ပေါင်းစည်းပြီးနောက် တစ်လအလွန်

(မွန်နိုင်ငံရေးပါတီ ပေါင်းစည်းခြင်းရေချိန်)

မွန်ပါတီများ ပေါင်းစည်းမှုသည် ယခုဆိုလျှင် တစ်လကျော် ကြာပြီ ဖြစ်၏။

အစုအဖွဲ့ သုံးခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMDP ၊ မွန်အမျိုးသား ပါတီ MNP နှင့် မွန်ကိုယ်စားပြု ပါတီ တည်ထောင်လိုသူအစုအဖွဲ့တို့၏ ပေါင်းစည်းခြင်းပင်။

ထို အစုအဖွဲ့ သုံးခုသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်က ပေါင်းစည်းကြောင်း လက်မှတ်ရေးထိုး၍ မွန်ပါတီ ဟူသော အမည်သစ်ကို မွန်ပြည်သူထံ အသိပေးခဲ့သည်။

သို့သော်လည်း ယခုအခါ ပါတီသစ်၏ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပါတီ မှတ်တင်ရေး ကိစ္စရပ်များအတွက် အလျှင်အမြန် လုပ်ဆောင်ရန် မွန်နိုင်ငံရေး လုပ်ဆောင်သူ အချို့က ဆန္ဒပြင်းပြနေ၏။

ပေါင်းစည်းရေး တရားဝင် ဖြစ်ရေး အမြန် လုပ်ဆောင်ရန် တိုက်တွန်းရခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ မီရေးအတွက် ဖြစ်သည်ဟု မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ အစုအဖွဲ့ ဒုတိယ ခေါင်းဆောင် ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

မွန်ပါတီများသည် ပေါင်းစည်းပြီးနောက် အောက်တိုဘာ ၁၁ ရက်က ပေါင်းစည်းရေး ကော်မတီ အစည်းအဝေး တစ်ရပ် ခေါ်ယူခဲ့သည်။

ထိုအစည်းအဝေးတွင် ယင်းကော်မတီ ဖျက်သိမ်းကြောင်းနှင့် ပါတီသစ် ဗဟိုကော်မတီဝင် အသစ် တိုးချဲ့ ဖွဲ့စည်းကြောင်း အတည်ပြုနိုင်ခဲ့သည်။

အစည်းအဝေး ဆုံးဖြတ်ချက်အရ ပေါင်းစည်းရေး ကော်မတီ ၁၅ ဦးအဖွဲ့အား ရုပ်သိမ်းခဲ့သည့်အပြင် ပြင်ပ အင်အားစုများ ဖြစ်သော အရပ်ဘက်လူမှုအဖွဲ့အစည်း – CSO တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အယောက် ၂၀ ကို ဗဟိုကော်မတီ၊ ဗဟိုအလုပ်မှုဆောင်များအဖြစ် ထပ်မံ ထည့်သွင်း အတည်ပြုခဲ့၏။

ထိုအခြေအနေကြောင့် မွန်ပါတီသည် ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ၆၁ ဦး၊ ဗဟိုကော်မတီဝင် ၁၄၀ ဦးအထိ ရှိလာခဲ့သည်။

ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွင် MNP မှ ၂၂ ဦး၊ AMDP ၂၂ ဦး၊ မွန်ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ အစုအဖွဲ့မှ ၉ ဦး၊ CSOနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၈ ဦး ၊ စုစုပေါင်း ၆၁ ဦး ဖြစ်၏။

ဗဟိုကော်မတီဝင်၌မူ MNP ၅၀ ဦး၊ AMDP ၅၀ ဦး၊ မွန်ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ အစုအဖွဲ့ ၂၀ ဦး၊ CSOနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၂၀ ဦး ၊ စုစုပေါင်း ၁၄၀ ဦး ဖြစ်လာခဲ့သည်။

လတ်တလော အခြေအနေများကို ဆောင်ရွက်ရန်အတွက် နိုင်တင်အောင် (MNP) ဦးဆောင်သော ယာယီ ဥက္ကဋ္ဌ အဖွဲ့နှင့် အတွင်းရေးမှူး အဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်။

ထို့အပြင် အောက်တိုဘာ ၁၇ ရက်ကလည်း ပေါင်းစည်းထားသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသားပါတီ ခေါင်းဆောင် အချို့ တွေ့ဆုံထားသည်။

တွေ့ဆုံပွဲမှာ အလွတ်သဘော တွေ့ဆုံခြင်းသာ ဖြစ်ပြီး၊ ပါတီသစ်၏ ရှေ့လုပ်ငန်းစဉ်အတွက် ဆွေးနွေးကြခြင်း ဖြစ်သည်ဟု နှစ်ဖက်ပါတီ ခေါင်းဆောင်များက ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ ပေါင်းစည်းရေး နောက်ဆက်တွဲ လုပ်ငန်းစဉ် အခြေအနေကို မွန်အမျိုးသားပါတီနှင့် မွန်ပါတီ တွဲဖက် အတွင်းရေးမှူး (၁) နိုင်လယိတမက ယခုလို ပြောဆိုသည်။

“ပေါင်းစည်းရေး လုပ်ငန်းစဉ်ကတော့ ပြီးမြောက်သွားပြီး၊ ရှေ့လုပ်ငန်းစဉ်ကိုတော့ ပါတီသစ်ကို လွှဲအပ်ထားတယ်၊ ပါတီသစ်ကတော့ နိုဝင်ဘာ ၃ ရက်နေ့မှာ CEC အစည်းအဝေး ခေါ်ပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်သွားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

