေအနေကောင်းတွေပေါ်လာမယ်။ ကျော်လွှားဖို့က ဘယ်လိုကျော်လွှားရမလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ထိတွေ့မှု တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံမှုတွေ နိုင်ငံရေးပတ်သက်တဲ့ လေ့လာတာတွေ သင်ကြားတာတွေကို အရှိန်မြှင့်ပြီးတော့ ဒါတွေကိုလုပ်ဆောင်ပေးမှသာလျှင် လူငယ်မျိုးဆက် နိုင်ငံရေးလူငယ်မျိုးဆက်တွေ ပေါ်ထွန်းလာမယ် မွေးထုတ်လာနိုင်မယ်။ နိင်ငံရေးလူကြီးတွေရဲ့ တာဝန်တွေကို လက်ဆင့်ကမ်းယူနိုင်မှာပေါ့နော်။ အထူးသဖြင့် ကျွန်တော်တို့ မွန်နိုင်ငံရေးလောကမှာ မွန်လူငယ်တွေတော်တော်များများ နိင်ငံရေးလောကကို တိုးဝင်လာတာကို ဝမ်းသာစရာတွေ့ရတယ်။ သို့သော် စနစ်ကျသော နိင်ငံရေးအတွေးအခေါ် ခိုင်မာသော နိုင်ငံရေးယုံကြည်မှုတွေ ဖြစ်ပေါ်လာဖို့ စနစ်တကျ သင်ယူလေ့လာဖို့ လိုအပ်သေးတယ်လို့ ယူဆတယ်။ လေ့လာမှုဖြစ်လာအောင်လည်း မွန်လူမျိုးနိ်ုင်ငံရေးသမားဟောင်းကြီးတွေ မွန်ပညာရှင်တွေက ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ဖို့ ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်းချင်တယ်။ နောက်ပြီးတော့ မွန်လူငယ်တွေကလည်း လက်ရှိအချိန်မှာ မွန်တစ်မျိုးသားလုံးကောင်းစားရေး ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီးတော့ တန်းတူညီမျှတဲ့ အုပ်ချုပ်မှုဖြစ်တယ်ဆို နိင်ငံရေးကို စိတ်ဝင်စားဖို့ နိင်ငံရေးကို ထဲထဲဝင်ဝင်စိတ်ဝင်စားဖို့ အာရုံသွင်းနှလုံးသွင်းထားဖို့ အလေးအနက် တိုက်တွန်းချင်တယ်။

ဟင်္သာမီဒီယာ ။ ။ အစ်ကိုက လက်ရှိသြတြေးလျကို ရောက်နေတယ်ဆိုတော့ အဲဒီက မွန်တိုင်းရင်းသားတွေနဲ့ ဘာတွေဆွေးနွေးဖြစ်သေးလဲ။

MZY ။ ။ အဓိကကတော့ ကျွန်တော်ခုနက ကပြောတဲ့ သြဇီရောက်နေတဲ့ မွန်တော်တော်များများကလည်း မြန်မာနိင်ငံမှာ ဖြစ်ပေါ်နေတဲ့ မွန်နိုင်ငံရေးကို စိတ်ဝင်စားကြတယ်။ မွန်ပါတီတွေ ကွဲနေတဲ့အပေါ်မှာလည်း စိတ်မကောင်းဖြစ်ကြတယ်။ နောက်ပြီးတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီနိင်ငံမှာနေထိုင်တဲ့ ကာလအတွင်းမှာ မြန်မာနိင်ငံမှာရှိနေတဲ့ မွန်တွေအတွက် သူတို့ဘာတွေ လုပ်ပေးနိုင်မလဲဆိုတဲ့ စိတ်ဆန္ဒတွေရှိကြတယ်။ မွန်လူငယ်တွေရော မွန်လူကြီးတွေရော ကန်မရာမှာလုပ်တဲ့ Public Meeting မှာ မွန်အဖွဲ့အစည်းပေါ့ AMA ပေါ့ Australia Mon Association ဦးဆောင်ပြီးလုပ်တဲ့ မွန်လူထုတွေ့ဆုံပွဲမှာ အဓိကကတော့ ကျွန်တော် ခုနကပြောတဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ မွန်နိင်ငံရေးအခြေအနေ၊ မြန်မာ့နိင်ငံရေးအခြေအနေကို ဆက်စပ်ပြီးတော့ ရှင်းပြခဲ့တဲ့အပြင် သြဇီမှာရောက်နေတဲ့ မွန်တွေကလည်း မြန်မာပြည်မှာရှိနေတဲ့မွန်တွေအတွက် အတတ်နိုင်ဆုံး ပံ့ပိုးဖို့ ကူညီဖို့ တစ်ယောက်နဲ့ တစ်ယောက်ညီညီညွတ်ညွတ်ပေါ့နော် မြန်မာပြည်မှာရှိနေတဲ့ မွန်အရေးကို ပိုပြီးတော့အာရုံစိုက်ဖို့နဲ့ သြဇီမှာရောက်နေတဲ့ တစ်နည်းအားဖြင့် ပြည်ပမှာရောက်နေတဲ့ မွန်တိုင်းရင်းသားအားလုံးက ပြည်တွင်းမှာရှိတဲ့ မွန်လူမျိုးတွေနဲ့ ခိုင်ခိုင်မာမာနဲ့ ပတ်သက်နေတဲ့အကြောင်း မြန်မာနိုင်ငံမှာရှိတဲ့ မွန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို တိုးတတ်လာဖို့ ခိုင်မာလာဖို့က ပြည်ပမှာရှိတဲ့မွန်လူမျိုးတွေရဲ့ တာဝန်သိစိတ် မျိုးချစ်စိတ်အပေါ်မှာအခြေခံတဲ့အကြောင်း၊ ဒီတာဝန်သိ မျိုးချစ်စိတ်ကို အခြေခံပြီးတော့ ပြည်ပမှာရှိတဲ့ မွန်အမျိုးသားရေး ပြည်တွင်းမှာရှိတဲ့ မွန်နိုင်ငံရေးပါတီတွေနဲ့ ချိတ်ဆက်ပြီးတော့ ကိုယ်တတ်နိုင်သလောက် လူမှုရေးနိုင်ငံရေးတွေမှာ ပူးပေါင်းပြီးတော့ လုပ်ဆောင်ပေးဖို့ နှိုးဆော်တိုက်တွန်းခဲ့တယ်။

ဟင်္သာမီဒီယာ ။ ။ ကိုမင်းဇေယျက မွန်တိုင်းရင်းသားဖြစ်တဲ့အတွက် မွန်နိုင်ငံရေးမှာ ဘယ်လိုရပ်တည် ဆောင်ရွက်မလဲ

MZY ။ ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်လည်းမွန်အမျိုးသားလို့ခံယူထားတဲ့အတွက် မွန်နိုင်ငံရေးမှာ အမြဲတမ်းသေတဲ့အထိပါဝင်နေမှာပဲလေ။ ဦးဆောင်မှုအခန်းကဏ္ဍက မွန်နိုင်ငံရေးမှာ အပြည့်အဝအကာအကွယ်ပေးဖို့က လောလောဆယ်ကအခြေအနေမပေးသေးဘူး။ ကျွန်တော်က ပြည်ထောင်စုအရေးကို လုပ်ဆောင်နေတဲ့အတွက်ကြောင့် မွန်အမျိုးသားရေးတစ်ခုတည်းကိုပဲ ဇောင်းပေးပြီးလုပ်လို့မရဘူး။ လောလောဆယ်အခြေအနေမပေးသေးတဲ့အတွက်ကြောင့် မွန်နိုင်ငံရေးအားကောင်းလာဖို့ မွန်နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွေအားကောင်းလာဖို့ကို တတ်စွမ်းသရွှေ့ ပြည်တွင်းပြည်ပမှာ လိုက်လံပြီးတော့ ဟောပြောတယ် စည်းရုံးတယ် ပံ့ပိုးကူညီမှုတွေလုပ်ပေးတယ်။ ကျွန်တော်ခုလိုမျိုးမွန်နိုင်ငံရေးမှာ ထိထိရောက်ရောက်ပါဝင်ပြီးဦးဆောင်မှုမပေးနိုင်တဲ့အပေါ်မှာလည်း ကျွန်တော်ရဲ့ လက်ရှိနိုင်ငံရေးအနေအထားအရ နိုင်ငံရေးအနေအထားအရဆိုတာက ကျွန်တော် ၁၉၈၈ ကစပြီးတော့ ခုချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်လို့ တော်လှန်ရေးခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ လှုပ်ရှားနေတဲ့အခါကျတော့ ဒီအချိန်ကျမှ မွန်တစ်မျိုးသားတည်း ကြည့်မယ်ဆိုရင်လည်း အခြေအနေအခြေခံကမသိဘူးပေါ့ဗျာ။ ကျွန်တော်က လောလောဆယ်မှာတော့ မွန်အမျိုးသားရေးတစ်ခုတည်းကိုလုပ်ဆောင်မပေးနိုင်ဘူးဆိုပြီး ကျွန်တော်မွန်အမျိုးသားတွေနဲ့တွေ့တိုင်း မေတ္တာရပ်ခံထားတယ်။ ဒါပေမယ့်ကျွန်တော်ရဲ့ ယုံကြည်ချက် မျှော်လင့်ချက်ကတော့ မွန်အမျိုးသားရေးနဲ့ မွန်လူထုရဲ့ ရည်မှန်းချက်အောင်မြင်ရေးဟာကျွန်တော်ဘဝရဲ့ ရည်မှန်းချက်ဟာ ထပ်တူဖြစ်တဲ့အကြောင်း ကျွန်တော်ကိုယ့် ကျွန်တော်ခံယူထားပါတယ်

ဟင်္သာမီဒီယာ။ ။ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

Written by – ဆုမင်းကို

Leave a Reply