အစည်းအဝေးတွင် ပါတီ မှတ်ပုံတင်ရေး၊ ပါတီ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း စည်းကမ်းများ ရေးဆွဲရေး၊ အောက်ခြေ မြို့နယ် အဆင့် ၊ ကျေးရွာအဆင့် ပါတီဝင် ပေါင်းစည်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားဖို့ ရှိနေသည်ဟု ၎င်းက ပြောဆို၏။

၎င်းနှင့်အတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ AMDP ပါတီနှင့် မွန်ပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဖြစ်သူ နိုင်စံတင်က ယခုလို ပြော၏။

“နိုဝင်ဘာ ၃ ရက်မှာ ယာယီ CEC အစည်းအဝေး ခေါ်မယ်၊ လုပ်ငန်းကော်မတီတွေ ဖွဲ့သွားဖို့ ရှိတယ်”ဟု ဆိုသည်။

ယင်းအစည်းအဝေး၌ ပါတီ မှတ်ပုံတင်ရေး လေ့လာစုံစမ်းရေး ကော်မတီ၊ စီမံခန့် ခွဲရေး ကော်မတီ၊ ဘဏ္ဍာရေး ကော်မတီ၊ အောက်ခြေ ပါတီအဆင့် ပေါင်းစည်းရေး ကော်မတီတို့ကို ဖွဲ့စည်းရန် တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကော်မတီဖွဲ့တဲ့ နေရာမှာ ကိုယ့်အဖွဲ့ ကိုယ်ရွေးပေါ့၊ ဒီလို ရွေးတဲ့ နေရာမှာလည်း အလုပ်လုပ်နိုင်တဲ့ သူကို ရွေးပေါ့၊ ရွေးပြီးတော့ အလုပ်မလုပ်နိုင်တဲ့ သူလည်း မဖြစ်စေချင်ဘူး”ဟု နိုင်စံတင်က ဆို၏။

မည်သို့ပင်ဖြစ်စေ ပါတီသစ်၏ ဆောင်ရွက်နေမှု အခြေအနေကို မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ အစုအဖွဲ့ ခေါင်းဆောင်၊ မွန်ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နိုင်တလညီကို ဟင်္သာမီဒီယာက မေးမြန်းရာမှတော့

၎င်းက “လာမယ့် နိုဝင်ဘာ ၃ ရက်မှာ အစည်းအဝေး ရှိတယ်၊ အဲဒီအစည်းအဝေးမှာပဲ ရှေ့လုပ်ငန်းစဉ်အတွက် ဆွေးနွေးသွားကြမယ်၊ အစည်းအဝေးပြီးမှပဲ အားလုံးကို ပြောနိုင်မယ်”ဟု ဆိုသည်။

လက်ရှိ အခြေအနေကို ဒေါက်တာ အောင်နိုင်ဦးက ဥပဒေအရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ပထမအဆင့်အနေဖြင့် နှစ်ပါတီ ပေါင်းစည်းထားသော အခြေအနေကို ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး လက်မှတ်၊ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းနှင့် တကွ တင်ပြမည်ဟု ၎င်းက ထောက်ပြပြောဆိုသည်။

ယင်းအပြင် နှစ်ပါတီ၏ ပိုင်ဆိုင်မှုများအား တစ်ပါတီတည်း ဖြစ်ရေး သဘောတူညီချက်များကိုပါ ကော်မရှင်နှင့် အပြန်အလှန် ဆောင်ရွက်ရဦးမည်ဖြစ်သောကြောင့် ယခုအချိန်ကတည်းက ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်နေသည်ဟု ၎င်းက ပြောသည်။

AMDP နှင့် MNP တို့သည် ပါတီ ပေါင်းစည်းကို ကော်မရှင်နှင့် အပြန်အလှန် လုပ်ဆောင်ပြီးပါ ပါတီသစ်၏ အလံ၊ တံဆိပ်၊ စည်းမျဉ်းများကို အကျေအလည် ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုကဲ့သို့ ဆွေးနွေးမှုများ ပြီးမြောက်ပါကလည်း မှတ်ပုံတင်ရေးအတွက် ပါတီ တည်ထောင်လိုသူ ၁၅ ဦးအမည်ဖြင့် ကော်မရှင်ထံ တင်ပြရဦးမည့်အပြင် တင်ပြပြီးပါက ခွင့်ပြု သင့် မသင့်၊ ကန့်ကွက်သူ ရှိ မရှိ အချိန်များကို စောင့်ဆိုင်းရမည့် အခြေအနေကြောင့် အနည်းဆုံး အချိန် ၆လ ခန့် ကြာနိုင်ကြေင်း ဒေါက်တာ အောင်နိုင်ဦးက သုံးသပ်ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ မွန်ပါတီသစ် တရားဝင်ဖြစ်ရေးအတွက် နိုင်စံတင်က ယခုလို မှတ်ချက်ပြု၏။

“အချိန်ကာလကတော့ သတ်မှတ်လို့ မရဘူး၊ လုပ်ငန်းကော်မတီတွေ ဖွဲ့ပြီး၊ မြန်နိုင်သလောက် မြန်အောင် လုပ်မယ်”ဟူ၍။

လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.